(ဆ)-ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်ရှိ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံအား ခုတင်(၁၀၀)ဆံ့အမျိုးသမီးဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၆)ရက်မြောက်နေ့(၆. ၆. ၂၀၁၉)

 

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ နေ့စဉ်များပြားစွာ လာရောက်ပြသ ကြကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် ပြင်ပလူနာအဖြစ် လာရောက်ပြသတာ ၁၂၀၀၀ ကျော်ရှိပါကြောင်း၊

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသည် အမှတ်(၃၂)၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၃.၂၈၂ ဧက ကျယ်ဝန်းပါကြောင်း၊ ယခင်က တာဝါလေးအမျိုးသမီးဆေးရုံ အမည်တွင်ခဲ့ပြီး ယင်းအဆောက်အဦကို ၁၉၃၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့တွင် အုတ်မြစ်ချတည်ဆောက်ခဲ့ပါကြောင်း၊ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အမျိုးသမီးနှင့်ကလေးများ စောင့်ရှောက်ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒေါ်ခင်ကြည်သားဖွား ဆေးရုံဟု အမည်ပြောင်းလဲအသုံးပြုခဲ့ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၃ ဦးဖြင့် စီမံခန့်ခွဲခဲ့ပါကြောင်း၊ ၁၉၅၃ ခုနှစ်တွင် ကျန်းမာရေးဦးစီးဌာနလက်အောက်သို့ ထားရှိပြီး နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် အကုန်အကျခံကာ တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၉၂ ခုနှစ်တွင် ဒေါ်ခင်ကြည်အမျိုးသမီး ဆေးရုံအမည်အစား ဗဟန်းအမျိုးသမီးဆေးရုံအမည်သို့ ပြောင်းလဲပြီး ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် ဖွဲ့စည်းခဲ့ပါကြောင်း၊ နောက်ပိုင်း ယင်းဆေးရုံမှာ တစစယိုယွင်းပျက်စီးပြီး မွေးလူနာမရှိသလောက် ဖြစ်ခဲ့ရပါကြောင်း၊ ၂၀၁၆ ခုနှစ် မေလတွင် တရုတ်-မြန်မာချစ်ကြည်ရေး တိုးမြှင့်ဆောင်ရွက်ချက်အရ အကြီးစားပြန်လည် ပြုပြင်ခဲ့ပါကြောင်း၊ သက်တမ်း ၈၄ နှစ်ရှိပြီဖြစ်သော မူလဆေးရုံအဆောက်အဦကို ရှေးပုံစံမပျက် ပြုပြင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရုတ်-မြန်မာချစ်ကြည်ရေးပုံရိပ် အဖြစ် ဒေါ်ခင်ကြည်အမျိုးသမီး ဆေးရုံကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယခုအခါ အတွင်းလူနာ ၄၀ ဦးအား ကုသပေးလျက်ရှိပြီး အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ကိုယ်ဝန်ဆောင်မိခင်များကို စောင့်ရှောက်ကုသပေးလျက် ရှိပါကြောင်း၊ ယခုအခါ ကိုယ်ဝန်ဆောင်မိခင်များစောင့်ရှောက်ကုသမှုမှာ တစ်နေ့တခြား တိုးတက်များပြား လျက်ရှိပြီး တစ်နေ့လျှင် ပျမ်းမျှ ၁၅၀ ဦးခန့် လာရောက်ပြသလျက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင် ၁၂၀၀၀ ကျော် စောင့်ရှောက်ကုသပေးခဲ့ရပါကြောင်း၊ ရိုးရိုးမွေးဖွားခြင်းနှင့် အရေးပေါ်ခွဲစိတ်ကုသခြင်းများကို ၂၄ နာရီ ပိတ်ရက်မရှိ လက်ခံကုသပေးလျက် ရှိပါကြောင်း၊ ထိုကြောင့် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသည် ကိုယ်ဝန်ဆောင်မိခင်များ၏ အားကိုးအားထားပြုရာနေရာတစ်ခု ဖြစ်လာနေပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အရှိန်အဟုန်ဖြင့် အင်ပြည့်အားပြည့်ဆောင်ရွက်နိုင်ရန် ဒေါ်ခင်ကြည်အမျိုးသမီး ဆေးရုံအား ခုတင် ၁၀၀ ဆံ့ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အဆိုပါဆေးရုံကြီးမှာ တရုတ်-မြန်မာ ချစ်ကြည်ရေးစီမံကိန်းအရ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဆောင်ရွက်သည့်အခါမှာလည်း ရေရှည်ကိုကြည့်ပြီး သေသေချာချာ တည်ဆောက်ပါကြောင်း၊ ပြင်ပလူနာဌာန၊ ခွဲစိတ်ခန်းနှစ်ခု၊ သားဖွားခန်း၊ မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခန်း၊ အထူးကြပ်မတ်ကုသခန်း၊ ဓာတ်ခွဲခန်းစသည်တို့ကို ထည့်သွင်းမွမ်းမံပြီး ပထမဦးဆုံးအတွင်းလူနာ ၄၀ ဦးကို တက်ရောက်ရန်အတွက်ကို နှစ်ထပ်ဆောင်အသစ် ဆောက်ပါကြောင်း၊ ရေရှည်ကိုကြည့်ပြီး အဆင့်မြင့်ဆောက်ပါကြောင်း၊ ဆောက်သည့်အခါကျတော့ မိမိအနေဖြင့် ပထမဦးဆုံး ပြောလိုသည်မှာ ဆေးရုံ၏တည်နေရာမှာ အလွန်အဓိကကျသည့်နေရာဖြစ်ကြောင်း၊ သူရဲ့ဝန်ဆောင်မှုပေးနိုင်သည့် Population၊ မိမိတို့ကျန်းမာရေးမှာတော့ Catchment Population ဟုခေါ်ပါကြောင်း၊ အလွန်ကျယ်ပြန့်သည့် ဆေးရုံတစ်ရုံဖြစ်ကြောင်း၊ အဆိုဒေါ်ခင်ကြည်ဆေးရုံကြီး မှာကောင်းရင် ဗဟိုအမျိုးသမီးဆေးရုံကို သွားသည့်လူနာနည်းသွားမည်ဖြစ်ကြောင်း၊ တောင်ဥက္ကလာသွားသည့် လူနာ နည်းသွားသည့်အပြင် ပြင်ပသားဖွားခန်းမှာလည်း မွေးသည့်လူနာနည်းသွားလျှင် မိမိတို့ ပြည်သူများမှာ အခမဲ့လာကုလို့ရသည့် နေရာဖြစ်မည်ဆိုတာ မိမိလည်းသိပါကြောင်း၊ ပြန်ကြည့်သည့်အခါ ဤဆေးရုံကို ပေးသင့်/မပေးသင့် ဆိုသည့်အချက်များကို စဉ်းစားပါကြောင်း၊ တောင်းတိုင်း၊ တောင်းတိုင်းတော့ မိမိတို့ပေးလို့မရပါကြောင်း၊ တကယ်ပေးသင့်လားဆိုသည်ကို ကြည့်သည့်အခါမှာ ဆေးရုံခုတင် အသုံးချမှုကတော့ ၅၈ ရာခိုင်နှုန်းသာ ရှိပါသေးကြောင်း၊ ၁၀၀ ရာခိုင်နှုန်းမပြည့်သေးပါကြောင်း၊ သို့သော် ဒီမှာ အတွင်းလူနာမှာဆိုလျှင် အဆ ၂၀၀ ခန့်တက်လာပါကြောင်း၊ အရင်တုန်းက ၁၀ ယောက်၊ ၄၀ ဦး၊ ၅၀ ဦး၊ ၆၀ ဦးရှိသည့်နေရာမှာ ၂၀၁၈ ခုနှစ်တွင် ၂၆၈၀ တက်လာသည်ကို တွေ့ရပါကြောင်း၊ ပြင်ပလူနာလည်း ၁၇၀၀၀ ကျော်ခန့် တက်လာသည်ကို တွေ့ရပါကြောင်း၊ ထို့အပြင် မိမိအသေးစိတ်ပြန်လည်လေ့လာသည့် အခါမှာလည်း ဆေးရုံကြီးအနေဖြင့် ၂၀၁၈ ခုနှစ် တစ်နှစ်တည်းမှာတင် ကလေး၊ ကိုယ်ဝန်ဆောင် ဗိုက်လာပြသည့်ဟာတွေက ၁၂၃၀၀ ကျော် လာပြပါကြောင်း၊ မွေးဖို့တင်လိုက်သည့်လူနာ ၂၆၈၀ ဦး။ သာမန် မွေးဖွားသည်မှာ ၉၉၅ ယောက်၊ ခွဲပြီးမွေးတာက ၃၇၀ ယောက် စုစုပေါင်း ၁၃၂၅ ဦးလာမွေးသည်ကို တွေ့ရပါကြောင်း၊ ထို့အပြင် ထူးခြားသည်မှာ ဤဆေးရုံမှာလာမွေးသည့် အမျိုးသမီးများသည် ဗဟန်းမြို့နယ်တင်မကပါဘူး၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဧရာဝတီတိုင်းဒေသကြီး၊ သထုံ၊ ဘားအံကအစ သတင်းကြားပြီး လာမွေးကြောင်း၊ ဒီဆေးရုံကြီးကို သုံးခေါက်ရောက်ပါကြောင်း၊ နှစ်ခေါက်ကတော့ ရှောင်တခင် ဘာမှမပြောဘဲနှင့် ဝင်ကြည့်ခြင်းဖြစ်ပြီး၊ ဝန်ဆောင်မှုပေးတာ အလွန်ကောင်းပါကြောင်း၊ သေသပ်တယ်၊ သပ်ရပ်တယ်၊ သန့်ရှင်းတယ်၊ အားလုံးသွားတက်တယ်၊ မိမိအနေနှင့် ဂုဏ်လည်းယူပါကြောင်း၊ သို့သော်လည်း ဒီနေရာမှာချက်ချင်း တိုးပေးလို့မရသေးပါကြောင်း၊ မိမိတို့က Monitor လုပ်နေမည်ဖြစ်ကြောင်း၊ တက်ရင်တက်လာသလို တိုးပေးဖို့ရှိပါကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ တရုတ်သံရုံးက ဆက်ပြီးအကူအညီပေးမည်၊ ထပ်ဆောက်ပေးရန်လည်း မိမိတို့ညှိထားပါကြောင်း၊ အဲဒီတော့ မိမိအနေဖြင့် ဒါတွေရရင် အကုန်တိုးပေးမည်ဖြစ်ပါကြောင်း၊

နောက်တစ်ချက်က မိမိတို့အနေဖြင့် ဘယ်လောက်အထိလုပ်ပေးလဲဆိုလို့ရှိရင် ဆေးရုံအုပ်ကိုလည်း တွဲဖက်ပါမောက္ခသားဖွားမီးယပ် အထူးကုတစ်ယောက်ချတဲ့အပြင် အထူးကုဆရာဝန် လေးဦးထပ်ချ ပေးပါကြောင်း၊ မေ့ဆေးအထူးကု တစ်ယောက်၊ ကလေးအထူးကုတစ်ယောက်၊ သားဖွားမီးယပ်အထူးကု နှစ်ယောက်၊ ထို့အပြင် အထက်တန်းသူနာပြုကလည်း ၁၀ ဦး၊ သူနာပြု ၁၄ ဦး အားဖြည့်ထားကြောင်း၊ အားဖြည့်သည့်အပြင် သားဖွားဆရာမ သူ့မှာ Sanction မရှိသော်ငြားလည်း သားဖွားဆရာမလေးဦးပါ တွဲဖက်ပြီး တာဝန်ချထားပေးပါကြောင်း၊ ဆိုလိုတာက ဒီဆေးရုံမှာ ရှိသင့်သည့်ဝန်ထမ်းက ၈၁ ဦးအထဲမှ ၅၈ ဦးရှိပါကြောင်း၊ ဤ ၅၈ ဦးမှာလည်း အဓိကဖြစ်သော သူနာပြု၊ သားဖွားဆရာဝန်များသည့်အတွက် အလွန်ကောင်းသည့် လက္ခဏာဖြစ်ပါကြောင်း၊ ထို့အပြင် ဆေးရုံမှာလုပ်သည့် ဝန်ထမ်းများ အဆင်ပြေအောင်၊ ပျော်အောင်၊ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှာ ခြောက်ခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ တစ်လုံး တည်ဆောက်နေပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာလည်း လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာတစ်ခုဆောက်ရန် ဘတ်ဂျက်လျာထားပါကြောင်း၊ ဆိုလိုသည်မှာ ဤကိစ္စတစ်ရပ်လုံးကို မိမိအနေဖြင့် Closely Monitoring လုပ်ခြင်းဖြစ်ကြောင်း၊ သေချာလေ့လာသုံးသပ်ပြီး လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ဖြစ်နိုင်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကတော့ ဘတ်ဂျက်ကလည်း လျာထားပြီးတော့ မဖြစ်ဘူး၊ လူနာလည်း တက်လာတယ်ဆိုရင်တော့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ခုတင် ၁၀၀ ဆံ့ပေးမည်ဖြစ်ကြောင်း၊ ခုတင် ၁၀၀ ပေးခြင်းအားဖြင့် ဗဟိုအမျိုးသမီးဆေးရုံနှင့် တောင်ဥက္ကလာပဆေးရုံများကို မွေးလူနာနည်းသည့် အပြင် ပြင်ပဆေးခန်း၊ သားဖွားခန်းမှာလည်း သွားပြီးမပြရသည့်အတွက် ပြည်သူများက အခမဲ့ကုသမှုကို ခံယူနိုင်ကြောင်း ရှင်းလင်းဖြေကြားပါသည်။