ကော့သောင်းမြို့တွင် ဧရိယာမြေကွက်ဖော်ဆောင်ခြင်းကို စီမံကိန်းဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်ကို တာဝန်ယူ ထားသူများနှင့် ကော့သောင်းမြို့နယ်ရှိ လုပ်ငန်းရှင်သုံးဦးတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက် ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ယခုလိုဖော်ဆောင်သည့်နေရာတွင် မြေကွက်တစ်ကွက်ကို ၄၀ ပေ၊ ၆၀ ပေ၊ ၃၀ ပေ၊ ၅၀ ပေနှင့် သတ်မှတ်ဖော်ဆောင်ပြီး မြေကွက် ၁၀ ကွက်ဖော်ဆောင်တိုင်း နိုင်ငံတော်မှ နှစ်ကွက်၊ ဖော်ဆောင်သူက ရှစ်ကွက်၊ နောက်ပြီး မြေကွက် ၁၀ ကွက်ဖော်ဆောင်တိုင်း နိုင်ငံတော်က သုံးကွက်နှင့် ဖော်ဆောင်သူက သုံးကွက်နှုန်းနှင့် နှစ်ဖက်သဘောတူ၊ အကျိုးတူ ဖော်ဆောင်ခြင်းဖြစ်ပါကြောင်း၊ မြေကွက်ဖော်ဆောင်သည့်နေရာတွင် အောင်သုခရပ်ကွက် မြေကွက် ဖော်ဆောင်ရေးကို ဦးမာမန်း ကဖော်ဆောင်ခြင်းဖြစ်ပြီး ကျောင်းမြေနေရာ၊ ဈေးမြေနေရာ၊ ပန်းခြံမြေနေရာ၊ ဆေးပေးခန်းမြေ နေရာတို့ကို နိုင်ငံတော်အတွက် ဖော်ဆောင်ရန်တာဝန်ယူရပါကြောင်း၊ စီမံကိန်း ကာလမှ ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်ဖြစ်ပါကြောင်း၊ စီမံကိန်းကာလပြီးဆုံးသွားသော်လည်း မိမိတို့ဖော်ဆောင် နေသည့် ဈေးကိုစည်ပင်သို့အပ်နှံခြင်းမရှိသည့်အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို စည်ပင်ခွန် စီစဉ်ချိန်မရှိပါကြောင်း၊ နောက်တစ်ခါ အေးရိပ်ငြိမ်ရပ်ကွက် တော်ဝင်အိမ်ရာမြေကွက်ကို ဦးတင်မြင့် အမိမြေက ဖော်ဆောင်ပြီး စီမံကိန်းကာလမှ ၁၉၉၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ဖြစ်ပါကြောင်း၊ အေးရိပ်ငြိမ် ရပ်ကွက်တွင်ရှိသည့် ဝန်ထမ်းအိမ်ရာမြေကွက်နှင့် စက်မှုဇုန်(၁)နှင့် စက်မှုဇုန်(၂)ကို ဦးကျော်ငြိမ်း က ဖော်ဆောင်ပြီး စီမံကိန်းကာလမှ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၂ ခုနှစ်ထိ ဖြစ်ပါကြောင်း၊ မြေကွက် ဖော်ဆောင် သည့်ရပ်ကွက်များက စည်ပင်ဧရိယာတွင်ကျရောက်ပြီး အဆောက်အဦခွန်နှင့် အညစ်အကြေးခွန်ကို စည်ပင်ကရရှိသော်လည်း ၎င်းတို့ဖော်ဆောင်ခဲ့သည့်လမ်းကြမ်းကို စည်ပင်သာယာ၏ ဘဏ္ဍာငွေမှ နေပြီး လမ်းချောဖြစ်အောင် ဆောင်ရွက်ပေးခဲ့ရခြင်းဖြစ်ပါကြောင်း၊ ဒီနေရာတွင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၇ ပုဒ်မခွဲ(က)တွင် နိုင်ငံတော်သည် မြေအားလုံး မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် လေထုအတွင်းရှိ သယံဇာတပစ္စည်းများ၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟု ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် မြေကွက်များကို ဖော်ဆောင်နေသူများသည် မြေကွက်များကိုလက်ရှိထားပြီး စီမံခန့်ခွဲနေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့်အပြင် မြေကွက်များကို နိုင်ငံတော်ကိုစည်ပင်ခွန် စီးဆင်းခြင်း လည်းမရှိပါကြောင်း၊ ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝင်ငွေခွန်တိုးရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ရန်အတွက် ကော့သောင်းမြို့အတွင်း မြေကွက်များကို စီမံကိန်းအဖြစ် ဖော်ဆောင်နေသူများကို မိမိတို့ဖော်ဆောင်နေသည့် မြေကွက်များကို နိုင်ငံတော်သို့ မည်သည့်ကာလတွင် အပ်နှံမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် အိမ်ရာမြေကွက် စီမံကိန်းဖော်ဆောင်သူများသည် ၁၉၉၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့အတွင်းရေးမှူး(၁)၏ ၁၉၉၄ ခုနှစ် ကော့သောင်းခရီးစဉ် တွင် မှာကြားချက်အရ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနတိုင်းမှူး၏ ညွှန်ကြားချက် နှင့်အညီ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ စွန့်လွှတ်မြေဧရိယာ ၁၂၇.၈၂ ဧကကို မြို့ပြအိမ်ရာစီမံကိန်း ဖော်ထုတ်ရန်အတွက် Power Point တွင် တင်ပြပါအတိုင်း လုပ်ငန်းရှင်များနှင့် အကျိုးတူဖော်ထုတ်ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါ ကြောင်း၊ လုပ်ငန်းရှင် ဦးတင်မြင့် အမိမြေအိမ်ရာစီမံကိန်းက ဧရိယာ ၃၈ ဧက အချိုးကျခွဲဝေမှု ရာခိုင်နှုန်း အနေဖြင့် အစိုးရ ၂၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းရှင် ၈၀ ရာခိုင် နှုန်း ဦးမာမန်း(ခေါ်)ဦးစိုးမြင့် တစ်မိုင် သဲထပ် အိမ်ရာစီမံကိန်းမှ ဧရိယာ ၂၁.၁၆ ဧက အချိုးကျခွဲဝေမှုရာခိုင်နှုန်းများဖြင့် အစိုးရ ၂၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းရှင် ၈၀ ရာခိုင်နှုန်း ဦးကျော်ငြိမ်း အေးရိပ်ငြိမ်း ရွှေပြည်သာကုန်စည်ဇုန်(၁)၊ (၂)တို့တွင် ဧရိယာ ၆၈.၆၆ ဧက အချိုးကျခွဲဝေမှုရာခိုင်နှုန်းအား ဖြင့် အစိုးရ ၃၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းရှင် ၇၀ ရာခိုင်နှုန်း တို့ ဖြစ်ပါကြောင်း၊ အဆိုပါ ဧရိယာများအတွင်း ဖော်ထုတ်ပြီးစီးပြီဖြစ်သည့် မြေကွက်များကို စနစ်တကျ ပြန်လည် အပ်နှံနိုင်ရေးအတွက် မြို့စီမံကိန်းမြေကွက်ဖော်ထုတ်ပြီးစီးသည့်မြေများအား ပြန်လည်လွှဲွပြောင်း လက်ခံရေးကော်မတီကို ခရိုင်အုပ်ချုပ်ရေးမှူးမှ ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် Power Point တွင်တင်ပြ ပါအဖွဲ့နှင့်ဖွဲ့စည်းကွင်းဆင်းစိစစ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဦးမာမန်း(ခေါ်) ဦးစိုးမြင့် တစ်မိုင် သဲတန်းအိမ်ရာစီမံကိန်းတွင် ဖော်ထုတ်နေသည့် မြေကွက်များနှင့်စပ်လျဉ်းပြီး ၂၇-၁-၁၉၉၇ ရက်နေ့တွင် လုပ်ငန်းကတိစာချုပ်ချုပ်ဆိုစဉ် ဆောင်ရွက်ခွင့်ရဧရိယာအတွင်း လုပ်ငန်းရှင်များမှ မြေဖို့ခြင်း၊ မြေပြင်ခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ ကျောက်တန်းစီခြင်းလုပ်ငန်းများ အမြန်ဆုံးလုပ်ငန်းပြီး ပြတ်အောင် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ပြီးဖြစ်သည့် အများနှင့် သက်ဆိုင် သည့် ကျောင်း၊ ပန်းခြံ၊ ဆေးပေးခန်းတို့အတွက် မြေနေရာများကိုလည်း ဖော်ထုတ်အကွက် ရိုက်စေခြင်း သက်ဆိုင်ရာဌာနများသို့ အမြန်ဆုံးလွှဲပြောင်းနိုင်ရေး ဖွဲ့စည်းထားရှိသော မြို့ စီမံကိန်းမြေကွက်ဖော်ထုတ် ပြီးသည့်မြေများအား ပြန်လည်လွှဲွပြောင်းလက်ခံရေးကော်မတီသို့ လွှဲွပြောင်း လက်ခံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ဈေးမြေနေရာနှင့်စပ်လျဉ်းပြီး ဈေးဆောက်လုပ်ပြီးစီးပြီ ဖြစ်သည့်အတွက် အခွန်အခ ရရှိရေး အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ အမြန်ဆုံးအပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဦးတင်မြင့် အမိမြေအိမ်ရာစီမံကိန်းနှင့် ဦးကျော်ငြိမ်း အေးရိပ်ငြိမ်ရွှေပြည်သာကုန်စည်ဇုန်(၁)၊ (၂)တို့မှ ဖော်ထုတ်ရန်ချထားပေးသည့် မြေဧရိယာ အတွင်း မြေကွက်ဖော်ထုတ်ပြီးဧရိယာ၊ ဖော်ထုတ်ရန်ကျန်သည့် ဧရိယာများကို မြို့စီမံကိန်းမြေကွက် ဖော်ထုတ်ပေးသည့် မြေများအား ပြန်လည်လွှဲွပြောင်း လက်ခံရေး ကော်မတီမှ စိစစ်ပြီး ဖော်ထုတ်ရန် ကျန်ဧရိယာများကိုလည်း စနစ်တကျ လွှဲွပြောင်းအပ်နှံရေး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့ပါသည်။
