မန္တလေးမြို့ GMP တိုင်းရင်းဆေးဝါးစက်ရုံအဆောက်အဦနှင့် တပ်ဆင်ထားသော စက်ပစ္စည်းများသည် GMP စံသတ်မှတ်ချက်အရည်အသွေးများ ပြည့်မီမှုရှိ/မရှိနှင့် စက်ရုံကြီးပြီးသွားပါက တိုင်းရင်းဆေးရုံနှင့် ဆေးကုသဌာနများအတွက် လိုအပ်သောဆေးဝါးများအား အရည်အသွေးပြည့်မီစွာ အလုံအလောက် ထုတ်လုပ်ပေးနိုင်မည့် အခြေအနေရှိ/မရှိသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာ့တိုင်းရင်းဆေးမှာ ခုတင် ၁၀၀ ဆံ့တိုင်းရင်းဆေး ရုံကြီးသုံးရုံအပါအဝင် တိုင်းရင်းဆေးရုံပေါင်း ၄၀ ရှိပါကြောင်း၊ ခရိုင်နှင့်မြို့နယ် ဆေးကုဌာနပေါင်းက ၂၆၀ ထိရှိပါကြောင်း၊ အဆိုပါဆေးရုံ၊ ဆေးခန်းများအတွက် သုံးရန်ဆေးဝါးများကို ရန်ကုန်နှင့်မန္တလေးတွင်ရှိသည့် တိုင်းရင်းဆေးဝါး စက်ရုံနှစ်ရုံမှ ဆေးဝါး ၂၅ မျိုးကို ထုတ်လုပ်နေခြင်းဖြစ်ပြီး အများအားဖြင့် ထုတ်လုပ်သည်မှာ ဆေးမှုန့်များ ဖြစ်ပါကြောင်း၊ ထုတ်ပိုးမှုကစပြီး တော်တော်ခေတ်နောက်ကျခြင်း၊ ဆွဲဆောင်မှု မရှိသည်ကို တွေ့ရှိရပါကြောင်း၊
အထက်ဖော်ပြပါ များပြားလှသည့် တိုင်းရင်းဆေးရုံများနှင့် ဆေးကုဌာနများအတွက် လိုအပ်သည့် ဆေးဝါးများကို အရည်အသွေးစံနှုန်းပြည့်မီစွာ ကောင်းမွန်သော ကျင့်စဉ်နှင့်အညီ ထုတ်လုပ်မည့် GMP အဆင့် တိုင်းရင်းဆေးဝါး စက်ရုံကြီးကို မန္တလေးမြို့တွင် တည်ဆောက်နိုင်ရေး ၂၀၁၂-၁၃ ဘတ်ဂျက်နှစ်မှစပြီး ငွေလုံးငွေရင်း ဘဏ္ဍာငွေများ ချပေးခဲ့သည်မှာ ယခုဆိုလျှင် ၄.၆၇ ဘီလီယံ ထိ ဖြစ်ပါကြောင်း၊ စက်ရုံကြီးကို ၂၀၁၉ ခုနှစ် မတ်လထဲတွင် ဖွင့်ပွဲလုပ်ခဲ့သော်လည်း တစ်ရက်သာ လည်ပတ်ပြီး ရပ်သွားခြင်း၊ ဆေးမှုန့်ငါးမျိုးကိုသာ ထုတ်လုပ်ပြခဲ့ခြင်း ရှိပြီးသားစက်ရုံနှစ်ရုံ အဆင့်ထိတောင် စွမ်းဆောင်ရည် မရှိသေးသည်နှင့် အပြည့်အဝ မလည်ပတ်နိုင်သေးသည့်အတွက် ၂၀၁၉-၂၀ ဘတ်ဂျက်တွင် ရန်ပုံငွေထပ်တောင်းပြီး ဆောင်ရွက်သွားမည်ဟု တွေ့ရ၊ မြင်ရ၊ ကြားရသဖြင့် ပြည်သူ့ဘဏ္ဍာငွေများ အဟောသိကံများ ဖြစ်သွားပြီလား ဆိုသည်ကို အလွန်စိုးရိမ်ရပါကြောင်း၊
မိမိတို့နိုင်ငံတွင် အလွန်လိုအပ်နေသည့် စံရည်မီအဆင့်မြင့်ဆေးဝါး ထုတ်လုပ်နိုင်ရေး နိုင်ငံတကာ အဆင့်မီသည့် GMP တိုင်းရင်းဆေးဝါးစက်ရုံကြီး တည်ဆောက်ရေးကို တိုင်းပြည်အလွန်ချို့တဲ့သည့် ဘဏ္ဍာငွေကြေးများထဲမှ ငါးဘီလီယံနီးပါးကို ရည်ရွယ်ချက်ကြီးမားစွာဖြင့် ချထားပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း ရပ်ကွက်လူနေအိမ် များကြားမှာ အလွန်မသင့်တော်သည့် နေရာတွင် တည်ဆောက်ခြင်း စက်ရုံကြီးအနေဖြင့် ရေသန့်သုံးစွဲမှုနှင့် ရေဆိုးထုတ်လုပ်မှုများ စနစ်မကျခြင်း၊ Transformer နှင့် မီးစက်ကိုပိတ်ဆို့ ဆောက်လုပ်ထားခြင်း၊ စက်များထားရှိခန်းများ အချိုးအစား မညီသည့်အတွက် အုတ်နံရံများ ဖြိုချခဲ့ရခြင်း၊ စတင်ဆောက်ကတည်းက GMP စံကိုက်လိုင်းအတိုင်း မဟုတ်ဘဲ အလွဲအမှားများစွာများ ဖြစ်ခဲ့ခြင်းကို စုံစမ်းစစ်ဆေးရေး အဖွဲ့များဖွဲ့ပြီး အကြိမ်ကြိမ်စစ်ဆေးခဲ့ သော်လည်း မှားယွင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ အဖြေမထွက်ခြင်းများက အလွန်စိတ်ပျက် စရာ၊ စိုးရိမ်စရာများ ဖြစ်ရပါကြောင်း၊
ဆေးဆရာများ၏ အဓိကလက်နက်မှာ ဆေးဝါးဖြစ်ပါကြောင်း၊ တိုင်းရင်းဆေး အမျိုးပေါင်း ၁၀၀ ခန့်ရှိပြီး တိုင်းရင်းဆေးဖုံ ၅၇ မျိုးရှိပါကြောင်း၊ ၎င်းတို့ထဲမှ ၂၅ မျိုးကိုသာ ဆေးမှုန့်များအဖြစ်သာ ထုတ်လုပ်ပြီး ရေလဲသုံးနေကြရခြင်း ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆိုလျှင် စံမီသည့် အဆင့်မြင့်ဆေးဝါးများ ထုတ်လုပ်ရန် လိုအပ်သလို အမျိုးအမည်များကိုလည်း ထပ်တိုးထုတ်လုပ်ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းဆေး ဘတ်ဂျက်ကိုလည်း ကျန်းမာရေးဘတ်ဂျက်၏ တစ်ရာခိုင်နှုန်းသာ သုံးစွဲနေသည်ကိုပြင်ပြီး ထပ်တိုးပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏ တိုင်းရင်းဆေးများသည် ကမ္ဘာမှာရှေ့တန်းကို ရောက်နေကြသော်လည်း မြန်မာ့တိုင်းရင်းဆေးက အလွန်နောက်ကောက်ကျ ကျန်နေခဲ့သည်ကို လေ့လာတွေ့ရှိ ရပါကြောင်း၊
မြန်မာနိုင်ငံတွင်ရှိသည့် ပုဂ္ဂလိကတိုင်းရင်းဆေးဝါး စက်ရုံအချို့ကို ကိုယ်တိုင်သွားရောက်ပြီး လေ့လာကြည့်သည့်အခါ စက်ရုံကြီးနှစ်ရုံသည် GMP စံသတ်မှတ်ချက်အတိုင်း ကြိုးစားဆောင်ရွက်နေ ခြင်းကို တွေ့ရှိရပြီး ကျန်ဆေးဝါးစက်ရုံများကလည်း ISO လက်မှတ်များ ရထားပြီး GMP အဆင့်ဖြစ်ရေး စံသတ်မှတ်ချက်များအတိုင်း ကြိုးစားဆောင်ရွက် နေခြင်းကို အားရစွာတွေ့ရှိရသော်လည်း မန္တလေး မြို့ GMP တိုင်းရင်းဆေးဝါး စက်ရုံကြီးက ကုန်ကျမှုများ များသလောက် အကျိုးရလဒ်ကောင်းများ ထွက်မလာသည်ကို ဝမ်းနည်းစွာ တွေ့ရှိရုသည့်အတွက် အဆိုပါမေးခွန်းကို မေးမြန်းရခြင်းဖြစ် ပါသည်။
မိမိတို့အနေဖြင့် စက်ရုံကြီးကို ဆောက်သည်ဆိုတာက စပြီးခေါ်တည်းက GMP ဟုခေါ်ပါကြောင်း၊ ၂၀၁၂-၁၃ ခုနှစ်ကစပြီး တည်ဆောက်ရေးအတွက် ၃.၆၅ ဘီလီယံသုံးသည်။ စက်နှင့် စက်ပစ္စည်းအတွက်ကို ၁.၀၂ ဘီလီယံသုံးသည်။ စုစုပေါင်း ၄.၆၇ ဘီလီယံက ဝင်သွားပြီ။ ယခုအစိုးရ တက်လာသည့် အချိန်တွင် ၎င်းကိုကြည့်သည့်အခါ အလွန်များပြားသော Investment များ ပေးထားသည့်အတွက် အမြန်ဆုံးဖွင့်မှကောင်းမည်ဖြစ်သော်လည်း မဖွင့်ခင် လိုအပ်ချက်များ ကြည့်ရမည် ဆိုသည့်အတွက် မိမိအနေဖြင့် Holistic Reviews ဆိုပြီး Team တစ်ခုလွှတ်ခြင်း၊ စုံစမ်းစစ်ဆေးရေး ပစ္စည်းများဝယ်ခြင်းကို မှန်လား/မမှန်ဘူးလား။ အကုန်လုံး၊ အကုန်လုံးကို စုံစမ်းရေးအဖွဲ့ နှစ်ဖွဲ့ဖွဲ့ပြီး တစ်ခါလွှတ်ခြင်း၊ နောက်တစ်ခါ ဂျပန်က Toyama University ကလာပြီး GMP ဖြစ်ဖို့ဆို ဘာလိုလဲဆိုတာ လွှတ်ပါကြောင်း၊ Technical Advisory Group on Traditional Medicine က လူကြီးများကိုလည်း သွားရောက်ကြည့်ပါကြောင်း၊ ဆိုလိုသည်မှာ အဆိုပါစက်ရုံကြီးကို အမြန်ဆုံးဖွင့်မှ ဖြစ်မည်၊ မဖွင့်လျှင် မဖြစ်တော့ပါကြောင်း၊ အဆိုပါ ပိုက်ဆံ ၄.၆၇ ထည့်ထားပြီး မဖွင့်လျှင် မိမိမှာ တာဝန်ရှိပါကြောင်း၊ အမြန်ဆုံးဖွင့်အောင်ဆိုပြီး လုပ်လိုက်ပါကြောင်း၊ လုပ်သည့်အခါ စက်ရုံလည်ပတ်သည့် အဆင့်ဖြစ်သွားပြီး ၂၀၁၉ ခုနှစ် မတ်လတုန်းက ဖွင့်ခဲ့ပါကြောင်း၊ ဖွင့်သည့်အချိန်တွင်လည်း နာမည်ကိုပြောင်း လိုက်ပါ။ GMP ဆိုသည့်စာကြီးကို မိမိတို့ ထုတ်လိုက်ပါကြောင်း၊ GMP ဆိုတာ လုံးဝမဖြစ်နိုင်ပါကြောင်း၊ မန္တလေးတိုင်းရင်းဆေးဝါး စက်ရုံ GMP လုပ်နိုင်ရေးအတွက်ဆိုလျှင် WHO အတွက် Guideline ရှိပါကြောင်း၊ စာမျက်နှာ ၉၂ မျက်နှာရှိပါကြောင်း၊ ကျွမ်းကျင်ဝန်ထမ်းပေါင်း ၂၅၀၊ နိုင်ငံပေါင်း ၁၅၀၊ WHO Collaborating Center ကနေပြီး သတ်သတ်မှတ်မှတ် လုပ်ထားသည့် စာအုပ်ကြီးရှိပါကြောင်း၊ ၎င်းစာအုပ်တွင် ပါသည့်အတိုင်း လုပ်ရမည်။ မိမိတို့နိုင်ငံသည် အဆိုပါစက်ရုံနှင့် လုံးဝမဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့မှာ အကုန်ရှိပါကြောင်း၊ Good Manufacturing Practice Audit Checklist ရှိပါကြောင်း၊ ၎င်းမှာ Question များအကုန်လုံး ရှိပါကြောင်း၊ အဆိုပါအရာများသည် ဘယ်လိုမှမရနိုင်ပါကြောင်း၊ ထို့အပြင် မိမိပြန်ကြည့်သည့်အခါ GMP ရရှိရန်ဆိုလျှင် အနည်းဆုံး ၁၇ ချက်ရှိရပါကြောင်း၊ မိမိတို့အနေဖြင့် ASEAN Guideline လည်း ရှိပါကြောင်း၊ ASEAN GMP Practice များကို မမီနိုင်ပါကြောင်း၊ မမီသော်ငြားလည်း GMP ကြီးကို ရပြီးဆောက်မှ မိမိတို့ဖွင့်မည်ဆိုလျှင် မိမိတို့ရှုံးမည်၊ အမြန်ဆုံးစဖွင့်မည် ဖြစ်သည့်အတွက် မိမိတို့နေရာက တိုင်းရင်းဆေးမှာ အများကြီးရှိပါကြောင်း၊ ရန်ကုန်မှာ တိုင်းရင်းဆေးစက်ရုံ ရှိပါကြောင်း၊ မန္တလေးမှာ အဆိုပါစက်ရုံကြီး မဖွင့်ခင်က အဟောင်းတစ်ခု ရှိပါကြောင်း၊ အဟောင်းကိုပိတ်လိုက်ပြီး အသစ်မှာစပြီး ဖွင့်ပါကြောင်း၊ ပြန်ကြည့်သည့်အခါ ဝန်ထမ်းများအနေဖြင့်လည်း လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ပြောသည့်အတိုင်း အလွန်နည်းပါပါကြောင်း၊ GMP စက်ရုံတစ်ရုံဝန်ထမ်းသည် ၃၄ ဦးဆိုတာ တခြားနိုင်ငံကကြားလျှင် ရယ်စရာဖြစ်နေမည် ဖြစ်ပါကြောင်း၊ မန္တလေးတွင်ရှိသည့် တိုင်းရင်းဆေးဝါး လည်ပတ်မှုအတွက် အရာထမ်းကခုနစ်ဦး၊ အမှုထမ်းက ၂၇ ဦး စုစုပေါင်း ၃၄ ဦး၊ အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဥပမာ စက်တွေလိုပါကြောင်း၊ HPSC-High Performance Thin Layer Chromatography လိုပါကြောင်း၊ High Performance Liquid Chromatography ကအစ အများကြီးလိုပါကြောင်း၊ မိမိတို့တွင် ၎င်းတို့ရှိမည်ဆိုပါက အရည်အသွေးပြည့်မီသည့် တိုင်းရင်းဆေးကို ရရှိမည် ဖြစ်ပါကြောင်း၊ ၎င်းကိုကြည့်သည့်အခါ မိမိအနေဖြင့်က လွှတ်တော်ကိုယ်စားလှယ်ကြီး အပြိုင်တိုးထုတ်မည်၊ မိမိတို့တိုးထုတ်မည်ဆိုသည်က တိုင်းရင်းဆေးမှာက ဆေးရုံပေါင်း ၁၆ ခုတင်မှ ခုတင် ၁၀၀ ရှိသည့်ဆေးရုံ ၄၀ ရှိပါကြောင်း၊ တိုင်းရင်းဆေးပေးခန်း ၂၁၀ ရှိပါကြောင်း၊ ၎င်းမှာ လာကုသည့် လူနာပေါင်းက ဥပမာဆိုလျှင် အတွင်းလူနာ ၂၀၁၈ ခုနှစ်တုန်းက ၁၈၀၀၀၊ အပြင်လူနာ ၃၅၀၀၀၀၊ ကွင်းဆင်းကုသ ၆၀၀၀၀ ရှိပါကြောင်း၊ မြို့နယ်တိုင်းရင်းဆေးခန်း များကလည်း ကွင်းဆင်းကုသသည်မှာ ၂၂၀၀၀၀၊ လာပြသည်မှာ ၆၀၀၀၀၀ ခန့်ရှိပါကြောင်း၊ ၎င်းတို့အပေါ် မိမိတို့က မည်သည့်ဆေးသည် အသုံးများသနည်း၊ အဖုံများအများကြီးရှိပါကြောင်း၊ အဖုံများသည့် ဆေးထုတ်မည်၊ အဖုံသုံးသည့်ဆေးကို သွားထုတ်၍မရပါကြောင်း၊ ကြားထဲက မိမိတို့က သေသေချာချာ လုပ်ခိုင်းထားပါကြောင်း၊ မည်သည့်ဆေးသည် အသုံးများသနည်း၊ အသုံများသည့် ဆေးအဖုံများ စပြီးထုတ်မည်။ အခုလောလောဆယ် လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့်အတိုင်း ငါးမျိုးခန့်ကိုသာ ထုတ်နိုင်သေးပါကြောင်း၊ အဆိုပါစက်ရုံတွင် ငါးမျိုးထုတ်ပြီး မေလမှ စက်တင်ဘာလ အထိ နောက်ထပ်ငါးမျိုး၊ ဆယ်မျိုးထုတ်မည်၊ လာမည့်နှစ်တွင် အရေအတွက်များသည့်အပြင် ထုတ်သည့် ပမာဏကိုလည်း နှစ်ဆထုတ်ရန် ညွှန်ကြားရေးမှူးချုပ်နှင့်လည်း အကုန်ပြောထားပြီး ဖြစ်ပါကြောင်း၊ ၎င်းတို့ကလည်း ထုတ်ရန်ရှိပါကြောင်း၊
မိမိပြန်ကြည့်လိုက်သည့်အခါ ဥပမာ အမှုန့်ကြိတ်သည့် စက်ဖြင့်သွားကြည့်မည်ဆိုလျှင် အဆိုပါအမှုန့် ကြိတ်သည့် စက်နှင့်က မိမိတို့တိုင်းရင်းဆေးဖြင့် မကိုက်ပါကြောင်း၊ အနောက်တိုင်းဆေးအတွက်သာ ကိုက်ညီသည်ကို တွေ့ရှိရပါကြောင်း၊ ဒါတွေက ပစ္စည်းများ ဝယ်ပြီးနေပြီ၊ မိမိတို့ရောက်သည့် အချိန်တွင် အစိုးရသစ်တက်ပြီး လာသည့်အချိန် အကုန်ဝယ်ပြီးသွားပြီ ဖြစ်ပါကြောင်း၊ အချို့ပစ္စည်းများက တရုတ်ကလာသည့် ပစ္စည်းဖြစ်ပါကြောင်း၊ အချို့က ဂျပန်ကစက်တစ်ခု ရှိပါကြောင်း၊ အလွန်ကောင်းသည်ကို တွေ့ရှိရပါကြောင်း၊ Tablet များ မိမိတို့အခု Tablet များကို စပြီး အမှန်ဆုံးထုတ်ရန် လုပ်နေပါကြောင်း၊ ဆိုလိုသည်က အဆိုပါစက်ရုံကြီးကို လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့်အတိုင်း မျက်ခြေမပြတ် သေချာလုပ်နေပါကြောင်း၊ နောက်တစ်ချက်က မိမိတို့နိုင်ငံတွင် တိုင်းရင်းဆေးတစ်ခု၏ Quality အရည်အသွေး ပြည့်မီမှုသည် ကုန်ကြမ်းပေါ် မူတည်ခြင်း၊ ကုန်ကြမ်းကို မိမိတို့တင်ဒါခေါ်ယူ ဝယ်ယူသည့်အခါ သဲများပါပါကြောင်း၊ ကုန်ကြမ်းတွင်လည်း ကုန်ကြမ်း (က) ဆိုလျှင် (က) ပါရမည်၊ တစ်ဖက်က (ခ) ရောခြင်းရှိမည်၊ (ဂ) ရောခြင်းလည်းရှိမည်၊ မိမိတို့နိုင်ငံတွင် ဘက်စုံတိုးတက်ရန်လည်း စိုက်ပျိုးရေးဝန်ကြီးဌာနကလည်း ပံ့ပိုး ပေးရမည်၊ တောင်သူများကိုလည်း အရည်အသွေးပြည့်မီသော တိုင်းရင်းဆေးအပင်များကို စိုက်ရန် လိုပါကြောင်း၊ အဆိုပါ တိုင်းရင်းဆေးစက်ရုံကြီးကို GMP Standard ဖြစ်ဖြစ် Quality ထုတ်ရန် ဝန်ကြီးဌာနတစ်ခုတည်းဖြင့် လုပ်၍မရပါကြောင်း၊ အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနပံ့ပိုးမှုကို ရမှသာလျှင် တိုင်းရင်းဆေးရုံကြီးက ထွက်လာသည့် ဆေးများသည် အရည်အသွေး ပြည့်ဝသော ဆေးများရပြီး ပြည်သူများကို အရည်အသွေး ပြည့်ဝသော ဆေးများရရှိမည် ဖြစ်ပါကြောင်း၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည်က တိုင်းရင်းဆေးတွင် Mix လုပ်ခြင်း၊ Combine လုပ်ခြင်းဆိုသည်က အနောက်ပိုင်းထက် ပိုခက်ပါကြောင်း၊ အနောက်ပိုင်း Mix နှင့် Combine လုပ်ခြင်း Chemical များကိုလုပ်ခြင်း မိမိတို့က တိုင်းရင်းဆေး Raw Material လုပ်သည့်အခါ အလွန်ခက်ပါကြောင်း၊ အချိုးအစားခက်သည့်အပြင် ၎င်းအချိုးအစား လုပ်သည့်ကိစ္စတွင်လည်း Content၊ မည်မျှ Active API, Active Ingredient မည်မျှပါလဲဆိုတာလည်း ကြည့်ရပါကြောင်း၊ ၎င်းတို့ကို မိမိတို့က တွက်ရန်လိုပါကြောင်း၊ တွက်ရန်ဆိုသည်မှာ တော်ရုံတွက်၍မရပါကြောင်း၊ စက်ကိရိယာများ အများကြီးလိုပါကြောင်း၊ မိမိတို့အနေဖြင့် ပိုရမည်ဖြစ်ပါကြောင်း၊ ဆိုလိုသည်က ပိုပြီးရှုပ်ထွေးခြင်း သို့သော်လည်း အဆိုပါရှုပ်ထွေးခြင်းကို မိမိတို့က Challenge ပေါ့။ ၎င်းကို ရအောင် ကျော်လွှားဖို့လိုမည်၊ ကျော်လွှားနိုင်ရေးအတွက်ကိုလည်း ယခု တိုင်းရင်းဆေးတက္ကသိုလ်ကြီးကို အားဖြည့်နေပါကြောင်း၊ မန္တလေးတွင် ရှိသည့်အတွက် တက္ကသိုလ်ဆရာ/မများသည် အခုနက တိုင်းရင်းဆေးဝါး စက်ရုံကြီးကိုလာပြီး အကြံဉာဏ်ပေးရမည်၊ အကုန်လုံးပံ့ပိုးပေးရမည်၊ ၎င်းအတွက်လည်း ပြီးခဲ့သည့်စနေနေ့တွင် ယခင်တုန်းက တိုင်းရင်းဆေးတွင်ရှိသည့် ပါမောက္ခများ၊ ပါမောက္ခချုပ်ကြီးများကို Professor Emeritus တို့၊ Honorary Professor တို့ပေးရန် ရှိပါကြောင်း၊ သို့မှသာလျှင် တိုင်းရင်းဆေးရုံကြီးက တိုးတက်မည့်အပြင် ပုဂ္ဂလိကထုတ်နေသည့် တိုင်းရင်းဆေးသည် တော်တော်လေး Develop ဖြစ်နေသုည့် တိုင်းရင်းဆေးဝါး စက်ရုံများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ရန်လိုအပ်ပါကြောင်း၊ ၎င်းတို့ကိုအကုန်လုံး လုပ်မှသာလျှင် လွှတ်တော်ကိုယ်စားလှယ်ကြီး လိုလားချက်ဖြစ်သည့် တိုင်းရင်းဆေး အရည်အသွေးပြည့်ဝမည့် တိုင်းရင်းဆေးစက်ရုံကြီး ဖြစ်သည့်အပြင် အရည်အသွေးပြည့်ရန်လည်း အဖွဲ့ဖွဲ့ထားပါကြောင်း၊ Good Manufacturing Practice စိစစ်အကဲဖြတ်ရေးအဖွဲ့ကို ဖွဲ့ထားပါကြောင်း၊ ၁၈-၄-၂၀၁၈ ရက်နေ့က မိမိကိုယ်တိုင်လက်မှတ်ထိုးပြီး ဖွဲ့ထားပါကြောင်း၊ ၎င်းအဖွဲ့က အဆိုပါစက်ရုံကြီး၏ လည်ပတ်မှုအခြေအနေကအစ အကုန်လုံးကို မကြာမကြာ သွားရောက်ကြည့်ပြီး ဘယ်လိုအရည်အသွေး ဖြစ်သည့်ကိစ္စများကို လုပ်မည်နည်း၊ GMP ကမရသေးသော်ငြားလည်း ထွက်လာသောဆေးများသည် ပြည်သူများကို အန္တရာယ်မရှိနိုင်သည့် ဆေးများဖြစ်ရမည်၊ အရည်အသွေးတတ်နိုင်သမျှ ကောင်းသည့်ဆေးများထုတ်ရန် ကြိုးစားနေပြီ ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမြင့်ဦး (သနပ်ပင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်သူ့အခွန်ဘဏ္ဍာငွေများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ တည်ဆောက်သည့်အခါ ငွေကုန်ကြေးကျနှင့် ထိုက်တန်သည့် အကျိုးရလဒ်များ ဖြစ်ထွန်းရန် အင်မတန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက GMP Guideline နှင့်ပတ်သက်ပြီး ဆောင်ရွက်နေခြင်းများကို အကျယ်တဝံ့ ရှင်းပြသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ GMP စက်ရုံကြီးအဖြစ် ထုတ်လုပ်မည်ဟု ကြေညာထားပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းမှာစလုပ်ကတည်းက စံများလည်းလွဲခြင်း ပြည်ထောင်စုဝန်ကြီးကလည်း အခက်အခဲများ အများကြီရှိသည်ဟု ပြောခဲ့သည်ကို ကျေးဇူးတင်ပါကြောင်း၊ နံပါတ်(၁) အချက်အနေဖြင့် မည်သည့်အတွက် GMP စက်ရုံကြီးအဖြစ် ရည်ရွယ်ထားပြီး သာမန်စက်ရုံ ဖြစ်သွားရသနည်းကို ထပ်မံရှင်းပြ ပေးစေချင်ပါကြောင်း၊ နောက်ပြီး အချိန်က ခုနစ်နှစ်နီးပါးကြာအောင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခု ထက်ထိလည်း မပြီးသေးပါကြောင်း၊ နောက်ထပ်လည်း ထပ်လုပ်ရဦးမည်ဆိုတော့ ထပ်မံ၍ မည်မျှကြာသည်အထိ အပြည့်အဝပြီးမည်နည်းဟု မိမိတို့စိုးရိမ်ပါကြောင်း၊ နောက်ပြီး အဆိုပါဌာနမှာ ဝန်ထမ်းလည်း အင်မတန် နည်းသည်ဟု ပြောသွားပါကြောင်း၊ ကျွမ်းကျင်သည့် ဝန်ထမ်းများကို ကြိုတင်ပြီး ပြုစုပျိုးထောင် မွေးထုတ်ထားရမည် ဖြစ်ပါကြောင်း၊ နောက်တစ်ချက်အနေဖြင့် မှားယွင်းသည့် ဆောင်ရွက်ခဲ့မှုအပေါ် တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူ နိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန် းမေးမြန်းပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
မိမိကို ပိုက်ဆံပေးလိုက်ပါ။ 3 Billion Dollar ပေးလိုက်ပါ။ နှစ်နှစ်အတွင်း GMP စက်ရုံကြီး ဖြစ်သွားစေရပါမည်။ ထို့ကြောင့် GMP စက်ရုံ မဖြစ်နိုင်သည့်အတွက် GMP ဆိုသည့်စာလုံးကို ဖယ်ပြီး တိုင်းရင်းဆေးဝါးဆိုပြီး လုပ်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိကို ပိုက်ဆံရအောင်လုပ်ပေးပါ။ မိမိအနေဖြင့် နှစ်နှစ်အာမခံပါကြောင်း၊ နှစ်နှစ်အတွင်းမရရှိပါက မိမိအလုပ်ထွက်ပေးပါမည် ဖြစ်ကြောင်း ဆက်စပ်မေးခွန်းအား ရှင်းလင်းဖြေကြားပါသည်။
