ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် ဝန်ကြီးဌာန၏ ကျင့်သုံးဆဲဥပဒေစာရင်းကို ၃-၉-၂၀၁၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ထုတ်ဝေသည့် ကြေးမုံသတင်းစာဖြင့် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ထုတ်ပြန်သည့်ဝန်ကြီးဌာနအလိုက် ကျင့်သုံးဆဲဥပဒေစာရင်းကို ဖော်ပြချက်အရ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေစုစုပေါင်း ၉၁၇ ခုရှိကြောင်း ယင်းတည်ဆဲဥပဒေ ၉၁၇ ခု အနက် ဝန်ကြီးဌာနအလိုက် ကျင့်သုံးဆဲ ၃၉၇ ခုကို သြဂုတ်လ ၁၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်း တင်ပြပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ကျင့်သုံးဆဲဥပဒေ ၃၉၇ ခုတို့တွင် မည်သည့်ဥပဒေသည် နောက်ဆုံးဖြစ်သည်ကို လေ့လာကြည့်ပါက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို နောက်ဆုံး ပြဋ္ဌာန်းခဲ့သည့် ဥပဒေအဖြစ် စာရင်းပြုစုထားသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေကို ၆-၄-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၆) ဖြင့် ပြဋ္ဌာန်းထုတ်ပြန် ခဲ့ပြီးဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံ၏ လက်ရှိတည်ဆဲဥပဒေ စာရင်းစုစုပေါင်း ၉၁၇ ခု စာရင်းပြုစုရာတွင် ပြဋ္ဌာန်းခဲ့သည့် မူရင်းဥပဒေများသာမက ယင်းမူရင်း ဥပဒေများကို ပြင်ဆင်ခဲ့သည့် ဥပဒေများကိုပါ စာရင်းပြုစုရာတွင် ပြဋ္ဌာန်းထားသော်လည်း ထုတ်ပြန်ထားသည့် ဝန်ကြီးဌာနအလိုက် ကျင့်သုံးဆဲဥပဒေများစာရင်း ၃၉၇ ခု အနက် မူရင်းတည်ဆဲဥပဒေသာဖြစ်ပြီး ယင်းမူရင်းဥပဒေများကို ပြင်ဆင်သည့် ဥပဒေများကို သီးခြားပြဋ္ဌာန်း ထားသည်ကိုမတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တည်ဆဲဥပဒေ ၃၉၇ အပြင် ဖော်ပြထားခြင်း မရှိသော ပြင်ဆင်ဆဲဥပဒေစာရင်းတွင် ၂၆၈ ခုရှိနေသည့်အတွက် ယခုဝန်ကြီးဌာနအလိုက် ကျင့်သုံးဆဲဥပဒေများမှာ ၆၆၅ ခုရှိကြောင်း တွေ့ရှိရသည့်အပြင် ပြည်ထောင်စုလွှတ်တော်၏ ၂၀၁၆ ခုနှစ် နောက်ပိုင်းဥပဒေ၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ဥပဒေများနှင့် ပေါင်းစပ်လေ့လာကြည့်ပါက ယနေ့ထိပြဋ္ဌာန်းသော ဥပဒေပေါင်းမှာ ၇၀၀ ကျော်ရှိကြောင်း တွေ့ရှိရ ပါသည်။
ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသောဥပဒေများမှာ စာပေဗိမ္မာန်ထက် အခြားပုဂ္ဂလိက ဥပဒေအရောင်းဆိုင်များတွင် ပိုမိုပြည့်စုံနေသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် ပြဋ္ဌာန်းပြီးဥပဒေများကို ဥပဒေသုတေသီဟူ၍ အမည်တပ်ပြီး ဥပဒေတစ်ခုချင်းအလိုက် စာအုပ်အရောင်းဆိုင်များတွင် ရောင်းချနေသည်ကို တွေ့ရှိရပါကြောင်း၊ အများပြည်သူများအနေဖြင့် နိုင်ငံတော်မှ ထုတ်ပြန်သောဥပဒေများကို လုံလောက်စွာဝယ်ယူ၍ မရရှိသည့်အတွက် ပြင်ပထုတ် ဥပဒေစာအုပ်များကို ဝယ်ယူဖတ်ရှုလေ့လာနေရသည်ကို တွေ့ရှိရပါကြောင်း၊
ပြင်ပထုတ်စာအုပ်များမှာ ပြည်ထောင်စုလွှတ်တော် ပြဋ္ဌာန်းဥပဒေတစ်ခုချင်း သို့မဟုတ် အတွဲလိုက်ကို ပုဂ္ဂလိကအစီအစဉ်ဖြင့် ဖြန့်ဝေခြင်းဖြစ်သည့်အတွက် တရားရုံးများတွင် တရားဝင်ကိုးကားရန် မဖြစ်နိုင်ခြင်း၊ ငွေကြေးတန်ဖိုးအနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ တစ်နှစ်ချုပ်စာအုပ် တစ်အုပ်၏ တန်ဖိုးထက် ပြင်ပထုတ်ဥပဒေ တစ်ခုချင်း၏ တန်ဖိုးသည် ပို၍များပြားနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီး ဥပဒေစာအုပ်များကို အများပြည်သူများ ဝယ်ယူဖတ်ရှု လေ့လာနိုင်ရန်အတွက် နှစ်အလိုက်သင့်တင့်သော စာအုပ်အရေအတွက်များ ထုတ်ဝေရောင်းချ ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဥပဒေစာအုပ်များနှင့် ပတ်သက်ပြီး အလားတူမေးခွန်းမျိုးကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဖြေကြားခဲ့ခြင်းမျိုး ရှိပါကြောင်း၊ ထို့ကြောင့် ယခုမေးခွန်းကို ဖြေကြားသည့်နေရာတွင် ပိုမိုပြည့်စုံစေရန်အတွက် ယခင်ဖြေကြားချက်များထဲက အချို့ကို ပြန်လည်ကိုးကားခွင့် ပြုစေချင်ပါကြောင်း၊ ပထမဦးစွာ အတည်ပြုပြဋ္ဌာန်းလိုက်သော နည်းဥပဒေများကို အများပြည်သူပွင့်လင်းမြင်သာစွာ လိုက်နာစောင့်ကြည့်နိုင်ရန်အတွက် နိုင်ငံတော်မှ ထုတ်ဝေသော နှစ်အလိုက်ပြဋ္ဌာန်းဥပဒေ စာအုပ်များတွင် နည်းဥပဒေပြဋ္ဌာန်းချက်များကိုလည်း ယခင်နှစ်များအတိုင်း ထည့်သွင်းဖော်ပြပေးရန် အစီအစဉ်ရှိ/မရှိဆိုပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက မေးမြန်းသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ၂၂-၂-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၁၂) ရက်နေ့မြောက် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ဖြေကြားခဲ့ပါကြောင်း၊ အလားတူ နိုင်ငံတော်ရှိ ရေးဆွဲပြဋ္ဌာန်းထုတ်ပြန်ခဲ့သော ဥပဒေ၊ နည်းဥပဒေများကို ပြည်သူလူထုအများ လွယ်လင့်တကူ လေ့လာဖတ်ရှုနိုင်ရေးအတွက် အခမဲ့ဖြန့်ဝေပေးရန် အစီအစဉ်ရှိ/မရှိဆိုပြီး ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောစိန်ထွန်းက မေးမြန်းသည့် အတွက်ကြောင့် ၂၉-၁-၂၀၁၈ ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင်လည်း ရှင်းလင်းတင်ပြခဲ့ဖူးပါကြောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၏မေးခွန်းကို ဖြေကြားခဲ့ရာမှာ အတည်ပြုပြဋ္ဌာန်း လိုက်သည့်ဥပဒေ၊ နည်းဥပဒေများကို ဥပဒေရေးဆွဲသည့် သက်ဆိုင်ရာ နိုင်ငံတော်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများက ၎င်းတို့၏အစီအစဉ်ဖြင့် ပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်းများ ရှိသည့်အပြင် ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါ အတည်ပြုပြဋ္ဌာန်း ထုတ်ပြန်ပြီးသည့် ဥပဒေ၊ နည်းဥပဒေများကို မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြ ဖြန့်ချိပေးလျက် ရှိသည်ဟုဖြေကြားခဲ့ပါကြောင်း၊ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနကို ပုံနှိပ်ပေးရန်အတွက် အလုပ်အပ်နှံလာလျှင်လည်း ဈေးနှုန်းချိုသာစွာဖြင့် ပုံနှိပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနေသည့် အကြောင်းနှင့် ထုတ်ဝေသည့် ဥပဒေ၊ နည်းဥပဒေများကို စာပေဗိမ္မာန်စာအုပ်အရောင်းဆိုင်များရှိသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့တွင်လည်း အများပြည်သူ လွယ်လင့်တကူဝယ်ယူ ဖတ်ရှုနိုင်ရန် ရောင်းချပေးလျက် ရှိသည်ကို ဖြေကြားခဲ့ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး မေးမြန်းစဉ်က ပြောကြားခဲ့သည်မှာ ၂၀၁၆ ခုနှစ်က ထုတ်ဝေခဲ့သည့် သတင်းစာကိုကိုးကားပြီး ပြောခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နောက်ဆုံး ၂၀၁၉ ခုနှစ်ကတည်းက ဥပဒေများ ၎င်းကိုးကားချက်ထဲတွင် မပါခဲ့ပါကြောင်း၊ နောက်တစ်ခုက စာပေဗိမ္မာန်ထက် ပြင်ပစာအုပ်ဆိုင်များက ပိုပြီးပြည့်စုံသည့်အကြောင်း ပြောဆိုသည်မှာ စာပေဗိမ္မာန်စာအုပ် အရောင်းဆိုင်များသည် စာအုပ်အမျိုးမျိုးရောင်းဝယ်သည့် စာအုပ်ဆိုင်များ ဖြစ်သော်လည်း ဥပဒေစာအုပ်စာတမ်းများကိုလည်း မိမိတို့ ပြည့်စုံစွာခင်းကျင်းပြီး ရောင်းချနေခြင်း ရှိပါကြောင်း၊ တချို့စာအုပ်ဆိုင်များက ဥပဒေနှင့်ပတ်သက်သည့် စာအုပ်စာတမ်းများကို အထူးပြုပြီး ရောင်းဝယ်သော စာအုပ်ဆိုင်များ ရှိပါကြောင်း၊ ၎င်းတို့ကိုယ်တိုင်လည်း ဆက်စပ်ပြီး ဥပဒေဆိုင်ရာ စာအုပ်စာတမ်းများ ထုတ်ဝေဖြန့်ချိခြင်းမျိုးများ ရှိပါကြောင်း၊ ၎င်းမှာ နိုင်ငံတော်က အတည်ပြုပြဋ္ဌာန်း လိုက်သည့် ဥပဒေများကို ထုတ်ဝေနေခြင်းရှိသလို အဆိုပါ ဥပဒေများနှင့်ပတ်သက်ပြီး ရှင်းလင်းဖွင့်ဆိုချက်များကို စာအုပ်အဖြစ်ရေးသား ရိုက်နှိပ်ပြီး ဖြန့်ချိနေခြင်းမျိုးလည်းရှိပါကြောင်း၊ ထို့ကြောင့် စာအုပ်ဆိုင်များမှာ ဥပဒေနှင့်ပတ်သက်သော စာအုပ်စာတမ်းများ စာပေဗိမ္မာန်စာအုပ် ဆိုင်ထက်ပိုပြီး ပြည်စုံနေနိုင်သည့်အကြောင်း အစီရင်ခံခြင်းဖြစ်ပါသည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောစိန်ထွန်း၏ မေးခွန်းကို ဖြေကြားခဲ့စဉ်ကလက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေခွင့်ပြုမှု အနေအထားအရ လုပ်ငန်းများဆောင်ရွက်ရသည့်ပမာဏ၊ ပြီးနောက် မြန်မာနိုင်ငံတွင် ရှိသည့်လူဦးရေနှင့် ဖြန့်ချိရမည့်ပမာဏများအရ အခမဲ့ဖြန့်ဝေရန် ဘဏ္ဍာငွေလိုအပ်ချက် များစွာရှိသည့်အကြောင်းနှင့် လက်ရှိအခြေအနေတွင် ယခုလိုဆောင်ရွက်နိုင်သည့် အနေအထားမရှိသည့်အတွက် ဘဏ္ဍာငွေသီးခြား တောင်းခံပြီး ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုလျှင် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေရှိသည့်အကြောင်း တင်ပြခဲ့ပါသည်။ ပြီးနောက် ပုံနှိပ်စာအုပ်စာတမ်းအနေဖြင့် အခမဲ့မဖြန့်ဝေနိုင်သော်လည်း ပြန်ကြားရေးဝန်ကြီးဌာန၏ web portal လိပ်စာဖြစ်သည့် www. moi.gov.mm တွင် ကြည့်မည်ဆိုလျှင် အချိန်မရွေး ဥပဒေများကို ပြည့်စုံလွယ်ကူစွာ ကြည့်ရှုနိုင်အောင် တင်ပေးထား ခြင်းကို တွေ့မြင်ရမည် ဖြစ်ပါကြောင်းလည်း ဖြေကြားခဲ့ပါသည်။ ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက မြန်မာနိုင်ငံအဝန်းတွင် ဖွင့်လှစ်ထားသော စာကြည့်တိုက် ၄၁၇ တိုက် ရှိပါကြောင်း၊ ၎င်းစာကြည့်တိုက်များတွင်လည်း အဆိုပါ ဥပဒေ၊ နည်းဥပဒေများကို တတ်နိုင်သမျှ ပြည့်စုံအောင်၊ တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားပါကြောင်း၊ ပြင်ပပုဂ္ဂလိက စာကြည့်တိုက်များကိုလည်း ဥပဒေ၊ နည်းဥပဒေစာအုပ်များ စုစည်းရန်အတွက်ကို အားပေးတိုက်တွန်းပါကြောင်း၊ တတ်နိုင်သမျှ မျှတနိုင်သည့်ဘဏ္ဍာငွေအပေါ် မူတည်ပြီး ကူညီပေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်သည့်အကြောင်း ဖြေကြားခဲ့ပါသည်။ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီးသော နှစ်အလိုက် ဥပဒေများကို စာပေဗိမ္မာန်စာအုပ်အရောင်းဆိုင်များရှိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် အခါမလပ် ရောင်းချပေးလျက်ရှိပါကြောင်း၊ ဥပဒေများကိုစာအုပ်အဖြစ်နှင့် စုပေါင်းမထုတ်ဝေမီ နိုင်ငံတော်ပြန်တမ်းတွင်လည်း ထည့်သွင်းလေ့ရှိပါကြောင်း၊ အဆိုပါ နိုင်ငံတော် ပြန်တမ်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ စာပေဗိမ္မာန်စာအုပ်ဆိုင်များတွင် ရောင်းချပေးလျက် ရှိပါကြောင်း၊ စာပေဗိမ္မာန်စာအုပ်ဆိုင်များနှင့် ပြည်သူ့လွှတ်တော်ရုံးတွင်လည်း ပြည်ထောင်စုရှေ့နေ ချုပ်ရုံးနှင့် ပြင်ပစာအုပ်တိုက် ၁၁ တိုက် ကထုတ်ဝေသည့် ဥပဒေစာအုပ် အမျိုးအစားစုစုပေါင်း ၄၇၀ ကို ရောင်းချပေးနေကြောင်းလည်း ကြားသိရပါသည်။ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနဖြစ်သည့် web portal (www. moi.gov.mm) တွင် ပြည်သူများအချိန်မရွေး အခမဲ့ဖတ်ရှုနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများကို တင်ထားပေးခြင်းမျိုးရှိပါကြောင်း၊ ထို့အပြင် ဥပဒေ၊ နည်းဥပဒေများ အတည်မပြုမီ မူကြမ်းအဆင့်တွင်လည်း သတင်းစာများမှာ အများပြည်သူလေ့လာ ဖတ်ရှုဝေဖန်သုံးသပ်နိုငရေး ကြိုတင်ပြီး တင်ပြပေးပါကြောင်း၊ အတည်ပြုပြဋ္ဌာန်းပြီးသည့်အခါတွင်လည်း ပြဋ္ဌာန်းပြီး ဥပဒေများကို နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြပေးပါကြောင်း၊ ပြီးနောက် ၎င်းတို့ကိုစုစည်းပြီး စာအုပ်စာတမ်း သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများက ထုတ်ဝေသည့်အခါတွင်လည်း အဆိုပါ စာအုပ်စာတမ်းများ၊ ဥပဒေစာအုပ်၊ မည်သည့်နှစ်ခုနှစ်အတွက် ဥပဒေများဆိုသည့် စာအုပ်မျိုးထွက်ရှိသည့် အကြောင်းကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင်လည်း ကြေညာပေး ပါကြောင်း၊ နေ့စဉ်ထုတ်သတင်းစာများတွင်လည်း ထည့်သွင်းဖော်ပြ ပေးလျက်ရှိပါကြောင်း၊ ထို့အပြင်ကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အဖွဲ့အစည်းများကတင်ထားသော Website များတွင်လည်း ဥပဒေများနှင့်ပတ်သက်ပြီး တင်ပြပေးထားခြင်းများ ရှိပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အနေဖြင့်လည်း နှစ်အလိုက်ထုတ်ဝေသော ဥပဒေစာအုပ်များ ထုတ်ဝေသည့်အပြင်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေဆိုင်ရာ Website ဖြစ်သည့် မြန်မာဥပဒေ သတင်းအချက်အလက် လိပ်စာက www.mlis.gov.mm တွင် တည်ဆဲဥပဒေ၊ နည်းဥပဒေအားလုံးကို တင်ထားပေးထားပါကြောင်း၊ ဖတ်ရှုလို့လည်း အင်မတန်မှ လွယ်ကူအောင် စီစဉ်ပေးထားခြင်းကို တွေ့ရသည်ဆိုသည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမြစိန် [ဒဂုံမြို့သစ် (ဆိပ်ကမ်းမဲဆန္ဒနယ်)] က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဥပဒေစာအုပ်ဆိုသည်မှာ ဝယ်ပြီးသည့်နောက်ပိုင်း တစ်သက်လုံးသုံးစွဲရသော စာအုပ်ဖြစ်ပါကြောင်း၊ ယခုလို ပြန်တမ်းနှင့် သတင်းစာတို့တွင် သိမ်းဆည်းရခက်ပါကြောင်း၊ ဥပဒေစာအုပ်အလိုက် အဆိုကပါ ကိစ္စတစ်ခု၊ ပြဿနာတစ်ခုပေါ်လာသည့်အခါ ပြန်ပြီး Apply လုပ်ရန်နှင့် အသုံးပြုရေးအတွက် ဆိုလိုခြင်းဖြစ်ပါကြောင်း၊ နောက်ပြီး အခမဲ့လည်း မတောင်းဆိုပါကြောင်း၊ သင့်တင့်သည့်နှုန်းထားနှင့် ရောင်းချရန်ဖြစ်သည့်အတွက် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်
မိမိတို့ အဖိုးနှုန်းချိုသာစွာဖြင့် ပုံနှိပ်သည့်အလုပ်ကို မိမိတို့ ဆောင်ရွက်ပေး၍ရပါကြောင်း၊ ဥပဒေများသည် လွှတ်တော်ကိုယ်စားလှယ်ကြီးများ အားလုံးသိရှိသည့် ကိစ္စဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများကနေပြီး ကမအထပြုပြီး ပြုစုပြဋ္ဌာန်းလိုက်သည့် ဥပဒေများဖြစ်ပါကြောင်း၊ ထိုဥပဒေများကို စာအုပ်စာတမ်းအဖြစ် ဆက်လက်ပြီး ထုတ်ဝေဖြန့်ချိသည့် ကိစ္စသည် ကနဦးတာဝန် သို့မဟုတ် ကနဦးသက်ဆိုင်သူများသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ အဆိုပါဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများက လုပ်ငန်းအပ်နှံသည့် စာအုပ်အဖြစ် ထုတ်ဝေပေးရန်၊ အပ်နှံမ်မည်ဆိုပါက ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ရေးနှင့် ထုတ်ဝေးရေးဦးစီးဌာနသည် အဆိုပါအလုပ်များကို ပြင်ပလုပ်ငန်းများထက် ဈေးနှုန်းချိုသာပြီး သက်သာစွာ မိမိတို့စီစဉ်ဆောင်ရွက် ပေးနိုင်ခြင်းရှိပါကြောင်း၊
ဥပမာမိမိတို့ဌာန၊ အဖွဲ့အစည်းများတွင် ၎င်းတို့ကိုယ်တိုင်လည်း ပုံနှိပ်တိုက်များနှင့် ပုံနှိပ်စက်များလည်း ရှိပါကြောင်း၊ ၎င်းတို့ပုံနှိပ်ပြီးသည့်အခါ ပုံနှိပ်သည့် စာရွက်စာတမ်းများကို ဆက်လက်ပြီး ဖြန့်ချိပေးနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၏ စာပေဗိမ္မာန်စာအုပ်ဆိုင်ကို အပ်နှံခြင်းလည်း ရှိပါကြောင်းနှင့် ရောင်းချပေးနိုင်ခြင်းလည်း ရှိပါကြောင်း၊ စာအုပ်စာတမ်းက သင့်တင့်သည့် ပုံနှိပ်ခ စသဖြင့် သင့်တင့်သည့်တန်ဖိုးက ကျသင့်မည်ဖြစ်ပါကြောင်း၊ လောလောဆယ် ပြည်ထောင်စုလွှတ်တော်က တစ်နှစ်အတွင်း အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေပေါင်းချုပ် စာအုပ်များ ရိုက်နှိပ်ပါကြောင်း၊ ရိုက်နှိပ်လျှင် အုပ်ရေ ၅၀၀ ခန့်ရိုက်နှိပ်ခြင်းဖြစ်ပါကြောင်း၊ ရိုက်နှိပ်သည့် စာအုပ်မျိုးကိုလည်း စာပေဗိမ္မာန်အရောင်းဆိုင်ကို ပေးပို့ပြီး အများပြည်သူကို ဖြန့်ချိရောင်းချပေးသည့် ကိစ္စမျိုးများ ရှိပါကြောင်း၊ အကယ်၍ ကုန်သွားခဲ့လျှင် ထပ်မံရိုက်နှိပ်မည်ဆိုပါက သက်ဆိုင်သည့်ဌာနနှင့် တွဲဖက်ပြီး ဆောင်ရွက်ပေး၍ရပါကြောင်း၊ အကယ်၍ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါဥပဒေများကို စာအုပ်စာတမ်းအဖြစ် ပုံမှန်ထုတ်ဝေသော အလုပ်ကို လုပ်ပေးပါ ဆိုသည့်တာဝန်ကို ပေးအပ်လာလျှင်လည်း မိမိတို့အနေဖြင့် ဆောင်ရွက်ပေးပါကြောင်း၊ သို့သော် အားလုံးသိသည့်အတိုင်း နောက်နှစ်တွင် ဥပဒေစာအုပ် အရေအတွက်မည်မျှ ပုံနှိပ်မည်ဆိုသည်ကို ကြိုတင်ပြီး ဘတ်ဂျက်လျာထားပြီး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခုလို ဆောင်ရွက်ရမည် ဆိုလျှင်လည်း ညှိနှိုင်းဆောင်ရွက်၍ ရပါသည်ဆိုသည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။
