၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်ကောင်စီမှ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၈ ရွာအတွက် လျှပ်စစ်မီးလင်းရေးလုပ်ငန်း လျာထားငွေ ကျပ်သန်းပေါင်း ၇၉၂.၀၈၀ သန်း ခွင့်ပြုရန်တောင်းခံထားပြီး ကျေးရွာလေးရွာအတွက် ဆိုလာလျှပ်စစ်မီး လုပ်ငန်းကို ကျပ်သန်းပေါင်း ၈၄.၈၀၀ သန်း တောင်းခံထားပြီး ကျန် ၁၄ ရွာကို ၁၁ ကေဗွီအေ ဓါတ်အားလိုင်းများ တည်ဆောက်ရန် တင်ပြတောင်းခံထားသည်မှာ ၇၀၇.၂၈၀ သန်းကို ငွေလုံးငွေရင်းအသုံးစရိတ်များကို ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုထားပြီး ဖြစ်သော်လည်း ဖော်ပြပါကျေးရွာများသို့ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သွားရောက်ရာတွင် ဒေသခံတောင်သူများထံမှ ကျပ်သန်းပေါင်း ၂၆၇.၆၈၀ သန်းကို ကျေးရွာမှ စိုက်ထုတ်ထည့်ဝင်ငွေအဖြစ် ကောက်ခံလျက်ရှိပါကြောင်း၊ ထို့ကြောင့် (၁) နေပြည်တော် ကောင်စီမှ ကျေးရွာဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရမှ စိုက်ထုတ်ကုန်ကျခံ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ (၂) နိုင်ငံတော်အစိုးရမှ ပြည်သူ့ဘဏ္ဍာဖြင့် ရွာထိပ်အရောက် ၁၁ ကေဗွီအေ ထရန်စဖော်မာ ဓါတ်အားခွဲစက်ကို တပ်ဆင်ပေးပြီး ကျန်လုပ်ငန်းများအတွက် ဒေသခံရွာသူရွာသားများမှ စိုက်ထုတ်ကုန်ကျ ခံရမည်ဆိုပါလျှင်လည်း အဆိုပါ ကောက်ခံနေသော ငွေကြေးများသည် ဒေသပေါက်ဈေးများထက် အင်မတန်များပြားနေသည်ကို နေပြည်တော်ကောင်စီမှ သိရှိခြင်းရှိ/မရှိ၊ (၃) ဒေသခံဆင်းရဲနွမ်းပါးသူတောင်သူများမှ မဖြစ်မနေစိုက်ထုတ် ကုန်ကျခံရမည် ဆိုပါလျှင်လည်း ဒေသပေါက်ဈေးအတိုင်း ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် အုပ်ချုပ်ရေးပိုင်းက စီစဉ် ဆောင်ရွက်ခြင်းဖြင့် မဟုတ်ဘဲ ဒေသခံပြည်သူများ၊ မီးလင်းရေးကော်မတီ အစရှိသည်တို့မှ ကိုယ်ထူကိုယ်ထ စနစ်ဖြင့်ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိတို့ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ကျေးရွာများလျှပ်စစ်မီးရရှိရေးအတွက် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ရာတွင် ကျေးရွာ ပြည်သူများ၊ အများပြည်သူ သဘောကျသူများကို ရွေးချယ်ပြီး ကျေးလက်လျှပ်စစ် မီးလင်းရေး ကော်မတီများ ဖွဲ့စည်းကာ ကျေးရွာအတွင်းရှိ မီးကြိုးသွယ်တန်းခြင်း၊ မီးတိုင်စိုက်ထူခြင်းစသည့် လုပ်ငန်းများနှင့် ကုန်ကျစရိတ်ကို အဆိုပါကော်မတီမှ တွက်ချက်ပြီး ကျေးရွာသူ/သား အားလုံးကို တင်ပြ၍ ကျေးရွာပြည်သူအားလုံး၏ ဆန္ဒသဘောတူညီချက်ဖြင့် ကောက်ခံကြခြင်းဖြစ်ပါကြောင်း၊ ကျသင့်ငွေထက် ပိုမိုကောက်ခံခြင်းသည်လည်း နေပြည်တော်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းမှ ကောက်ခံခြင်းမဟုတ်ဘဲ သက်ဆိုင်ရာမီးလင်းရေး ကော်မတီများမှသာ ကောက်ခံခြင်း ဖြစ်ပါကြောင်း၊
ထိုသို့ ပိုမိုကောက်ခံခြင်းများကို ကျေးရွာများမှတွေ့ရှိတိုင်ကြားလာပါက စုံစမ်းစစ်ဆေးရေး ခုံရုံးများဖြင့် ဖွဲ့စည်းစစ်ဆေးဖြေရှင်း ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ငွေကြေးကောက်ခံမှု မှန်မှန်ကန်ကန်ဖြစ်စေရန်အတွက်လည်း ခရိုင်မြို့နယ်များကို မီးလင်းရေးကော်မတီများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးရန် ညွှန်ကြားထားရှိပါကြောင်း၊
ကျေးရွာလျှပ်စစ် မီးလင်းရေးအတွက် မဟာဓာတ်အားလိုင်းနှင့် နီးစပ်ရာကျေးရွာများကို မီးလင်းရေးဆောင်ရွက်ရာတွင် အခက်အခဲရှိသော ကျေးရွာများကို နေပြည်တော် ကောင်စီအနေဖြင့် 11 KV ဓာတ်အားလိုင်းများ သွယ်တန်းခြင်း၊ ဓာတ်အားခွဲရုံများ ဆောင်ရွက်ပေးခြင်းများကို အတက်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် ကျေးရွာများမှ လျှပ်စစ်မီးလင်းရေးအတွက် တရားဝင် လျှပ်စစ်မီး အသုံးပြုခွင့်ရရှိစေရန် လျှပ်စစ်ဓာတ်အား ပို့လွှတ်သုံးစွဲရေး၊ ရရှိရေးတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
