(ဇ)-ဝိုင်းမော်မြို့နယ်ရှိ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံကို ခုတင် ၅၀ ဆံ့ စံကိုက်ဖွဲ့စည်းပုံသို့ တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၆)ရက်မြောက်နေ့(၆. ၆. ၂၀၁၉)

 

မိမိတို့ဝိုင်းမော်မြို့နယ်က လူဦးရေတစ်သိန်းကျော် နှစ်သိန်းခန့်နေထိုင်သော မြို့နယ်ဖြစ်ပါကြောင်း၊ ယခင် ၂၀၁၆ ခုနှစ်တွင် မိမိတို့မြို့နယ်ဆေးရုံကြီးကို ခုတင် ၅၀ အဖြစ် အဆင့်တိုးမြှင့်ပေးရန် ကြယ် ပွင့်ပြမေးခွန်း မေးမြန်းခဲ့ဖူးပါကြောင်း၊ ထိုစဉ်က သက်ဆိုင်ရာဌာနအနေဖြင့် ခုတင် ၅၀ တိုးမည် ဆိုပါက လိုအပ်သောအဆောက်အဦများ၊ ခုတင်အသုံးချမှုများ လိုအပ်သည့်အကြောင်းကို ရှင်းလင်းဖြေကြားခဲ့ပြီး အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် အဆောက်အဦလျာထားမည်ဟု ဖြေကြားသည့်အတိုင်း လက်ရှိတွင်အဆောက်အဦကို ဆောက်လုပ်ပေးနေပြီ ဖြစ်ပါကြောင်း၊ ခုတင် အသုံးချမှုဆိုရာတွင် လူဦးရေအနည်းအများနှင့် တိုက်ရိုက်သက်ဆိုင်မှုအလွန်မရှိသော်လည်း ၎င်း ဆေးရုံတွင်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏စွမ်းဆောင်ရည်အပေါ်တွင်လည်း အနည်း အကျဉ်း သက်ဆိုင်နေပါကြောင်း၊ ယခင်က မိမိတို့မြို့နယ်ထဲက လူနာများ၊ ပြည်သူများဖျားနာပါက မြစ်ကြီးနားဘက် ပြည်သူ့ဆေးရုံကြီးကိုသွားပြီး ဆေးကုသမှုခံယူရပါကြောင်း၊ မွေးဖွားသည်ကအစ ခွေးကိုက်ခြင်းကအဆုံး ခေါင်းပေါက်သည်အပါ အားလုံးမြစ်ကြီးနားဆေးရုံကြီးကိုသာသွားရောက်ပြီး ဆေးထိုးနှံရ၊ ကုသမှုကိုခံယူရပါကြောင်း၊ ယခုအချိန်တွင် မိမိတို့မြို့နယ်တွင် အမှန်တကယ် လူမျိုး၊ ဘာသာမခွဲခြားဘဲစေတနာထားပြီး ကုသပေးသောဝန်ထမ်းများကို ခန့်ထားပေးသည့်အတွက် လည်း များစွာကျေးဇူးတင်ရှိပါကြောင်း၊ ဝိုင်းမော်ပြည်သူ့ဆေးရုံကြီး၏အဝင်စြင်္ကံညာဘက်တွင် အမျိုးသားလူနာကုသဆောင်ရှိပြီး ဘယ်ဘက်တွင် အမျိုးသမီးလူနာကုသဆောင်၊ မွေးခန်းကုသ ဆောင်နှင့် ကလေးကုသဆောင် ရှိပါကြောင်း၊ အမျိုးသားကုသဆောင် အခန်းများတွင်လည်း ခုတင်အပြည့်အသုံးပြုပြီး လူသွား (Corridor) စြင်္ကံအပေါ်တွင်လည်း ခုတင်ထိုးပြီးကုသနေ ပါကြောင်း၊ အမျိုးသမီးကုသဆောင်အခန်းတွင်လည်း လူအပြည့်ရှိပါကြောင်း၊ ဆေးရုံအဆောင်ကြီး မှာ မကြာခင်ပြီးစီးတော့မည်ဖြစ်ပြီး လေးခန်းတွဲလေးထပ်ဝန်ထမ်းအိမ်ရာကို လက်ရှိ ဆောက်လုပ် နေပါကြောင်း၊

မဲဆန္ဒရှင်ပြည်သူများ တခြားမြို့နယ်များတွင် ခက်ခက်ခဲခဲသွားရောက်ကုသမှု မလိုအပ်တော့ဘဲ မိမိမြို့နယ်တွင်သာ စိတ်အေးလက်အေး၊ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ကုသနိုင်ရန်အတွက် ဝိုင်းမော်မြို့နယ်ရှိ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံကို ခုတင် ၅၀ ဆံ့ စံကိုက်ဖွဲ့စည်းပုံသို့ တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးပြောကြားသည့်အတိုင်း ဝိုင်းမော်မြို့တွင် လူဦးရေတစ်သိန်း သုံးသောင်းကျော်ရှိပါကြောင်း၊ ၂၅ ခုတင်ဆံ့မြို့နယ်ဆေးရုံ၊ ကန်ရော်ကန်တိုက်နယ်ဆေးရုံ၊ မှန်မိန်းတိုက်နယ်ဆေးရုံ၊ အခြား ၂၅ ခုတင်ဆံ့ စတုန်းဆေးရုံနှင့် ကန်ပိုက်တည်တိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံငါးရုံဖြင့် ပြည်သူ့ကုသရေးဝန်ဆောင်မှုများကိုပေးလျက် ရှိပါကြောင်း၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနတစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနငါးခု၊ ဌာနခွဲ ၂၈ ခုဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ သို့သော် ဝိုင်းမော်ဆေးရုံ၏စာရင်းဇယားများကို ပြန်လေ့လာသည့်အခါ ၂၀၁၇ ခုနှစ်အထိ အလွန်နည်းပါးပါကြောင်း၊ တစ်နေ့ပျမ်းမျှအတွင်းလူနာ ၁၈ ဦး၊ ၂၂ ဦး၊ ၁၅ ဦး ခန့်သာ ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ထူးခြားစွာအလွန်တိုးတက်လာပါကြောင်း၊ ဆရာဝန်နှင့် ဆရာမများ ပေါ်တွင်မူတည်ပါကြောင်း၊ အဆိုပါဆေးရုံကို ကွမ်းလုံက Transfer ဖြင့် ဆရာဝန်တစ်ဦး ပို့ပါကြောင်း၊ ဒေါက်တာသိန်းမျိုးဖြစ်ပါကြောင်း၊ ၎င်းအနေဖြင့် ဝန်ဆောင်မှုကောင်းမွန်သည့်အတွက် အလွန်တက်လာပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဆေးရုံခုတင်အသုံးချမှုရာခိုင်နှုန်းက ၈၉ ရာခိုင်နှုန်းသာ ရှိပါသေးကြောင်း၊ ၂၀၀ ရာခိုင်နှုန်းမပြည့်သေးပါသော်လည်း ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ် မေလအထိ အသေးစိတ်ပြန်လေ့လာသည့်အခါ အတွင်းလူနာသည် ၁၄၁၁ ဖြစ်လာသည့် အပြင် ပြင်ပလူနာ ၁၅၀၀၀ အထိတက်လာပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ ဝန်ဆောင်မှု ကောင်းကြောင်း၊ အားကိုးကြောင်း၊ ဆေးများအလကားပေးနိုင်သည့်အတွက် လူများက လာရောက်ပြသခြင်းဖြစ်ပါကြောင်း၊ Best Occupancy Rate ဖြစ်သည့်အတွက် ခုတင်အသုံးပြု ရာခိုင်နှုန်းကလည်း ၁၄၀ အထိတက်လာပါကြောင်း၊ အကယ်၍သာ ၂၀၁၉ ခုနှစ်ထဲတွင် ၂၀၀ နီးပါး ဖြစ်လာပါက တိုးပေးရန် ဝန်မလေးပါကြောင်း၊ Catchment Population ဝန်ဆောင်မှုပေးနိုင်သည့် လူဦးရေက တစ်သိန်းသုံးသောင်းရှိသည့်အတွက် တိုးပေးရန်လုံးဝဝန်မလေးပါကြောင်း၊ ယခုနှစ်တွင်ဆက်ကြည့်၍ တိုးမည်ဆိုပါက ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင်တင်ပြီး အားလုံးလုပ်မည် ဆိုပါက အားလုံးအဆင်ပြေရန်ဖြစ်ပါကြောင်း၊ ပြဿနာလေးတစ်ခုက လွှတ်တော်ကိုယ်စားလှယ် ကြီးမေးမြန်းသည့်မေးခွန်းအထဲတွင်လည်း ပါရှိပါကြောင်း၊ အရေးကြီးပါကမြစ်ကြီးနားဆေးရုံကို လွှဲရန်အတွက် ဗလမင်းထင်တံတားရှိပါကြောင်း၊ မိမိတို့လည်း နိုင်ငံတော်သမ္မတကြီးနှင့် ရောက်ခဲ့ပြီးပြီ ဖြစ်ပါကြောင်း၊ ၎င်းတံတားက ညကိုးနာရီမှခြောက်နာရီအထိပိတ်ပါကြောင်း၊ သို့သော် မိမိသိရသလောက်က ဆေးရုံက Ambulance ဆိုပါက ဖွင့်‌ပေးရန်လိုအပ်ပါကြောင်း၊ ပြည်နယ်အစိုးရနှင့် မိမိတို့ညှိနှိုင်းရန်လိုအပ်ပါကြောင်း၊ ညသန်းခေါင်တွင် ဝိုင်းမော်မြို့နယ်က ဆရာဝန်မခွဲနိုင်လောက်သည့် အလွန်အရေးကြီးသည့်လူနာဆိုပါက မြစ်ကြီးနားဆေးရုံကို သွားရန် လိုအပ်ပါကြောင်း၊ မြစ်ကြီးနားဆေးရုံကလည်း အလွန်ကောင်းမွန်နေပါကြောင်း၊ နိုင်ငံတော် သမ္မတကြီးနှင့် ကိုယ်တိုင်သွားကြည့်သည့်အခါ အလွန်ကောင်းမွန်ပါကြောင်း၊ ငါးထပ်ဆောင်ကြီး လည်းဆောက်လုပ်နေပါကြောင်း၊ ဆောက်လုပ်ရေးကတည်ဆောက်သည်မှာ Quality လည်း အလွန်ကောင်းမွန်သည့်အတွက် မိမိအနေဖြင့် ၎င်းဆေးရုံကြီးကိုပေးမည် ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တစ်လျှောက်တွင်တက်လာပြီဆိုပါက ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။