(င)-ပြည်သူများအား ခွေးရူးရောဂါအန္တရာယ်ကင်းဝေးစေရန် အသိပညာပေးခြင်းနှင့် လမ်းဘေးခွေး အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ခွေးအားလုံးအား ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၈.၇. ၂၀၁၉)

လူကို ခွေးရူးရောဂါဖြစ်ပွားမည်ဆိုပါက သေချာပေါက်သေစေနိုင်သောရောဂါတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတိုင်းက အရေးကြီးရောဂါတစ်ခုအဖြစ်သတ်မှတ်ထားကြပါကြောင်း၊ မိမိတို့နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅၀ ကျော်တွင် ခွေးရူးရောဂါဖြစ်ပွားနေဆဲဖြစ်ပြီး နိုင်ငံတော်တော်များများက ခွေးရူးရောဂါ အန္တရာယ်ကို အလေးထား ထိန်းချုပ်ရန် ကြိုးစားလာကြပါကြောင်း၊ မိမိတို့နိုင်ငံတွင် ခွေးအကောင်ရေ လေးသန်းခန့် ရှိကြောင်း ခန့်မှန်းဖော်ပြထားသည်ကို တွေ့ရှိရပြီး ခွေးရူးရောဂါကြောင့် နှစ်စဉ် လူ ၁၁၀၀ ခန့် သေဆုံးနေ သည်ဟု တွေ့ရှိရပါကြောင်း၊ ၉၉ ရာခိုင်နှုန်းသည် ခွေးကိုက်ခံရခြင်းကြောင့် လူကိုခွေးရူးရောဂါဖြစ်ပွားစေပြီး ၈၀ ရာခိုင်နှုန်းခန့်သည် လမ်းဘေးခွေးများကိုက်ခံရခြင်းကြောင့် ခွေးရူးရောဂါဖြစ်ပွားစေသည်ဟု သိရှိရပါကြောင်း၊ ပိုင်ရှင်မဲ့လမ်းဘေးခွေးများကို ခွေးရူးကာကွယ်ဆေးထိုးပေးနိုင်မှသာ ခွေးရူးရောဂါဖြစ်ပွားခြင်းအန္တရာယ်ကို လျှော့ချကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်တော်များများတွင် ခွေးရူးရောဂါအန္တရာယ်ကို အလေးထား ထိန်းချုပ်လာခြင်းကြောင့် လူမှာခွေးရူးရောဂါဖြစ်ပွားသေဆုံးမှုနှုန်းလည်း လျော့ကျလာသည်ဟု သိရှိရပါကြောင်း၊

ခွေးရူးရောဂါအန္တရာယ်ကို လျှော့ချကာကွယ်ခြင်းတွင် ငွေကြေးသုံးစွဲကာ စီမံချက်ချမှတ် ဆောင်ရွက်ခြင်း မပြုနိုင်သောနိုင်ငံများ၊ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းမပြုနိုင်သောနိုင်ငံများနှင့် ဘာသာရေး ယဉ်ကျေးမှုအရ အကန့်အသတ်ရှိသောနိုင်ငံများမှာ ခွေးရူးရောဂါဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး ထိန်းချုပ်ရန် ခက်ခဲသည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံသည် အန္တရာယ်များသောနိုင်ငံများစာရင်းတွင်ပါရှိသော လူသေ ပျောက်မှု၊ သေဆုံးမှုအများဆုံးနိုင်ငံများ စာရင်းတွင် ပါရှိပါကြောင်း၊ လူဦးရေ အချိုးချနှိုင်းယှဉ်မယ်ဆိုလို့ရှိရင် နိုင်ငံသား ၁၃ ဦး လျှင် ခွေးတစ်ကောင်နှုန်းဖြစ်နေပြီး ခွေးရူးရောဂါအန္တရာယ်ကင်းဝေးစေရေးကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

နိုင်ငံအတွင်းရှိ ခွေးအားလုံးကို ကာကွယ်ဆေးထိုးဆောင်ရွက်ခြင်းသည် နိုင်ငံသူနိုင်ငံသားများ ခွေးရူးရောဂါအန္တရာယ်မဖြစ်ပွားစေရေးအတွက် အဓိကကျသောလုပ်ငန်းဖြစ်ပါကြောင်း၊ ခွေးရူးရောဂါ ကာကွယ် ဆေးထိုးခြင်းကို ၇၀ ရာခိုင်နှုန်းဆောင်ရွက်နိုင်မည်ဆိုပါက ခွေးရူးရောဂါအန္တရာယ်ဖြစ်ပွား ခြင်းကိုလျှော့ချ နိုင်မည် ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တွင်းရှိ လမ်းဘေးခွေးများကို ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်း၊ မျိုးပွား ထိန်းချုပ်ခြင်းများကို မြန်မာနိုင်ငံတိရစ္ဆာန်ဆရာဝန်များပရဟိတအဖွဲ့က လိုက်လံ ဆောင်ရွက်နေကြောင်းလည်း သိရှိရပါတယ်။ ခွေးရူးရောဂါလျော့နည်း ကျဆင်းရေးအတွက် အစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

 ခွေးရူးရောဂါဖြစ်ပွားမည်ဆိုပါက ၁၀၀ ရာခိုင်နှုန်းသေဆုံးနိုင်သော်လည်း ၁၀၀ ရာခိုင်နှုန်း ကာကွယ် နိုင်ကြောင်း၊ ကမ္ဘာတွင် နိုင်ငံတကာမှာ လူနှင့်ခွေးအချိုးက လူ ၁၀ ဦးကို ခွေး တစ်ကောင်နှုန်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လူ ၁၃ ဦးကို ခွေးတစ်ကောင်နှုန်းဖြစ်ပါကြောင်း၊ ခွေး အများစုသည် ကာကွယ်ဆေးမထိုးရ သောခွေးများဖြစ်ပါကြောင်း၊ ၉၉ ရာခိုင်နှုန်းက ခွေးကိုက်ခြင်းကြောင့် လူကို ခွေးရူး ရောဂါဖြစ်ပွားစေပြီး ၈၀ ရာခိုင်နှုန်းက လမ်းဘေးခွေးကိုက်ခံရခြင်းကြောင်း ခွေးရူး ရောဂါဖြစ်ပွားရခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တွင် ၂၀၁၄ ခုနှစ်က ခွေးအကောင်ရေ ၇၀၀၀၀ ခန့် ရှိသော်လည်း ၂၀၁၅ ခုနှစ်တွင် ၁၂၀၀၀၀ ခန့် အထိဖြစ်လာပါကြောင်း၊ လူ ၅၀ဦးကို ခွေးတစ်ကောင်နှုန်းနှင့် ရန်ကုန်တွင် တည်ရှိနေပါကြောင်း၊ မြို့ပြတွင် ဆိုပါက ကာကွယ်ဆေး ၂၀ ရာခိုင်နှုန်းထိုးနိုင်သော်လည်း ကျေးလက်မှာ ငါးရာခိုင်နှုန်သာ ထိုးပေးနိုင်ပါသေး ကြောင်း၊ WHO၊ OIE တို့၏ စံသတ်မှတ်ချက်အရ ၇၀ ရာခိုင်နှုန်းထိ ခွေးရူးကာကွယ်ဆေးထိုးပေးကြရ မည်ဖြစ်ပါကြောင်း၊ ခွေးရူးရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံများတွင် အိန္ဒိယနိုင်ငံက အများဆုံးဖြစ်ပြီး နံပါတ်(၆)အဆင့်တွင်ရှိပါကြောင်း၊

သို့ဖြစ်ပါသောကြောင့် နိုင်ငံသူနိုင်ငံသားများ ခွေးရူးရောဂါအန္တရာယ်ကင်းရှင်းစေရန် ခွေးရူးရောဂါ အသိပညာပေးခြင်းနှင့် နိုင်ငံအတွင်းရှိခွေးများ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဝန်ကြီးဌာနက ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့် မည်ကဲ့သို့ဆောင်ရွက်နေသည်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို မေးမြန်းသည့် မေးခွန်းဖြစ်သော်လည်း ဝန်ကြီးဌာန ကိုယ်စားရော၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုယ်စားရော မိမိ ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊

နိုင်ငံသူ နိုင်ငံသားအားလုံး ခွေးရူးရောဂါ အန္တရာယ် ကင်းဝေးစေရန်နှင့် အာဆီယံဒေသတွင်း နိုင်ငံများ သဘောတူညီ အောင်မြင်စေရန် ပြည်သူများ အသိပညာပေးခြင်းနှင့် လမ်းဘေးခွေး အပါအဝင် မြန်မာနိုင်ငံရှိ ခွေးအားလုံးကို ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနွံခြင်းကိစ္စနှင့်စပ်လျဉ်းပြီး သိလိုသည့် မေးခွန်းဖြစ်ပါကြောင်း၊ မေးခွန်းကို ပြန်လည်သုံးသပ်သည့်အခါ အဓိက (၃)ချက်ရှိပါကြောင်း၊

ပထမတစ်ချက်သည် နိုင်ငံသူ နိုင်ငံသားတိုင်း ခွေးရူးရောဂါ အန္တရာယ်ကင်းဝေးစေရန် ဖြစ်သော်လည်း ဒီအချက်တွင် (၁) ခွေးမကိုက် ခံရခြင်း၊ (၂) ကိုက်ခံရပါက သေဆုံးမှု မရှိခြင်းတို့ ဖြစ်ပါကြောင်း၊   အသေးစိတ်ကို တင်ပြမည် ဖြစ်ကြောင်း၊

နံပါတ်(၂) သည် အာဆီယံ သဘောတူညီချက် မူများအရ အောင်မြင်မှုရစေရန်ဖြစ်သည့်အတွက် မိမိတို့ ဝန်ကြီး ဌာနများ ပေါင်းမည်၊ One Health Approach နှင့် FAOOIE (OIE ဆိုသည့်က Animals Health Organization ဖြစ်ကြောင်း)၊ WHO တို့နှင့် ပေါင်းပြီး လုပ်မည်။ မိတ်ဖက်အဖွဲ့အစည်း၊ community Based Organization တို့နှင့် ပေါင်းပြီးလုပ်မည်။ လုပ်မည့် ကိစ္စရပ်များအတွက် မိမိတို့ မဟာဗျူဟာနှင့် နည်းဗျူဟာများ အားလုံးချထားပြီး ဖြစ်ပါကြောင်း၊ ချထားသည့် မဟာဗျူဟာနှင့် နည်းဗျူဟာအတိုင်း ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊

နံပါတ်(၃) သည် ခွေးများအားလုံး ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို မေးမြန်းသည့် အလွန်အရေးကြီးသည့် မေးခွန်း ဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြချက်များသည့် ကောင်းမွန်ပါကြောင်း၊ ဗဟုသုတများစွာလည်း ရကြောင်း၊ Information လည်းရကြောင်း၊

မိမိတို့နိုင်ငံ၏ ဘဏ္ဍာငွေများသည် မကုန်သင့်တာထက် ပိုကုန်နေရကြောင်း၊ မည်သည့်အတွက် ကုန်သည်ကို မိမိ တင်ပြပါမည်။ ခွေးကိုက်ခံရပါက စိတ်ဖိစီးမှု၊ စိုးရိမ်မှု (Stress) အရမ်းများကြောင်း၊ ထို့အပြင် တကယ်သာ ခွေးရူးကိုက်ခံရပြီး ကာကွယ်ဆေးကို မထိုးနိုင်ပါက ၁၀၀  ရာခိုင်နှုန်း သေနိုင်သည့်အတွက် မိမိတို့က ဂရုစိုက်ရမည် ဖြစ်ကြောင်း၊ ထို့အတွက် ခွေးကိုက်ခံရသူတိုင်းသည် ဆေးထိုးရမည်ဖြစ်ကြောင်း၊ ခွေးကိုက်ရင် ခွေးရူး ဟုတ်လား/ မဟုတ်လား ကြိုပြီး မသိနိုင်သည့်အတွက် လူတိုင်းထိုးမည်။ လူတိုင်း ထိုးသည့်အတွက် ခွေးကိုက်ခံရသူ များတိုင်း များတိုင်း ကျန်းမာရေးဝန်ကြီးဌာနတွင် ဝန်ဆောင်မှု ပိုမိုများပြားပါကြောင်း၊ ဆေးထိုးပေးရခြင်း စသည့် ကိစ္စများ ရှိပါကြောင်း၊

ထို့အပြင် တကယ်ရူးသည့် ခွေးကကိုက်ပြီး မိမိတို့ ဆေးမထိုးပါက အကိုက်ခံရသည့် လူသည် ရာခိုင်နှုန်းပြည့် သေနိုင်သည့်အတွက် မိမိတို့ ဦးအောင်ထိုးရကြောင်း၊ ဦးအောင်ထိုးရမည် ဆိုသည့်အချက်ကို ပြည်သူလူထု၏ အသိပညာ အရမ်းအရေးကြီးကြောင်း၊ ပြည်သူလူထုက မြန်မြန်လာရမည် ဖြစ်ကြောင်း၊ ခွေးကိုက်သည် ဆိုရာတွင် ခွေးရူး၏ Saliva ။ တံတွေးတွင် Virus ရှိကြောင်း၊ Virus က Muscle ကို ကိုက်လိုက်သည့်အချိန်တွင် Muscle တွင် ပွားပြီး Muscle တွင်ရှိသည့် Nerve ထဲကို ဝင်သွားကြောင်း၊ ဝင်သွားသည့်အတွက် Spinal Cord ကိုသွားကြောင်း၊ Spinal Cord မှတစ်ဆင့် ဦးနှောက်ကိုရောက်ကြောင်း၊ အတွင်းကို သွားခြင်းဖြစ်ကြောင်း။ ဦးနှောက်ကို ရောက်သည့်အချိန်တွင် ဦးနှောက်မှတစ်ဆင့် နှလုံးနှင့် ကြွက်သားများဆီ သွားကြောင်း၊ Adrenal Gland တို့ တစ်ခြားနေရာများကို ရောက်သွားကြောင်း၊ ထို့အတွက် Virus က ဦးနှောက်ကို မရောက်မှီ မိမိတို့ အရင်ဆုံး ကိုင်တွယ်ရမည်ဖြစ်ကြောင်း၊ အရင်ဆုံး ကိုင်တွယ်သည် ဟုဆိုရာတွင် အစောဆုံး ထိုးရမည်ဖြစ်ကြောင်း၊ ထိုးသည့် နေရာတွင် ပြည်သူတို့က သိရမည့်အချက်တစ်ခု ရှိသေးကြောင်း၊ ခွေးကိုက်သည် ဟုဆိုရာတွင် ဥပမာ အပေါ်တွင် ကိုက်ခံရပါက အပေါ်သို့ ပိုမိုရောက်ရှိပါက အန္တရာယ်ပိုများကြောင်း၊ ခြေထောက်ကို ကိုက်ခံရပါက Virus က ဦးနှောက်ကို ရောက်လာနိုင်ရန်အတွက် Chance အချိန် ပိုမိုလိုပါကြောင်း၊  လက်ကိုကိုက်ခြင်း၊ မျက်နှာကို ကိုက်ခြင်း ဖြစ်ပါက ပိုဆိုးပါကြောင်း၊ ကိုက်သည့်နေရာသာမက ကိုက်သည့် အတိုင်းအတာ အနည်းအများပေါ်တွင်လည်း Virus Load ကလည်း များကြောင်း၊ စသည့် အချက်များ အားလုံးကို ပြည်သူများ သိရှိပါက အချိန်မှီ မြန်မြန် လာထိုးပေးမည်။ ထိုးပေးသည့်အတွက် သေနိုင်သည့် အခြေအနေ အလွန်နည်းသွားကြောင်း။ စသည့်အချက်များကို ပြည်သူလူထု အားလုံးသိဖို့လိုပါကြောင်း၊

ခွေးကိုက်သည့်အခါ ပြည်သူလူထု မသေအောင်၊ အန္တရာယ် မရှိအောင် ကာကွယ်ဆေးများ ဝယ်နေကြောင်း၊ လက်ရှိ အစိုးရတက်လာပြီး ၂၀၁၆-၂၀၁၇ ခုနှစ် မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ထိ မိမိတို့ ဝယ်သည့် ခွေးရူးနှင့်ပတ်သက်ပြီး Anti-rabies vaccine ဝယ်ယူမှုသည် ၁၃.၇၂ ဘီလီယံ ခန့် ဝယ်ရကြောင်း၊

ခွေးမကိုက်ခြင်း မခံရပါက အဆိုပါ ပိုက်ဆံ ၁၃.၇၂ မကုန်ကြောင်း၊ ထို့အပြင် အလွန်အန္တရာယ်ရှိသည့် category-3 အဆင့်(၃)တွင် အကိုက်ခံရသည့် လူများကို ကိုက်သည့် နေရာတွင် Rabies immunoglobulin ထိုးပေးရကြောင်း၊ ၎င်းအတွက် ဝယ်ယူမှုသည် ၁.၂ ဘီလီယံ ခန့် ကုန်ကြောင်း၊ နှစ်ခုပေါင်း တွက်ချက်မည်ဆိုပါက ၁၅ ဘီလီယံခန့် လက်ရှိ အစိုးရလက်ထက်တွင် သုံးထားပြီးဖြစ်ပါကြောင်း၊ တိုင်းပြည်ကလည်း ဘဏ္ဍာငွေ ချပေးကြောင်း၊  လက်ရှိ မိမိတို့ လုပ်နေကြောင်း။ တစ်ဖက်တွင် မိမိတို့က Rabies Vaccine ကို တစ်လုံးထိုးမည်ဆိုပါက ကျပ် ၈၀၀၀ ကျော် ကျပါကြောင်း၊ ကျပ် ၈၀၀၀ ကျော်တွင် မိမိတို့က Intramuscular အသားထဲသို့ ထိုးပါက လေးလုံး ကုန်သည့် အတွက် ကျပ် ၃၂၀၀၀ ကုန်ကျကြောင်း၊ Intradermal ထိုးမည်ဆိုပါက နှစ်လုံးသာ ကုန်သည့်အတွက် ၁၆၀၀၀ သာ ကျကြောင်း၊ မိမိတို့ ညွှန်ကြားချက်များ အားလုံးထုတ်ပြီးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို ခွေးရူးကာကွယ်ဆေး ထိုးသည့်အခါ ကြွက်သားထဲသို့ မထိုးခြင်း မပြုလုပ်ဘဲ အရေးပြားတွင် ရှပ်ပြီးထိုးစေမည် ဆိုပါက ဆေးက တစ်ဝက်နီးပါးခန့် သက်သာမည်ဖြစ်ကြောင်း၊

ခွေးကိုက်ခံရသည့် အတိုင်းအတာ အရမ်းများပြားပါက Rabies Immunoglobulin ထိုးရကြောင်း၊ တစ်လုံးကို ၁၆၅၀၀ ကျပ်ကျကြောင်း။ ထို့အတွက် မိမိတို့က ဆေးတစ်လုံးမှ သုံးလုံးအထိ ခန္ဓာကိုယ် အလေးချိန်(Body Weight) ပေါ်တွင် မူတည်ပြီးထိုးရသည့်အတွက် ပိုက်ဆံအများကြီး ကုန်ကြောင်း၊ ထို့အပြင် မိမိတို့ ပြန်ကြည့်သည့် အချိန်တွင် ခွေးကိုက်နှုန်းများသည် တဖြည်းဖြည်း တက်လာသည်ကို တွေ့ရကြောင်း။ ဥပမာ ၂၀၁၇ ခုနှစ်ခန့်တွင် ကိုက်ခံရသည့် လူပေါင်း ၁၈၀၀၀၀ ဦးခန့် အကိုက်ခံရကြောင်း၊ တစ်လ၊ တစ်လကို ၁၅၀၀၀ ဦး အကိုက်ခံရကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ၁၉၂၀၀၀ ဦး ကျော်ကို ကိုက်သည့်အတွက် တစ်လ၊ တစ်လတွင် ၁၆၀၀၀ ဦးခန့် အကိုက်ခံ ရကြောင်း၊ လက်ရှိ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး လက်ရှိခြောက်လတွင် ၆၀၀၀၀ ဦး အကိုက်ခံ ရကြောင်း။ ၆၀၀၀၀ ဦးသည် တစ်လ၊ တစ်လတွင် ၁၂၀၀၀ ဦးခန့် အကိုက်ခံနေရဆဲဖြစ်ကြောင်း၊ ထို့အတွက် အကိုက်ခံရသည့် အရည်အတွက်နှင့် ခွေးလည်း များနေဆဲဖြစ်ပါကြောင်း၊

သို့သော် မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆေးများကို ၁၃.၇၂ ဘီလီယံ ခန့်ဝယ်ကြောင်း၊ Rabies Immunoglobulin များ ဝယ်ကြောင်း၊  သေနှုန်း လျော့ကျသွားပါကြောင်း၊ ၁၉၉၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ ၁၀၀၀ ဦး သေကြောင်း။ သို့သော် ၂၀၁၁ ခုနှစ်မှ စတင်ပြီး ပြန်လည်ကြည့်မည်ဆိုပါက ၂၀၁၁ ခုနှစ်တွင် ၂၄၅ ဦးသာသေပြီး ၂၀၁၈ ခုနှစ်တွင် ၇၁ ဦးသာ သေကြောင်း။ ၂၀၁၉ ခုနှစ်တွင် ၄၁ ဦးသာ သေကြောင်း၊ စသည့်အချက်များကို ကြည့်မည်ဆိုပါက အလွန်ကောင်းသည့် အခြေအနေဖြစ်ပါကြောင်း၊ ထို့အတွက် သေဆုံးမှုကို မိမိတို့ ကာကွယ်နိုင်ပါကြောင်း၊ အကိုက်ခံရမှု နည်းပါက အများကြီး သက်သာကြောင်း၊ မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အန္တရာယ် ကင်းစေရန်အတွက် ဆေးများကို မိမိတို့ ဆက်ဝယ်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပညာပေး လုပ်ငန်းများကို ပိုလုပ်မည်ဖြစ်ကြောင်း၊ ဘာသာရေးအရ ခွေးသတ်မှုကို အားမပေးကြောင်း၊ သို့သော် လက်ရှိတွင် ခွေးချစ်သူများအသင်း ရှိသည့်အတွက် အနည်းငယ် အခက်အခဲရှိသော်လည်း ၎င်းတို့နှင့် မိမိတို့ တတ်နိုင်သမျှ ညှိနှိုင်းမည်။ စည်းရုံးမည်။ ပညာပေးမည်။ တတ်နိုင်သမျှ ကြိုးစားပြီး ခွေးချစ်သူများ အသင်းနှင့် မိမိတို့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

ထို့အပြင် ခွေးရူး ကာကွယ်ဆေးအား တစ်ပြည်လုံး အတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၃၀ တွင် အားလုံး ပေးထားကြောင်း၊ တိုက်နယ်ဆေးရုံများကို မပေးနိုင်သေးကြောင်း၊ plus 2 to plus 8 Degree Centigrade တွင် ထားရမည် ဖြစ်သည့်အတွက် Cold Chain မရှိသည်အတွက် တိုက်နယ်ဆေးရုံများကို မပေးနိုင်ကြောင်း၊ မြို့နယ်ဆေးရုံအထိ ပေးထားကြောင်း၊

ခွေးရူးရောဂါကာကွယ်နိုင်ရန် ၁၃.၇၂ ဘီလီယံသက်သာစေရန် ရန်ကုန်တွင် ခွေးရူးစင်တာများ ဖွင့်ကြောင်း။ Dog Bite Treatment Centre အမည်များဖြင့် ဖွင့်ကြောင်း၊ မေလ ၂၉ ရက်နေ့တွင် စဖွင့်ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီး၊ သင်္ဃန်းကျွန်းနှင့် အင်းစိန်တို့တွင် ဖွင့်ကြောင်း၊ တစ်လခွဲ အတွင်းတွင် ခွေးကိုက်ခံရသည့် လူ ၃၃၂၆ ဦးကို  အကြိမ်ပေါင်း ၁၁၄၆၈ ဦး ထိုးပေးရသည့်အတွက် အောင်မြင်မှုတစ်ရပ် ဟု သတ်မှတ်နိုင်ကြောင်း၊

ထို့အပြင် မြို့နယ်များကို မိမိတို့ ပြန်လည်သုံးသပ်ကြောင်း၊ မည်သည့်တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် အများဆုံးဖြစ်သည်ကို သုံးသပ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁၀၀၀ ဦးကျော်၊ မန္တလေးတိုင်း ဒေသကြီးတွင် ၃၅၀၀၀ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၄၀၀၀ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၀၀၀ ဦး ခန့် ရှိကြောင်း။ တိုင်းဒေသကြီးတွင် ရှိသည့် မြို့နယ်များကို ပြန်ကြည့်ကြောင်း၊ မည်သည့်မြို့နယ်တွင် အကိုက် အများဆုံး ဖြစ်သည်ကို ပြန်ကြည့်ကြောင်း။ ကိုက်သည့် မြို့နယ်တွင် ပညာပေး လုပ်ငန်းများ လုပ်မည်။ မဟာဗျူဟာ၊ နည်းဗျူဟာများနှင့် လုပ်မည်။ ၎င်းမြို့နယ်များကို မိမိတို့က High RiskMedium RiskLow Risk ဟု ခွဲပါကြောင်း၊

ပြည်သူများဟာ ခွေးရူးကိုက်ခြင်းအန္တရာယ်နှင့်ပတ်သက် ပြီး ASEAN Rabies Elimination Strategy 2020 ရှိကြောင်း၊ Strategy ရှိအချက်များကို မိမိတို့ အားလုံးလုပ်ဆောင်ပါကြောင်း၊ All Inclusive ဖြစ်စေရန်၊ Inter sectorial အဆင့်ဆင့်လိုက် လုပ်ရမည့် ကိစ္စများ၊ FAOWHOOIE  တို့နှင့်ပေါင်းပြီး လုပ်မည့် ကိစ္စများ အားလုံးပါကြောင်း၊ ထို့ကိစ္စများကို မိမိတို့လုပ်ဆောင်သည့်အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်ကြီး လိုလားတဲ့ အန္တရာယ် မရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင် မရကြောင်း။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင် မရကြောင်း၊ အားလုံးပါရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် Community Based Organization များ၊ NGO များ၊ ပြည်သူလူထုများနှင့် အားလုံးပါဝင်ရမည် ဖြစ်ကြောင်း၊

တတိယအချက်သည် ခွေးများအားလုံးကို ကာကွယ်ဆေးထိုးမည့် ကိစ္စဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ခွေး၏ Census ကိုကောက်သည့် အချိန်တွင် ပိုင်ရှင်ရှိသည့် ခွေးက လေးသန်းရှိကြောင်း၊ ပိုင်ရှင်မရှိသည့် ခွေးက နှစ်သန်းကျော်ရှိကြောင်း။ ခွေးများ၏ ပေါက်ဖွားနှုန်းသည် အလွန်ကြောက်စရာကောင်းကြောင်း၊ Time Bomb ပေါ့။ အချိန်ကိုက်ဗုံးကြီးနှင့် တူနေကြောင်း၊ ထို့အချက်ကို မိမိတို့ မကိုင်တွယ်ပါက ခွေးများသည် ပေါက်မည်ဖြစ်ကြောင်း။ လေးသန်းနှင့် နှစ်သန်းမှ ခြောက်သန်း။ ခွေးက သားမွေးပေါက်ပါက ဒီခွေးများကို ကာကွယ်ဆေးများ လိုက်ထိုးခြင်းဖြင့် ပြီးသွားမည့် ကိစ္စမဟုတ်ပါကြောင်း၊ နောက်ထပ် အနှစ်တစ်ရာလည်း ပြီးမည် မဟုတ်ကြောင်း၊ ခွေးပေါက်ဖွားနှုန်းကို လျှော့နိုင်ရန် လိုပါကြောင်း၊ လျှော့နိုင်ရန်အတွက် ဘတ်ဂျက် နည်းနည်းလိုမည် ဖြစ်ပါကြောင်း၊ ဥပမာ ခွေးတစ်ကောင်ကို ကာကွယ်ဆေးထိုးပါက ၇၀၀ ကျပ် မှ ၁၀၀၀ ကျပ်ခန့် ကုန်မည်၊ ထိုးပါကလည်း ကာကွယ်ဆေးထိုးနိုင်ရန် ပြင်ပက အခြား Vaccine များ သုံးရမည်ဖြစ်သည့်အတွက် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်ခန့် ကုန်သည့် အပြင် ခွေးများ ဖမ်းရန် ပိုက်ကွန်များ၊ Vaccine များ အများကြီး လိုကြောင်း၊ ထိုးပါက ခွေးကိုလုံးဝ ကလေးမရစေရန်အတွက် တစ်နှစ်ကို တစ်ကြိမ်နှင့် သုံး၊ လေးနှစ်ခန့် ဆက်ထိုးနိုင်မှ တစ်သက်လုံး ခွေးက ပေါက်ဖွားမှု မရှိတောမှာ ဖြစ်ကြောင်း။ ထို့သို့လုပ်ဆောင်နိုင်ရန်အတွက် Logistically က သိပ်မလွယ်သည့် အချက်က တစ်ရက်တွင် ခွေးဖမ်းပြီး ဆေးထိုးမည်အခါ အကောင် ၁၀၀ မှ ၂၀၀ သာ ထိုးနိုင်မည်၊ Team တစ်ခုတွင် လူငါးယောက်ပါရမည်။ ခွေး ဖမ်းရမည်။ ချုပ်ရမည်။ မေ့ဆေးပေးရမည်၊ စသည့်ကိစ္စများကို အားလုံး လုပ်ရမည် ဖြစ်ကြောင်း၊  Sterilization လုပ်သည့်အချိန်တွင် အထီးတစ်ကောင်ကို မိမိတို့က သင်းကွပ်မည်ဆိုပါက ၁၀၀၀၀ ကျပ် ကုန်ပါကြောင်း။ တစ်ရက်တွင် လုပ်နိုင်သည့် ခွေးကောင်ရေက ၄၀၊ ၅၀ သာ မိမိတို့ လုပ်နိုင်ကြောင်း။ ခွေးအမတစ်ကောင်ကို Sterilization  လုပ်မည်ဆိုပါက ၃၀၀၀၀ ကျပ် မှ ၄၀၀၀၀ ကျပ် လိုကြောင်း၊ တစ်ရက်တွင် ခွဲရသည့် အချိန် လိုသည့်အတွက် ၃၀ ကောင်ခန့်သာ လုပ်နိုင်မည်ဖြစ်ကြောင်း၊ ခွေးများကို ဆက်ပြီး ကာကွယ်ဆေးဖြင့် ထိန်းနိုင်ရန် နည်းနည်းခက်ကြောင်း၊ ဘတ်ဂျက်လည်း အရမ်းနည်းမည် ဖြစ်ကြောင်း၊

သို့သော် ခွေး Population ၏ ၇၀ ရာခိုင်နှုန်းသော ခွေးများကို ကာကွယ်ဆေးများ လုပ်ပေးမည်ဆိုပါက ခွေးရူးရောဂါ လျော့သွားမည် ဖြစ်ကြောင်း၊ ဘတ်ဂျက် အများကြီး လိုမည်ဖြစ်သည့်အတွက် Root Cause အဓိကအကြောင်းသည် ခွေး Population ကျသွားစေရန် အဓိကကျသည့်အတွက် မိမိတို့အားလုံး ဝိုင်းဝန်း စဉ်းစားရမည်ဖြစ်ကြောင်း၊ ခွေး Population ကျအောင် မိမိတို့ မည်ကဲ့သို့ လုပ်ဆောင်မည်နည်း၊ သို့မှသာ မိမိတင်ပြခဲ့သည့် ၁၃.၇၂ ဘီလီယံက  သုံးဘီလီယံခန့်သာ သုံးဖို့လိုကြောင်း၊ မသုံးနိုင်ပါက ၁၃ ဘီလီယံမှ ၂၀ ဘီလီယံဖြစ်သွားမည်ဆိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီး၏ ဘတ်ဂျက်က တော်တော်များများ ခွဲဝေပေးရမည့် ပုံစံမျိုး ဖြစ်သည့်အတွက် ပြန်လည်ပြီး သုံးသပ်ရန် လိုအပ်မည် ဟု ထင်ပါကြောင်၊ မိမိတို့လည်း လုပ်မည်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကလည်း လုပ်မည်၊ INGO များ၊ NGO များ လုပ်မည်။ သို့သော် ပြန်ပြီး ထိုင်ရန် လိုအပ်မည်ဟု ထင်ပါကြောင်း၊ ဘယ်လိုလုပ်မလဲ။ လက်တွေ့ကျသော မဟာဗျူဟာနည်းဗျူဟာနှင့် လုပ်ရမည်။ Theoretical လုပ် မရကြောင်း၊ အဘက်ဘက်မှ ပါဝင်ရမည်၊ လုပ်သည့်အချိန်တွင် မိမိတို့၏ ASEAN Strategy တွင် ပါကြောင်း၊ လူမှုယဉ်ကျေးမှုဆိုင်ရာ ထောက်တိုင် (Socio Cultural Pillar)၊ နည်းပညာဆိုင်ရာ ထောက်တိုင် (Technical Pillar) နှင့် အဖွဲ့အစည်း ဆောင်ရွက်မှုဆိုင်ရာ (Organization Pillar)နှင့် အုပ်ချုပ်မှု စီမံခန့်ခွဲမှု ဆိုင်ရာ(Political and Administrative Pillar) များနှင့် အားလုံးဝိုင်းဝန်းပြီး လုပ်ဆောင်နိုင်မှ အောင်မြင်မည် ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်ကို ပြန်ရောက်သည့်အချိန်တွင် မြို့နယ်တွင်ဖြစ်ဖြစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင်ဖြစ်ဖြစ် ယခုကိစ္စကို မည်ကဲ့သို့လုပ်ရမည် ဆိုသည့် အချက်ကို ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးပါ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများက ပေးသည့် အကြံများကို မိမိတို့က Seriously သေသေချာချာ လက်ခံစဉ်းစားပြီး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။