ဒေါက်တာဦးခင်မောင်မောင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)
PAROLE SYSTEM ဆိုသည်မှာ အကျဉ်းသားများကို မိမိမှ အဆိုပါမေးခွန်းကို မေးထားသည်မှာ ပြီးခဲ့သည့် သြင်္ကန်မတိုင်ခင် (၁၁) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် တင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းအချိန်က မိမိတို့မြန်မာနိုင်ငံ၏ အကျဉ်းထောင်များတွင် အကျဉ်းသားများ အဆမတန်များပြားနေခြင်း၊ ထားရှိနိုင်သည့်အကျဉ်းသားများ လက်ခံနိုင်သည့် အကျဉ်းသားများ နှစ်ဆခန့်ကို ၎င်းတွင်ထားပြီး ထိန်းသိမ်းနေရသည့်အတွက် လူများတော်တော် ဒုက္ခရောက်သည်ကို သိရပါကြောင်း၊ အကျဉ်းသားများ ဒုက္ခရောက်သည့်အပြင် အကျဉ်းဝန်ထမ်းများကလည်း အင်မတန် ခက်ခက်ခဲခဲ ထိန်းချုပ်နေရသည်ကိုလည်း မိမိတို့ သိရှိရပါကြောင်း၊ ၎င်းမှာ ပြီးခဲ့သည့် သြင်္ကန်က နိုင်ငံတော်သမ္မတကြီးက ၎င်း၏လုပ်ပိုင်ခွင့်အရ သုံးကြိမ်ပေးခဲ့သဖြင့် တော်တော်များများကို လွှတ်ပေးခဲ့ပါကြောင်း၊ ယခု မိမိမေးမြန်းသည့် PAROLE SYSTEM ဆိုသည်နှင့်မဆိုင်ပါကြောင်း၊ သမ္မတကြီး၏ လုပ်ပိုင်ခွင့်အရပေးခြင်း၊ PAROLE SYSTEM ဆိုသည်မှာ အကျဉ်းသားများကို ပြစ်ဒဏ်ပေးထားသည့် လွတ်ရက်မတိုင်မီ ကြိုတင်လွှတ်ပေးခြင်း ဖြစ်ပါကြောင်း၊ PAROLE SYSTEM အရ လွှတ်ပေးလိုက်သည့် အကျဉ်းသားသည် ၎င်းလိုက်နာရမည့် စည်းကမ်းချက်များ၊ ကတိဝန်ခံချက်များနှင့် ယာယီလွှတ်ပေးလိုက်ခြင်း ဖြစ်ပါကြောင်း၊ ထောင်ပြင်ပ ရောက်လျှင်လည်း စောင့်ကြပ်ကြည့်ရှုရေး ဌာနနှင့် ရပ်ကွက်လူကြီးများက စောင့်ကြည့်မှုအောက်တွင် သတ်မှတ်ထားသော စည်းကမ်းအတိုင်း နေထိုင်ရပါမည်၊ သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း မနေထိုင်ပါက ထောင်ထဲကိုပြန်ပို့၍ ရပါကြောင်း၊ တစ်နည်းအားဖြင့်ပြောရလျှင် ဝန်ခံချုပ်ဖြင့်ထောင်မှ လွှတ်ပေးလိုက်သည့် သဘောဖြစ်ပါကြောင်း၊ ထိုအခါ ၎င်းကိုမလွှတ်ပေးခင် ၎င်းတို့၏ မိဘနှင့် ရပ်ကွက်က သူတို့ကိုပြန်လွှတ်ပေးသည်ကို လက်ခံသဘောတူသည့် အကြောင်းကိုလည်းရယူရန် လိုပါကြောင်း၊ ၎င်းမှ မြန်မာနိုင်ငံတွင် ကလေးသူငယ်များကို အဆိုပါစနစ် ကျင့်သုံးနေသည်ကို သိရှိရပါကြောင်း၊ အာဆီယံနိုင်ငံ (၁၀) နိုင်ငံတွင် (၇) နိုင်ငံက ကျင့်သုံးပါကြောင်း၊ မကျင့်သုံးသည်က မိမိတို့ မြန်မာနိုင်ငံက မကျင့်သုံးသေးပါကြောင်း၊ မိမိတို့က ယခုလိုလုပ်ခြင်းအားဖြင့် မည်သည့်အကျိုးအမြတ်များရရှိနိုင်သနည်း ဆိုသည့်အခါ တစ်ခါတလေ ထောင်ထဲရောက် နေသည့် သူများအားလုံးသည် လူဆိုးများမဟုတ်ပါကြောင်း၊ အကြောင်းကြောင်းကြောင့် တစ်ခါတလေ မမျှော်လင့်ဘဲ ရောက်ရှိသွားခြင်း၊ မတော်တဆရောက်သွားသည့် သူများလည်းရှိသကဲ့သို့ ထောင်ထဲရောက်မှ နောင်တရသွားသည့် သူများလည်း ရှိပါကြောင်း၊ ၎င်းမှာ ထောင်ထဲတွင် သူတို့က စည်းကမ်းတကျ နေထိုင်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ ယခုလိုနေထိုင်သည့်အခါ ၎င်းတို့ကို အကျဉ်းဦးစီးဌာနက တာဝန်ခံထောင်အရာရှိက ၎င်းကိစ္စကို Parole ဟုတင်ပြပြီး လွှတ်ပေးသင့်ပါကြောင်း၊ ဝန်ခံချုပ်ဖြင့် လွှတ်ပေးသင့်သည် ဆိုသည့်စနစ်ကို မိမိတို့နိုင်ငံတွင် ထူထောင်ထားခြင်း မရှိသည့်အတွက် ယခုလိုစနစ်ထူထောင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိခဲ့မည်ဆိုလျှင်လည်း မည်သည့်အချိန်တွင် စတင်လုပ်မည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ အကျဉ်းထောင် ၄၂ ခု၊ အချုပ်ထောင် ၅ ခု၊ ကုန်ထုတ်စခန်း ၁၈ ခု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် အတတ်သင်စခန်း ၃၀ ခု စုစုပေါင်း ၉၅ ခု ဖွင့်လှစ်ထားရှိပြီး ဖွဲ့စည်းပုံအရ သတ်မှတ်ဝင်ဆံ့အင်အားမှာ ၇၁၀၀၀ ဦး ဖြစ်ပါကြောင်း၊ ဖွင့်လှစ်ထား ရှိသည့် အကျဉ်းထောင်၊ အချုပ်ထောင်အလုပ် စခန်းများ၏ အိပ်ဆောင်အနေအထားအရ အကျဉ်းသား တစ်ဦးလျှင် ၁၈ စတုရန်းပေနှင့် တွက်ချက်မည်ဆိုပါက ၇၄၁၅၃ ဦး ဝင်ဆံ့နိုင်မည် ဖြစ်ပါကြောင်း၊ ၂၉-၅-၂၀၁၉ ရက်နေ့ ထောင်ပိတ်အင်အားစာရင်းအရ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူ စုစုပေါင်း ၈၅၇၉၅ ဦး ထိန်းသိမ်းထားရှိလျက် ရှိသောကြောင့် လူဦးရေ ၁၁၆၄၂ ဦးအား သတ်မှတ်အင်အားထက် ၁၆ ရာခိုင်နှုန်း ပိုမိုလက်ခံထားရှိနေရသဖြင့် အကျဉ်းသားဦးရေ လျှော့ချရေး အစီအမံထားရှိရန် လိုအပ်လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံခြားတိုင်းပြည်များမှာ ကျင့်သုံးလျက်ရှိသော Parole System ခေါ် ပြစ်ဒဏ်မစေ့မီ ကျန်ပြစ်ဒဏ်ကာလကို ပြင်ပတွင်ကောင်းမွန်စွာ နေထိုင်မည်ဟူသော ကတိခံယူချက်ဖြင့် လွှတ်ပေးခြင်းစနစ်ကို လက်ရှိကျင့်သုံးခြင်း မရှိသော်လည်း လက်ရှိလူဦးရေ ကျပ်တည်းမှုကို ရေရှည်ဖြေရှင်းရန်အတွက် အဆိုပါစနစ်ကျင့်သုံးရန် စတင်စီစဉ်ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ အကျဉ်းထောင်များမှ အကျဉ်းသားကျပ်တည်းမှု ပြဿနာဖြေရှင်းရေး အကြံပြု စံထားများအား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှလည်းကောင်း၊ အကျဉ်းထောင် စခန်းများမှာ အကျဉ်းသားဦးရေ ကျပ်တည်းမှုအခြေအနေများ ဖြစ်ပေါ်နေမှုကို ပြည်ထဲရေး ဝန်ကြီးဌာနမှ လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့မှုအပေါ် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထဲရေးဝန်ကြီးဌာနက Focal အဖြစ် တာဝန်ယူဆောင်ရွက်၍ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပြီး အကျဉ်းသားစိစစ်လျှော့ချရေး ကော်မတီဖွဲ့စည်းဆောင်ရွက် သွားရန်နှင့် လိုအပ်ပါက တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်းကော်မတီများနှင့် ဖွဲ့စည်းဆောင်ရွက်သွားရန် လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊ အကျဉ်းသားများ ကျပ်တည်းမှုပြဿနာ ဖြေရှင်းရေးအတွက် ၅-၂-၂၀၁၉ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်သော တပ်ဖွဲ့ဦးစီးဌာနများမှ အရာရှိကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန ဥပဒေအကြံပေးကော်မတီတို့ဖြင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး ထောင်ဝင်ဖြင့် လွှတ်ပေးသည့် အကျဉ်းသားများအား စောင့်ကြပ်ကြည့်ရှု လေ့လာခြင်းဆိုင်ရာ Proportion Law မူကြမ်းအား ပြည်ထဲရေးဝန်ကြီးဌာန၊ ဥပဒေအကြံပေး ကော်မတီဖြင့် အသေးစိတ်ညှိနှိုင်းရေးဆွဲပြီး အတည်ပြုဆုံးဖြတ်ချက် ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါဥပဒေမူကြမ်းကို အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဥပဒေအကြံပေးကော်မတီတို့ဖြင့် ၆-၂-၂၀၁၉ ရက်နေ့တွင် ပထမအကြိမ် ၁၈-၃-၂၀၁၉ ရက်နေ့မှ ၁၉-၃-၂၀၁၉ ရက်နေ့အထိ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပပြီး ဥပဒေမူကြမ်းအား အခန်း (၁၀) ခန်းဖြင့်ရေးဆွဲ၍ အတည်ပြုနိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ ထိုသို့ဆွေးနွေးခဲ့ရာ ဥပဒေမူကြမ်း၏ အခန်း (၁၀) ခန်းအနက် (၇) ခန်းကို အတည်ပြုနိုင်ခဲ့ပြီး အခန်း (၆) နှင့် အခန်း (၇) တို့သည် တရားရုံးများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များနှင့် တရားစီရင်ရေးနှင့် မူဝါဒများဖြစ်ပါသဖြင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး၏ မူဝါဒ၊ ဥပဒေ၊ စကားလုံးအသုံးအနှုန်းများနှင့် ကိုက်ညီရန် လိုအပ်သောကြောင့် ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံးမှတာဝန်ရှိသူများနှင့် ညှိနှိုင်းပြင်ဆင်ရန်လိုအပ်ခြင်း၊ အခန်း (၈) ပုဒ်မ ၃၈ တွင် ပို့ကုန်များ၏ ဘဝရပ်တည်မှုနှင့် လူ့အဖွဲ့အစည်းများအတွင်း သင့်တင့်လျောက်ပတ်စွာ နေထိုင်နိုင်သူများ ဖြစ်လာစေရန် စဉ်းစားသုံးသပ်၊ လိုအပ်သည့် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ပေးရမည် ဖြစ်သည့်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြင်ဆင်ရန် လိုအပ်ခြင်းတို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းမူကြမ်း၊ ဥပဒေမူကြမ်းအား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများဖြင့် ညှိနှိုင်းအတည်ပြု ရေးဆွဲပြီးပါက ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက်တောင်းခံ သွားမည်ဖြစ်ပြီး ဥပဒေအတည်ပြုပြဋ္ဌာန်း ပြီးသည်အထိ အဆင့်ဆင့်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
သို့ပါ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနအနေဖြင့် နိုင်ငံခြားတိုင်းပြည်အချို့တွင် ကျင့်သုံးလျက်ရှိသော Parole System ခေါ် ပြစ်ဒဏ်မစေ့မီ ကျန်ပြစ်ဒဏ်ကာလကို ပြင်ပတွင် ကောင်းမွန်စွာ နေထိုင်ပါမည်ဟု ကတိခံဝန်ချက်ဖြင့် လွှတ်ပေးခြင်းစနစ်ကဲ့သို့ ဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံအကျဉ်းထောင်များနှင့် ကိုက်ညီသည့် ခံဝန်ဖြင့်လွှတ်ပေးသည့် အကျဉ်းသားများအား စောင့်ကြပ်ကြည့်ရှုလေ့လာခြင်းဆိုင်ရာ ဥပဒေ (Proportion Law) မူကြမ်းကို စတင်ရေးဆွဲနေပြီ ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေကို အတည်ပြုပြီးပါက ဥပဒေနှင့်အညီ အကောင်အထည်ဖော် ကျင့်သုံးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
