အဆိုပါမေးခွန်းကို မတ်လ ၈ ရက် နေ့က မေးမြန်းခဲ့ပြီး ယနေ့ ဇွန်လ ၆ ရက်နေ့ကျမှ လွှတ်တော်တွင် မေးမြန်းခွင့်ရသည်ကို စိတ်မကောင်းပါကြောင်းနှင့် သို့သော်လည်း ဝန်ကြီးကိုယ်တိုင် လာရောက်ပြီး ဖြေကြားသည်ကို ကျေးဇူးတင်ပါကြောင်း၊ ကိုယ်စားလှယ်များအားလုံး သိပြီးဖြစ်သည့် ဟေမာနေဝင်းသီချင်းကို MNTV မှ ဇန်နဝါရီ ၂၉ ရက်နေ့ လွှတ်တော် Live ပြသည့်အချိန်တွင် ငါးမိနစ်ခန့်ကြားဖြတ် ထုတ်လွှင့်ပေးသည့် ကိစ္စနှင့်ပတ်သက်ပြီး မေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွေးနွေးသည့်အချိန်တွင် ပြတ်တောက်ခဲ့သည်ဆိုသည်ကို အားလုံးသတိရ စေချင်ပါကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ဆောင်းပါးတစ်ပုဒ်ဖြင့် ရှင်းချက်ထုတ်ပါကြောင်း၊ ၎င်းမှာတပ်မတော်ပိုင် ဖိုက်ဘာလိုင်း ကျသွားသဖြင့် အစီအစဉ်ဖြတ်တောက်ခြင်း ဖြစ်ကြောင်း ဂြိုဟ်တုဆက်ကြောင်းနှင့် ပြောင်းလဲထုတ်လွှင့်ခဲ့ကြောင်း၊ ပြည်သူများသို့ အသိပေးတောင်းပန်စာ လွှင့်တင်ခဲ့ပြီး ပြတ်တောက်သွားသည့် ငါးမိနစ်စာအပိုင်းကိုလည်း ပြန်လည်ထုတ်လွှင့် ပေးခဲ့ကြောင်း စသည်အားဖြင့် ဖော်ပြပါရှိပါသည်။ သို့သော် တပ်မတော်သတင်းတွင် ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ချက်မှာ ကွဲလွဲနေပါတယ် ခင်ဗျား။ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်မှာ ဖိုက်ဘာလိုင်က ဇန်နဝါရီ ၂၈ ရက်နေ့ကတည်းက လိုင်းကျနေသဖြင့် MRTV နှင့် တပ်မတော်ဆက်သွယ်ရေးတို့ ချိတ်ဆက်ပူးပေါင်း ပြင်ဆင်ခဲ့ပြီး ၎င်းလိုင်းသည် ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အကြာတွင် ပြင်ဆင်ပြီးစီးခဲ့ပါကြောင်း၊ ထို့ကြောင့် ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်မှ ၂ နာရီ ၂၅ မိနစ်အထိ ရုပ်သံထုတ်လွှင့်မှု ပြတ်တောက်ခြင်းသည် ဖိုက်ဘာလိုင်းနှင့် မသက်ဆိုင်ကြောင်း စသည်အားဖြင့် ဖော်ပြပါရှိပါကြောင်း၊ ၎င်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက တပ်မတော်ကို လွှဲချပါကြောင်း၊ တပ်မတော်ဘက်ကလည်း ၎င်းနှင့်မသက်ဆိုင်သည်ကို ပြောပါကြောင်း၊ ထို့ကြောင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပြည်သူများက ပြန်ကြားရေး ဝန်ကြီးဌာနပြောသည်ကို ယုံရမည်လား၊ တပ်မတော်သတင်းထုတ်ပြန်ရေးက ပြောသည်ကို ယုံရမည်လားဆိုသည့် Issue တစ်ခုဖြစ်လာပါကြောင်း၊ သို့သော်လည်း ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ကျင်းပခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၏ တတိယတစ်နှစ်ကာလ ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာတစ်ခုက အဆိုပါကိစ္စကို မေးသည့်အပေါ် ဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနမှ မှားယွင်းမှုဖြစ်ကြောင်း တာဝန်ရှိသူများကို အရေးယူမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို Social Media သတင်းများအရ ကြားသိရပါသည်။
သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မေလ ၂၂ ရက်နေ့ သတင်းစာတွင် ယခုလို အတိအကျ ဖော်ပြထားခြင်း မရှိပါကြောင်း၊ ၎င်းမှာ လွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးနေစဉ် ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့မှု အခြေအနေကို မေးမြန်းပါသည်ဟု ပြောပါကြောင်း၊ ယခုအချိန်အထိ သတင်းစာထဲတွင် ဖိုင်ဘာဆက်ကြောင်းကိုသာ အပြစ်ပုံချနေသည်ကို သိစေချင်ပါကြောင်း၊ ယခုလို မေးခွန်းမျိုးကို ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် Press Conference တွင် မေးခဲ့သည့် မီဒီယာသတင်းထောက်ကိုလည်း ချီးကျူးပါကြောင်း၊ မီဒီယာကို စတုတ္ထမဏ္ဍိုင်ဟု ပြည်သူများက အသိအမှတ် ပြုစေချင်လျှင် အစိုးရ၏အားနည်းချက်များ၊ ချို့ယွင်းချက်များကို ယခုလို များများဖော်ထုတ်ရန် လိုအပ်ပါကြောင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနက မှားယွင်းကြောင်း ဝန်ခံခြင်းကို ဖော်ပြရဲသည့် ဂျာနယ်များကိုလည်း အသိအမှတ်ပြုပါကြောင်းနှင့် မဖော်ပြရဲသည့် ဂျာနယ်များကို မိမိကိုယ်ကိုယ် စတုတ္ထမဏ္ဍိုင်ဟု မပြောသင့်ပါကြောင်း၊ မီဒီယာများရှေ့မှောက်တွင် ဝန်ခံပြီးဖြစ်သည့် ကိစ္စဖြစ်သော်လည်း အဆိုပါကိစ္စသည် လွှတ်တော်တွင် ဖြစ်ခဲ့သည့်အတွက် လွှတ်တော်တွင် ဝန်ကြီးဌာနက ဝန်ခံရှင်းလင်းခြင်းကသာ ပိုမိုပြီးအဓိပ္ပာယ်ရှိသကဲ့သို့ ပိုမိုပြီးမှ ပြည့်စုံမည်ဖြစ်ပါကြောင်း၊ လူတိုင်းအမှားနှင့် မကင်းကြပါကြောင်း၊ သို့သော် ခဏခဏမမှားရန်နှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသည့် ကိစ္စမျိုးတွင် မမှားကြရန် နောက်တစ်ခုက ရည်ရွယ်ချက်ရှိရှိ မမှားကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိမေးခွန်းက ဇန်နဝါရီ ၂၉ ရက်နေ့က MNTV တွင် ပြသလျက်ရှိသည့် လွှတ်တော် Live ပြသမှု နေ့လယ် ၂ နာရီ ၂၀ မိနစ်မှ ၂၁ နာရီ ၂၅ မိနစ်အထိ ငါးမိနစ်ပြတ်တောက်မှု နှင့် ပတ်သက်ပြီး အဖြစ်မှန်ကို ရှင်းလင်းပေးနိုင်ပါရန် မေးမြန်းအပ်ပါသည်။
၂၉-၁-၂၀၁၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်နေစဉ် ကာလအတွင်း မွန်းလွဲ ၂ နာရီ၂၀ မိနစ်မှ ၂၁ နာရီ ၂၅ မိနစ်အထိ ငါးမိနစ်ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရသည့် အကြောင်းအရင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် အဆင့်မြင့်ယန္တရား ဆက်သွယ်ရေးတပ်ရေပြာနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးချုပ်အကြား ဖိုက်ဘာဆက်ကြောင်း၏ ချို့ယွင်းမှုကြောင့်ဖြစ်သည်ကို ဖြေရှင်းထားခဲ့ပါကြောင်း၊ ထို့နောက် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည့်အခါ အဆိုပါနေ့က တိုက်ရိုက်ထုတ်လွှင့်နေစဉ် ပြတ်တောက်မှု ဖြစ်ပွားရခြင်း၊ ဖိုက်ဘာ Network လိုင်းနှင့် သက်ဆိုင်မှုမရှိကြောင်း ဖော်ပြထားသည့်အပေါ် မိမိတို့ အဖြစ်မှန်ကို ရှင်းလင်းပေးရန်ဆိုပြီး မေးမြန်းခဲ့ခြင်း ဖြစ်ပါကြောင်း၊
ဇန်နဝါရီလ ၂၉ ရက်နေ့က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ လွှတ်တော်တွင် လိုင်းတိုက်ရိုက် ထုတ်လွှင့်နေစဉ်အတွင်း ပြတ်တောက်သည့် ဖြစ်စဉ်ကို အဆိုပါနေ့က သက်ဆိုင်သူများကနေပြီး တင်ပြလာသည့် ထူးခြားဖြစ်စဉ်အစီရင်ခံစာအရ မိမိတို့အနေဖြင့် အဆင့်မြှင့်ယန္တရား ဆက်သွယ်ရေး တပ်ရေပြာနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးချုပ်အကြား ဖိုက်ဘာဆက်ကြောင်းအတွင်း လိုင်းကျ ဆင်းမှုကြောင့် ဖြစ်သည်ဟု အစီရင်ခံသည်ကို သိရှိရပါကြောင်း၊ ၎င်းတင်ပြလာမှုအပေါ် စိစစ်ကြည့်ပြီး တိတိကျကျ လာရောက်ရှင်းလင်းတင်ပြရန် ပြည်ထောင်စုဝန်ကြီးအနေဖြင့် မှာကြားပြီး ဇန်နဝါရီလ ၃၀ ရက်နေ့၏ နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တာဝန်ရှိသူများကို ခေါ်ယူတင်ပြစေခဲ့ပါကြောင်း၊ ယခုလို ထပ်မံတင်ပြလာသည့်အခါတွင် မူလက တင်ပြထားသော ထူးခြားဖြစ်စဉ်ပါ အစီရင်ခံစာအတိုင်း တိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်ခဲ့ရခြင်း အကြောင်းအရင်းကို ဖိုက်ဘာဆက်ကြောင်းကြောင့် ဖြစ်ကြောင်းကိုသာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တာဝန်ရှိသူများက တင်ပြခဲ့သည့်အတွက်ကြောင့် ပြည်သူများသိရှိစေရန်အတွက် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ Website တွင် ဖော်ပြခဲ့ပါကြောင်း၊
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်လည်း ဖော်ပြခဲ့ပါကြောင်း၊ သို့သော် ကိုယ်စားလှယ်တော်ကြီး မေးမြန်းခဲ့သည့်အတိုင်း အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် သတင်းထုတ်ပြန် ကြေညာသည့်အခါ အဆိုပါနေ့က ပြတ်တောက်မှုဖြစ်စဉ်သည် ဖိုက်ဘာ Network လိုင်းနှင့် သက်ဆိုင်မှုမရှိသည့်အကြောင်း ဖော်ပြပါရှိလာခဲ့ပါသည်။ ၎င်းမှာ အဆိုပါ သတင်းထုတ်ပြန်ချက်ကို သိသိခြင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ဖြစ်စဉ်အမှန်ကို စိစစ်တင်ပြရန် ပြောခဲ့သဖြင့် တစ်ပြိုင်နက်တည်း မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ဆိုသည့် အကြောင်းအရင်းမှန်ကို ဖော်ထုတ်နိုင်ရန် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရှေးဦးစုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် ခဲ့ပါကြောင်း၊ အဆိုပါ ရှေးဦးစုံစမ်းရေးအဖွဲ့၏ စုံစမ်းတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထား ဖော်ပြချက်များအရ ယခုလို ရုပ်သံလိုင်းခေတ္တပြတ်တောက်မှု ဖြစ်ပွားခဲ့ရခြင်းသည် ဖိုက်ဘာဆက်ကြောင်းလိုင်း အသုံးပြုနေစဉ် ပြတ်တောက်မှု ဖြစ်ပွားခဲ့တာ မဟုတ်ဘဲနဲ့ ဂြိုဟ်တု ဆက်ကြောင်းကို အသုံပြုနေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည့်အကြောင်း သိရှိခဲ့ရပါသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ မမှန်မကန်တင်ပြခဲ့သည့် တာဝန်ရှိတဲ့သူများကို လိုအပ်သလို ဆက်လက်အရေးယူ နိုင်ရေးအတွက် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နိုင်ရန် တင်ပြဆောင်ရွက် ခဲ့ပါကြောင်း၊ ထို့နောက် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်၊ ထောက်ခံတင်ပြချက်များအရ ဖြစ်စဉ်အပေါ် အမှန်မကန်တင်ပြမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူများကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူအပြစ်ပေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းကို ပြန်လည်အနှစ်ချုပ်ဖြေကြားရမည်ဆိုပါက အဆိုပါနေ့က တိုက်ရိုက် ထုတ်လုပ်မှုဖြစ်စဉ် ပြတ်တောက်ခဲ့ရခြင်း၏ အဖြစ်အမှန်သည် ဖိုက်ဘာ ဆက်ကြောင်းလိုင်းကြောင့် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ ဂြိုဟ်တုဆက်ကြောင်းကို အသုံးပြုနေစဉ် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများကို ထိုက်သင့်သော အရေးယူ အပြစ်ပေးမှုများ ပြုလုပ်ခဲ့ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမောင်မြင့် (မင်းကင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဝန်ကြီးက မေလ ၂၁ ရက်နေ့က လုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဖိုက်ဘာလိုင်း ဆက်ကြောင်းကြောင့် မဟုတ်ဘဲ ဂြိုဟ်တုကြောင့်သာ ဖြစ်သည်ဟုပြောသော်လည်း ၎င်းမှာ ဖိုက်ဘာဆိုသည်ကို ထည့်ရေးထားခြင်းမှာ ဘဝင်မကျစရာတစ်ခု ဖြစ်နေပါကြောင်း၊ နောက်တစ်ခုက ဂြိုဟ်တုမှ တောက်လျှောက်လွှင့်ခဲ့သည်မှာ ၅ မိနစ်စာ ပြတ်သွားခြင်း၊ ဒါဆိုဂြိုဟ်တုက ပုံမှန်အတိုင်း ပြန်ကောင်းသွားခြင်းမျိုးလား ဆိုသည်ကို မေးခွန်းထုတ်စရာ ကိစ္စဖြစ်နေပါကြောင်း၊ ၎င်းအနေဖြင့် ပတ်ဝန်းကျင်မှာ လူများအားလုံးကလည်း စဉ်းစားတွေးတောပိုင်ခွင့် ရှိသည့်အတွက် ယခုလို အရေးကြီးကိစ္စများကို ပြောနေသည့်အခါ Intentionally တစ်ရပ်ဖြစ်သည်ဆိုသည့် အယူအဆမျိုးများ ရှိနေပါကြောင်း၊ သာမန်အားဖြင့်ဆိုလျှင် လွှတ်တော်တွင် ဆွေးနွေးသည့်ကိစ္စများကို လွှတ်တော်ဥက္ကဋ္ဌသော်လည်းကောင်း၊ နာယကသော်လည်းကောင်း အဆိုပါကိစ္စကို မိုက်ပိတ်ပြီး ရပ်ပစ်လိုက်လည်း ရပါကြောင်း၊ အဆိုပါကိစ္စမျိုးလုပ်ခံရသည်ဆိုလျှင် ၎င်းကို ရွာကျော်ကြက်တိုက် သည်ဟု မိမိမှမြင်မိပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးပြောသွားသည်မှာ အဆိုပါမျိုးလုပ်ရန်အတွက် တစ်ယောက်ယောက်ကို ညွှန်ကြားထားခြင်း၊ Man Date ပေးထားခြင်းမရှိဘူးဟု မိမိမှ နားလည်ပါကြောင်း၊ ယုံလည်းယုံကြည်ပါကြောင်း၊ သို့သော် ယခုလိုဖြစ်သည်ဆိုသည်နှင့် တိုင်းပြည်ပျက် မသွားပါကြောင်း၊ သို့သော်လည်း ၎င်းကိစ္စနှင့်ပတ်သက်ပြီး ဖြစ်သည်ဆိုသည့် အချိန်တွင် ၂၉ ရက်နေ့ကဖြစ်သည်ကို ၃၀ ရက်နေ့မှ ဝန်ကြီးတို့ကစစ်ပြီး အောက်ခြေကတင်ပြသည့် တစ်ခုတည်းကို ဝန်ကြီး၊ ဒုတိယဝန်ကြီးက ၎င်းအပေါ် သဘောတူညီပြီး သတင်းစာတွင် ထည့်သွင်းသည်မှာ လွယ်ကူပါသလားဆိုသည်ကိုလည်း ဝန်ကြီးကိုမေးခွန်း ပြန်ထုတ်ချင်ပါကြောင်း၊
ယခုချိန်တွင် တင်ပြခြင်းများ မှားယွင်းခြင်းကြောင့်လို့ မပြောပါကြောင်း၊ DG အပါအဝင် တခြားသူများ အားလုံးကို ရွှေ့ပြောင်းခြင်း၊ အရေးယူခြင်းရှိသည်ဟု ပြောပါကြောင်း၊ ဝန်ထမ်းများအတွက် စိတ်မကောင်း ဖြစ်ရပါသော်လည်း အဆိုပါကိစ္စမျိုးတွင် ဝန်ထမ်းများအဆင့်တွင်သာ တာဝန်ရှိပါသလား၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးမှာရော တာဝန်မရှိဘူးလားဟု မေးချင်ပါကြောင်း၊ နောက်ဆုံးတစ်ခုအနေဖြင့် ယခုလိုမှားယွင်းခဲ့သည်ဆိုသည်ကို တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုသည်များကို တွင်တွင်ပြောနေကြသည့် ခေတ်အခါကြီးမှာ သတင်းစာကနေပြီး တရားဝင်ပြန်ပြီးမှ ထုတ်ပြန် ပေးနိုင်ရေးအစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်းအနေဖြင့် မေးမြန်းပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်
ဖြေကြားခဲ့တဲ့အထဲတွင် ပြည့်စုံသည်ဟုထင်ပါကြောင်း၊ သို့သော် ဂြိုဟ်တုက မည်သည့်အတွက်ကြောင့် လွှင့်ခဲ့သနည်းဆိုတာက တပ်မတော်က ရှင်းလင်းသည့်အကြောင်းကို ယခုကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့်အခါတုန်းက ပါခဲ့ပါကြောင်း၊ ဖိုက်ဘာဆက်ကြောင်းက စောစောလေးထဲက ပျက်နေသည်ဟု ဆိုပါကြောင်း၊ ပျက်နေသည့်အတွက်ကြောင့် ပြင်ဆင်နေသည်ဟုလည်း ဆိုပါကြောင်း၊ ပြင်ဆင်နေသည့်အချိန်တွင် လွှတ်တော်က တိုက်ရိုက်ထုတ်လွှင့်မှုများကို တပ်ကုန်းအသံလွှင့်ရုံမှ ထုတ်လွှင့်သည့်အခါ ၎င်းကိုပို့ရန်အတွက်ကို မိမိတို့ ဖိုက်ဘာဆက်ကြောင်းကို အသုံးပြုခြင်းရှိပါကြောင်း၊ နောက်တစ်နည်းက ဂြိုဟ်တုဖြင့် ပေးပို့ခြင်းရှိပါကြောင်း၊ ဖိုက်ဘာဆက်ကြောင်း အသုံးပြုလျှင် ဂြိုဟ်တုမှတစ်ဆင့် ပေးပို့ရပါကြောင်း၊ ဂြိုဟ်တုဖြင့် ပေးပို့သည့်အခါ ဂြိုဟ်တုသုံးစွဲသည့် လမ်းကြောင်းတစ်ခု ရှိပါကြောင်း၊ အဆိုပါလမ်းကြောင်းကို ၎င်းနေရာကနေ သုံးစွဲသည့်အချိန်တွင် အကယ်၍များ မတော်တဆ နောက်တစ်နေရာကနေပြီး တစ်နေရာထဲကို အဆိုပါလမ်းကြောင်းက ဆက်ပြီးပေးပို့မိလျှင် နှစ်ခုငြိသွားသည့်အတွက်ကြောင့် ထုတ်လွှင့်သည့် နေရာတွင် အနှောင့်အယှက် ဖြစ်သွားခြင်းမျိုးများ ရှိပါကြောင်း၊ ယခုလည်း နောက်တစ်နေရာက နယ်များကနေပြီး သတင်းပေးပို့ခြင်း၊ ဂြိုဟ်တုကနေ သတင်းပေးပို့ခြင်းလည်း လုပ်နေခြင်း ရှိပါကြောင်း၊ လွှတ်တော်သတင်းကို ဂြိဟ်တုကနေပြီး အသံလွှင့်ရုံကို ပေးပို့နေစဉ် နယ်ကနေပြီး သတင်းပေးပို့သည့် သူကလည်း အဆိုပါတစ်လိုင်းထဲကနေ ပေးပို့သည့်အတွက်ကြောင့် နှစ်ခုတိုက်ဆိုင်ပြီး လိုင်းကျသွားသည်ဟု မိမိသိရှိရပါကြောင်း၊
ယခုလို ကျသွားသည်ကို သိသည့်နေရာတွင် တာဝန်ရှိတဲ့သူကနေပြီး အဆိုပါလိုင်းကမပို့နှင့် နှစ်ခုတိုက်ပြီး ဒီဘက်ကကျသွားသည်ဆိုသည့် အကြောင်းကို အကြောင်းကြားလိုက်သည့်အခါ တစ်ဘက်က သတင်းပို့သည့်သူက ရပ်သွားပါကြောင်း၊ ရပ်သွားသည့်အတွက်ကြောင့် ၅ မိနစ်အတွင်း ပြန်ပြီး ထုတ်လွှင့်ခြင်းမှာ ပြန်ကောင်းသွားသည်ဆိုသည့် အကြောင်းကို လုပ်ငန်းဆောင်ရွက်သည့် အပိုင်းက ရှင်းလင်းတင်ပြသည်ကို ထပ်ဆင့်ပြီး ရှင်းလင်းပါကြောင်း၊ မိမိတို့အနေဖြင့် ကိုယ်စားလှယ် တော်ကြီးကလည်း တမင်လုပ်သည်ဟု မစွပ်စွဲပါကြောင်း ပြောသည်ဟု ကြားလိုက်မိ ပါကြောင်း၊ တမင်တကာလုပ်စရာအကြောင်း မရှိပါကြောင်း၊ အောက်ခြေကတင်ပြသည့်အပေါ် ယခုလို ဆောင်ရွက်သလားဆိုသည့် ကိစ္စနှင့်ပတ်သက်၍ အောက်ခြေဆိုသော်လည်း ခက်လှမ်းလှမ်းက အောက်ခြေမဟုတ်ပါကြောင်း၊ အနီးကပ်တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်ပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ အဆင့်မြင့်တာဝန်ရှိသည့် ပုဂ္ဂိုလ်များက တင်ပြခြင်း ဖြစ်သည့်အတွက် ၎င်းတို့၏ တင်ပြချက်အတိုင်းကို လွှတ်တော်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့တင်ပြချက်သည် မမှန်ကန်သည့် တင်ပြချက်ဖြစ်ကြောင်း သိရှိရသည့်အခါ မိမိတို့စစ်ဆေးပြီး ထိရောက်စွာ အရေးယူခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းဖြေကြား ပါသည်။
