ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြို့ပေါ် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃ အုပ်စု၊ ကျေးရွာပေါင်း ၃၂၀ နှင့် လူဦးရေ ၁၅၀၀၀၀ ခန့်နေထိုင်သည့် မြို့နယ်ဖြစ်ပါကြောင်း၊ အခြေခံပညာအထက်တန်းကျောင်း ၁၂ ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) တစ်ကျောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းကာလမှ ထပ်မံတိုးမြှင့်ခွင့်ရရှိသော အထက်တန်းကျောင်း(ခွဲ) သုံးကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းအပါအဝင် ကျောင်းပေါင်း ၂၂၁ ကျောင်းမှာ ပညာသင်ကြားလျက်ရှိကြပါကြောင်း၊ ဆိုက်ခေါင်အခြေခံပညာအထက်တန်းကျောင်းသည် ၁၉၉၅-၁၉၉၆ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အိမ်ခြေ ၈၀၀ ခန့်နှင့် ကျောင်းသား ၆၀၀ ကျော်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည့် ကျောင်းတစ်ကျောင်း ဖြစ်ပါကြောင်း၊ ယခုအခါ အဆိုပါကျေးရွာမှာ အိမ်ခြေပေါင်း ၁၆၀၀ ကျော် တိုးတက်များပြားလာသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ၎င်းကျေးရွာပါဝင်သော ပါလောပါကယ်ကျေးရွာ အုပ်စုမှာ ကျေးရွာပေါင်း ၅၀ နှင့်ဖွဲ့စည်းထားရှိပြီး လူဦးရေ ၂၄၀၀၀ ခန့်နေထိုင်သည့် ကျေးရွာအုပ်စုကြီးတစ်ခု ဖြစ်ပါကြောင်း၊ တိုးတက်များပြားလာသော လူဦးရေနှင့်အညီ အဆိုပါအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ များမှာ တစ်နှစ်ထက်တစ်နှစ် များပြားလာသည့်အပြင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း တစ်ကျောင်းဖွင့်လှစ်ပြီး မောက်မယ်မြို့နယ်၊ ဟိုပုန်းမြို့နယ်၊ ကျောက်တစ်လုံးကြီးမြို့နယ်ခွဲနှင့် ဆီဆိုင်မြို့နယ်မှ ၅၊ ၆၊ ၇၊ ၈ ကျောင်းသား ၈၀ နှင့် ကျောင်းသူ ၈၀ ထပ်မံတိုးပွားလာသည့်အတွက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ကျောင်းသားကျောင်းသူ ၁၆၄၇ ဦးအထိ တိုးတက်များပြားလာခဲ့ပါကြောင်း၊ အထက်တန်းကျောင်းသားများအနေဖြင့် ကြည့်လျှင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ၂၀၂ ဦးသာရှိရာမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ၃၃၆ ဦးအထိ တိုးတက်များပြားလာသော်လည်း အထက်တန်းပြ ဆရာဆရာမများကတော့ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်ပြီး ၂၀၁၈-၂၀၁၉ အထိ ခြောက်ဦးသာရှိ၍ သင်ကြားရေး အခက်အခဲကြုံတွေ့နေရသည်မှာ ခြောက်နှစ်ခန့်ရှိပြီဖြစ်ပါကြောင်း၊ တန်းခွဲများ ထပ်မံမခွဲနိုင်သည့်အတွက် ကလေးများမှာ တစ်တန်းမှာ ၆၀ ဦးခန့် ကြပ်တည်းစွာ ပညာသင်ကြားခဲ့ရပြီး ဒေသနေတိုင်းရင်းသားလူငယ်များ၏ အထက်တန်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲ ကြုံတွေ့ခဲ့ရပါကြောင်း၊ အထက်တန်းကျောင်း ၁၂ ကျောင်းတွင် ဖော်ပြပါ ဆိုက်ခေါင်အခြေခံပညာ အထက်တန်းကျောင်းမှာ တတိယမြောက်ဖွင့်လှစ်ခဲ့သည့် ကျောင်းဖြစ်သကဲ့သို့ ကျောင်းသားဦးရေ ကလည်း တတိယအများဆုံးဖြစ်သည့်အပြင် အထက်တန်းကျောင်းသားများကလည်း တတိယအများဆုံး ဖြစ်နေပါလျက်နှင့် အခြားအခြေခံပညာအထက်တန်းကျောင်း ကျောင်းသားနည်းသော ကျောင်းနှင့် အဆင့်တူ၊ ဘာသာရပ်တူဖြစ်နေသော်လည်း ဆရာဆရာမများအနေဖြင့် သုံးဦး၊ လေးဦးခန့် လျော့နည်းရှိနေခြင်းမှာ နှစ်ရှည်ဖြစ်ရခြင်းအတွက် ၎င်းဒေသနေ ကျောင်းသူကျောင်းသားများအတွက် အခက်အခဲကြုံတွေ့ခဲ့ရပါကြောင်း၊ ယခင်နှစ် နိုဝင်ဘာလတွင် ဆရာမတစ်ဦးမှာ ထပ်မံရာထူးတိုးခဲ့သည့် အတွက် စာသင်နှစ်အပြီးတွင် ဆရာဆရာမငါးဦးနှင့်သာ ခက်ခဲစွာသင်ကြားသင်ယူခဲ့ကြရပါကြောင်း၊ ယခု မိမိ၏ကြယ်ပွင့်ပြမေးခွန်းမှာ ဒသမပုံမှန် အစည်းအဝေးမှာ ပေးပို့ခဲ့တာဖြစ်ပြီး ယခုရက်ပိုင်းမှာ ဆရာဆရာမ သုံးဦး ထပ်မံရောက်ရှိလာကြောင်း သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ အထက်ပါအခြေခံပညာ အထက်တန်း ကျောင်းတွင် လိုအပ်လျက်ရှိသော အထက်တန်းပြဆရာဆရာမခွဲဝေ ၁၂ ဦး ခန့်ထားဖြည့်ဆည်း ပေးနိုင်မည့်အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကိုယ်စားလှယ်တော်ကြီးတင်ပြထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် အခြေခံပညာအထက်တန်းကျောင်းမှာ ယခုပညာသင်နှစ်တွင် အခုနက ကိုယ်စားလှယ်တော်ကြီးလည်း ထည့်သွင်းပြောကြားသွားပါကြောင်း၊ ရာထူးတိုး၊ အပြောင်းအရွှေ့ ဆောင်ရွက်သည့်အချိန်တွင် ဆိုက်ခေါင်အခြေခံပညာ အထက်တန်းကျောင်းကို အထက်တန်းပြဆရာဆရာမသုံးဦး ထပ်မံဖြည့်ဆည်း ပေးပြီးဖြစ်ပါကြောင်း၊ ၎င်းအပြင် အလယ်တန်းပြတစ်ဦးနှင့် မူလတန်းပြတစ်ဦးတို့ကိုလည်း ထပ်မံဖြည့်ဆည်းပေးပြီးဖြစ်ပါကြောင်း၊ လက်ရှိအားဖြင့် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်အခြေခံပညာ အထက်တန်းကျောင်းမှာ အထက်တန်းကျောင်းအုပ်တစ်ဦး၊ အထက်တန်းပြ ရှစ်ဦး၊ အထက်တန်းပြ (ကာယ) တစ်ဦး၊ အလယ်တန်းပြ ၁၃ ဦး၊ PGTMA တစ်ဦး၊ သိပ္ပံတစ်ဦး၊ မူလတန်းပြ ၁၂ ဦး၊ ဝန်ထမ်းသုံးဦးရှိသည့်အတွက် စုစုပေါင်း ဝန်းထမ်းအင်အား ၄၀ အထိ ဖြည့်ဆည်းဆောင်ရွက်ပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
