(ဃ)-သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တိုင်းရင်းဆေးအမည်ခံ သင်တန်းကျောင်းများ၊ တက္ကသိုလ်များအဖြစ် ဖွင့်လှစ် သင်ကြားပေးနေခြင်းများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၈.၇. ၂၀၁၉)

 

တိုင်းရင်းဆေးပညာရှင်များကို မွေးထုတ်ပေးခဲ့သည့် သမိုင်းကိုပြန်ကြည့်မည်ဆိုပါက သုံးဘာသာ သင်တန်းမှ ဆရာများ၊ ဒီပလိုမာရ ဆရာများ၊ လေးဘာသာနှင့် တစ်နှစ်သင်တန်းမှဆရာများ  အရင်က ရှိခဲ့ပါကြောင်း၊ ယခုလက်ရှိတွင်  မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တိုင်းရင်း‌ဆေး တက္ကသိုလ်ကပင် သင်ကြားမွေးထုတ်ပေးနေခြင်းဖြစ်ပါကြောင်း၊ ၎င်းထဲကမဟုတ်ဘဲ အခြားတိုင်းရင်းဆေး အမည်ခံ သင်တန်းကျောင်းများအားလုံးသည် တရားမဝင်ဖြစ်ပါကြောင်း၊ ၎င်းသင်တန်းများသည် စနစ်တကျ လေ့ကျင့်သင်ကြားမှုမရှိသလို ဆေးပညာရှင်များရှိရမည့် သုတေသနဆိုင်ရာအမြင်များ၊ လိုက်နာရမည့် ကတိသစ္စာများကို လိုက်နာခြင်းမျိုးမရှိနိုင်ဘဲ သင်ကြားတည့်မတ်ပေးနိုင်ခြင်းမျိုးမရှိသည်ကို လည်း တွေ့ရပါကြောင်း၊ ၎င်းသင်တန်းများမှ ဆေးကုသခွင့်၊ ဆေးထိုးခွင့်များကို တရားဝင်သဖွယ် လက်မှတ် များထုတ်ပေးနေသည့်အခါမှာ ပြည်သူများအတွက် ထင်ယောင်ထင်မှားလည်းဖြစ်စေတတ်ပါကြောင်း၊ ယခုလိုတရားမဝင်သင်တန်းဆင်းများ လက်လှမ်းမီရာကိုလေ့လာပြီး ကုသကြသူများ၏ ကုသချက် သည် ပြည်သူများအတွက် အင်မတန်အန္တရာယ်များပါကြောင်း၊ ဥပမာပြောရရင် ကင်ဆာသံသယ ရှိသည့်လူနာတစ်ယောက်ကို ဆေးပညာရှင်က ကင်ဆာအထူးကုဆီသွားရန် ပြောပါကြောင်း၊ သို့သော် လူနာက ကျန်းမာရေးအသိနည်းသည့်အတွက် တရားမဝင်ဆေး ကုသသူများ၏ စကားကိုယုံပြီး သွားပါ ကြောင်း၊ အဲဒီအခါမှာ အလွန်အင်မတန်ပူသည့်ဆေးများကိုကပ်သည့်အတွက်  အရေပြားအပူလောင် ပြီး ပေါက်ထွက်သည်ကို အနာပေါ်ကုတယ်ဆိုပြီးကုကြပါကြောင်း၊  နောက်မနိုင်တော့မှ ဆေးရုံ၊ ဆေးခန်းရောက်ပြီး အသက်ဆုံးရှုံးရသည့်အဖြစ်များရှိပါကြောင်း၊ နောက် ဆိုးဝါးသည့်အချက်တစ်ခုမှ ပေါင်းချွေးခံထားသည့်ထိုးဆေးများနှင့် နာနေသည့်နေရာများကို တိုက်ရိုက်ထိုးပြီး ကုသခြင်း ဖြစ်ပါ ကြောင်း၊ ထိုးပြီးခါစမှာ ပူသွား၊ ကျဉ်သွား၊ ထုံသွားပြီး သက်သာသလိုရှိသော်လည်း နောက်ကြာလာ သည့်အခါ အကြောများသေပြီး ဒုက္ခိတဘဝကို ရောက်ရသည့်သူများလည်း ရှိနေပါကြောင်း၊  ထို့အပြင် ကောင်စီအသီးသီးမှ အသိအမှတ်ပြုထားခြင်း မရှိသည့်ပညာရပ်များကို Online သင်တန်းမျိုးဖြစ် သင်ကြပါကြောင်း၊ တချို့မှ သုတေသနပြုလုပ်နေဆဲ ကာလသာ ရှိပါသေးကြောင်း၊  ဒါတွေကို လူနာ များကိုစမ်းသပ်ကုသကြသည့်အတွက် ပိုက်ဆံလည်းကုန် ဒုက္ခလည်းရောက်ကြရသည်များလည်း ရှိပါ ကြောင်း၊ ဒီလိုတရားမဝင်ကုသနေကြသည့် ဆေးရုံ၊ ဆေးခန်းများသည် ပြည်သူလူထုကို အင်မတန်မှ ကြီးမားသည့် အန္တရာယ်ပေးနေသည့်အနေအထား ဖြစ်ပါကြောင်း၊  ၎င်း၏အဓိကအကြောင်းကို ရှာကြည့်သည့်အခါ တရားမဝင်သင်ကြားနေသည့် သင်တန်းကျောင်းများကြောင့် ဖြစ်ပါကြောင်း၊  တချို့က တက္ကသိုလ်ဟုတောင် အမည်ပေးထားကြပါကြောင်း၊ ဝန်ကြီးဌာနက တရားမဝင်ကုသသူများ ကို ဘယ်လောက်ဘဲ အရေးယူဆောင်ရွက်မှု များပြုလုပ်နေပါစေ။ မွေးထုတ်ပေးနေသည့် သင်တန်း ကျောင်းများကို ထိထိရောက်ရောက် အရေးယူဟန့်တားထိန်းချုပ်နိုင်ခြင်းများမရှိရင် အိတ်ပေါက်နှင့် ဖားကောက်နေသလို ဖြစ်နေမည်ဖြစ်ပါကြောင်း၊ နောက်တစ်ချက်မှ မြန်မာနိုင်ငံ၏မူလတိုင်းရင်းဆေး ပညာများကို စုစည်းပြီး သိပ္ပံနည်းကျပေါင်းစပ် သင်ကြားနေသည့် မြန်မာ့တိုင်းရင်းဆေးပညာ၏ဂုဏ်၊ လက်တွေ့တရားဝင်ကုသ သင်ကြားနေသည့် တိုင်းရင်းဆေးသမားတော်များ၏ဂုဏ်ကိုလည်း များစွာ ထိခိုက်စေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကို ဘေးအန္တရာယ်ကင်းရှင်း သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးနှင့် မြန်မာ့တိုင်းရင်း ဆေးပညာရပ် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရေးတို့ကို ရည်ရွယ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တိုင်းရင်းဆေး အမည်ခံ သင်တန်းကျောင်းများ၊ တက္ကသိုလ်များအဖြစ် ဖွင်‌့လှစ်သင်ကြားပေးနေခြင်းများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လွှတ်တော်ကိုယ်စားလှယ်ကြီးပြောကြားသည့်အတိုင်း တိုင်းရင်းဆေးနှင့် ပတ်သက်ပြီး မလိုလားအပ်သော ကိစ္စရပ်များဖြစ်နေသည်ဆိုသည်ကို ကြားသိရပါကြောင်း၊  ယခုလိုဖြစ်နေခြင်းကို အထောက်အထား၊ နေရာ အတိအကျ၊ မည်သို့ ဖြစ်နေသည်၊ မည်ကဲ့သို့အန္တရာယ်ဖြစ်သွားသည် အစရှိသည်တို့ကို တိတိကျကျ လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့် တင်ပြပေးမည်ဆိုပါက မိမိတို့အတွက်များစွာ အကျိုးရှိပါကြောင်း၊ ယခုလိုတင်ပြချက်များကိုလည်း တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ တိုက်ရိုက် သတင်းပေးပို့စေချင်ပါကြောင်း၊ ထို့အပြင် ယခုလိုသတင်းကိုပိုရအောင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် တိုင်းရင်းဆေးပညာညွှန်ကြားရေးမှူးများ၊ ခရိုင်အရာရှိများ၊ မြို့နယ်အရာရှိ များရှိပါကြောင်း၊ ၎င်းတို့ကိုလည်း ထပ်လောင်းအမိန့်ထုတ်ပြီး ၎င်းကိစ္စများကို ပြည်သူလူထုထဲ၊ မြို့နယ်မှာဖြစ်စေ၊ တိုင်းဒေသကြီးမှာဖြစ်စေ တွေ့ရင် အမြန်ဆုံးအထောက်အထားနှင့် အမြန်ဆုံးအကြောင်းကြားမည်ဆိုပါက လုပ်ထုံးလုပ်နည်းအရ မိမိတို့ အရေးယူဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တစ်လမ်းမှ အောင်မြင် စေရန်အတွက် အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးပညာရှင်များ ထွက်ပေါ်ရန်လိုအပ်ပါကြောင်း၊  တိုင်းရင်းဆေးပညာရှင်များ များများ ထွက်ပေါ်လာပါက  အရည်အသွေးမရှိသည့်၊ လိုင်စင်မရှိသည့်သူများ အလိုလိုပျောက်သွားမည် ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးပညာရှင်များ ထွက်ပေါ်လာရန်အတွက် တိုင်းရင်းဆေးဆရာအသင်း၊ ထုတ်လုပ်သူလုပ်ငန်းရှင်အသင်း၊ Department of Traditional Medicine ၊ တိုင်းရင်းဆေးတက္ကသိုလ်၊ Technical Advisory Board for Traditional Medicine နှင့် တိုင်းရင်းဆေးကောင်စီများ အားလုံးပေါင်းပြီး လုပ်ဆောင်လျက်ရှိပါကြောင်း၊ အသေးစိတ် သေသေချာချာလုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းကအစ အကုန်လုံး အဆင့်အတန်းကို မြင့်အောင် သေချာစွာလုပ်နေပါကြောင်း၊ မိမိတို့အနေဖြင့် ယခုအခါ အတွေ့အကြုံပေါ်မူတည်ပြီး ကုသခြင်း ဖြစ်ပါကြောင်း၊ ဥပမာ Experience based Traditional Medicine မှနေပြီး သိပ္ပံနည်းကျ သုတေသနရလဒ်များကို အခြေခံသည့်ကုသမှုများ ရောက်အောင် မိမိတို့လုပ်နေပါကြောင်း၊  သို့မှသာလျှင် တိုင်းရင်းဆေးပညာသည် ကမ္ဘာတွင်လွှမ်းခြုံသွားနိုင်ပါကြောင်း၊  ထို့အပြင် ခုနကမလိုလားအပ်သည့် လိုင်စင်မရှိဘဲ ဆေးကုသခြင်း၊ လိုင်စင်မရှိဘဲ ကျောင်းဖွင့်ခြင်းကိစ္စများလည်း အလိုလိုပျောက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်တိုင်းရင်းဆေးတက္ကသိုလ်ကို တိုးတက်ရန်ဆိုပါက အရည်အသွေးပြည်‌့ဝသည့် သူများ ထွက်လာတာသည့်နှင့် အရည်အသွေးမရှိသည့်လူများ အလိုလို ပျောက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးတက္ကသိုလ်တွင် Research Unit နှင့် Institutional Review Board ဆိုပြီး Research (သုတေသန)များကို ဆန်းစစ်မည့်အဖွဲ့လည်း ဖွဲ့ပြီးုဖြစ်ပါကြောင်း၊  ရှိသည့်ဆရာ/ဆရာမများကို Capacity Building စွမ်းအင်မြှင့် သင်တန်းများလည်း လုပ်ရန်ရှိပါကြောင်း၊ နောက်နိုင်ငံခြားကိုလည်း အများကြီး လွှတ်ပါကြောင်း၊ အရင်တုန်းက မလွှတ်ပါကြောင်း၊ ယခုဆိုရင် တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယကို အများကြီး သွားနေပါကြောင်း၊ သူတို့အမြင်ကျယ်မှသာလျှင် သူတို့၏လုပ်ပုံ၊ စဉ်းစားပုံ၊ စဉ်းစားနည်း ကအစ အများကြီးတိုးတက်မည်ဖြစ်ပါကြောင်း၊ မိမိခုနကတင်ပြသလို ထွက်ပေါ်လာသည့် အရည်အသွေးပြည့် သည့် တိုင်းရင်း‌ဆေးပညာရှင်များရင်များသလို ကျန်တာတွေက အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် တိုင်းရင်းဆေးသိပ္ပံကို ၁၉၇၆ ခုနှစ်တွင် ဖွင့်ပြီး သုံးနှစ်ဒီပလိုမာ စုစုပေါင်း တိုင်းရင်းဆေးဒီပလိုမာ ၂၁၈၇ ဦးထုတ်ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် တိုင်းရင်းဆေးတက္ကသိုလ်ကို ၂၀၀၁ ခုနှစ်ကစပြီး‌ဖွင့်လှစ်ခဲ့ပါကြောင်း၊  ၂၀၁၉ ခုနှစ်ထိ ဆိုပါက Bachelor ဘွဲ့ရသည့်လူ ၁၄၁၈ ဦး၊ မဟာသိပ္ပံဘွဲ့ရသည့်လူ ၅၉ ဦး တို့ကိုမွေးထုတ်ပေးပြီးပြီဖြစ်ပါကြောင်း၊ ဒါကို ဆက်လက်ထုတ်မည်ဆိုပါက အရည်အသွေးပြည့်ဝသည့်တိုင်းရင်းဆေးပညာရှင်များ အများကြီး ဖြစ်လာ မည်ဖြစ်ပါကြောင်း၊ သို့သော်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့်အတိုင်း ဖြေရှင်းရာတွင် ပိုမိုထိရောက်ရန်ဆိုပါက ၁၉၉၆ ခုနှစ်တွင်ပြဋ္ဌာန်းထားသည့် တိုင်းရင်းဆေးဝါးဥပဒေကို ပြန်လည်ရေးဆွဲ လျက်ရှိပါကြောင်း၊ မေလ ၃၁ ရက်နေ့တွင်လည်း ရှေ့နေချုပ်ရုံးကို သဘောထားမှတ်ချက် တောင်းခံထား ပါကြောင်း၊ ၎င်းဥပဒေတွင်ပါသည့် တိုင်းရင်းဆေးဝါးကြီးကြပ်မှုကော်မတီအဆင့်ဆင့်ကို ပြန်ဖွင့်မည် ဖြစ်ပါ ကြောင်း၊ ၎င်းဥပဒေအတည်ပြုသည့်နှင့်  တိုင်းရင်းဆေးဝါးကြီးကြပ်မှု ကော်မတီအဆင်‌့ဆင့် ကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်အတွင်း ဖွင့်သွားမည်ဆိုရင် ကြီးကြပ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြသည်ကို ကိုင်တွယ်ရာတွင် ပိုမိုထိရောက်ရန် အတွက်  ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီ လ က ပြဋ္ဌာန်းခဲ့သည့်တိုင်းရင်းဆေးကောင်စီကို ခေတ်နှင့် လျော်ညီရန်အတွက် မြန်မာ့တိုင်းရင်းဆေး ကောင်စီ ဥပဒေကို ဇန်နဝါရီလ ၅ ရက်နေ့ တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပြဋ္ဌာန်းပြီးသည့်အခါ နာယက အဖွဲ့ ဖွဲ့ရပါကြောင်း၊  နာယက ဖွဲ့ရန်အတွက်ကိုလည်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကို တင်ပြထားပါကြောင်း၊  ကော်မတီက သဘောတူပြီဆိုပါက နာယကအဖွဲ့ကို အသစ်ဖွဲ့ပြီးမှ တိုင်းရင်းဆေးကောင်စီကိုဖွဲ့မည်ဖြစ်ကြောင်း၊ ၎င်းကောင်စီမှ ဝန်ကြီးဌာန၏ခွင့်ပြုချက်မရဘဲ တိုင်းရင်းဆေး အမည်ခံ သင်တန်‌းကျောင်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားနေခြင်းကို အောက်ဖော်ပြပါ မြန်မာ့ တိုင်းရင်း ဆေးကောင်စီဥပဒေ အခန်း(၁၇) တားမြစ်ခြင်းနှင့်ပြစ်ဒဏ်များအရ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ဥပမာ- ပုဒ်မ ၅၆ တွင် မည်သူမျှကောင်စီက သတ်မှတ်ထားသော ဆေးကုသ ခွင့်လိုင်စင်မရှိဘဲ တိုင်းရင်းဆေးဆရာအမည်ခံ၍ ဆေးကုသခြင်းမပြုရ။ ပုဒ်မ ၆၁ မှာဆိုရင် မည်သူမျှပုဒ်မ ၅၆ ပါ တားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ် တိတိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး သုံးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ ၎င်းကိစ္စ အကောင်အထည် ပေါ်လာမည်ဆိုပါက လွှတ်တော် ကိုယ်စားလှယ်ကြီးလိုလားအပ်သည့် ကိစ္စများ အဆင်ပြေသွားမည်ဟု ယုံကြည်ကြောင်းဖြင့် ပြန်လည် ဖြေကြားခဲ့ပါသည်။