မက်မန်းမြို့နယ်အတွင်း ပညာရေးကဏ္ဍအနေဖြင့် အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်း ကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) သုံးကျောင်း၊ အခြေခံပညာမူလတန်းလွန် ကျောင်း ခြောက်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၂၃ ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်း(ခွဲ) ကိုးကျောင်း စုစုပေါင်း ၄၃ ကျောင်းမှာ ကျောင်းသူကျောင်းသား ၂၆၈၀ ဦးဖြင့် သင်ကြားမှု၊ သင်ယူမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းသာရှိပြီး မက်မန်းမြို့နယ်တစ်နယ်လုံးရှိ ကျောင်းသူကျောင်းသားများ၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကို ၎င်းကျောင်းမှာသာ ပညာသင်ကြားရလျက်ရှိပါကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အထိ တက္ကသိုလ်ဝင်စာမေးပွဲကို ယခင်က မက်မန်းမြို့မှ ၇၃ မိုင်ဝေးသော မိုင်းပျဉ်းမြို့မှာ သွားရောက်ဖြေဆိုရပါကြောင်း၊ ငွေရေးကြေးရေးခက်ခဲမှုကြောင့် အချို့သော ကျောင်းသူကျောင်းသား များမှာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်တို့တွင် ကျောင်းကထွက်ပြီး မိဘများနှင့်အတူ တောင်ယာလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို တွေ့ရပါကြောင်း၊
၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မက်မန်း အထက်တန်းကျောင်းအနေဖြင့် စာစစ်ဌာနရရှိခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မက်မန်း(အ.ထ.က) တွင် ဖြေဆိုခွင့်ရရှိခဲ့သည့်အတွက် ကျောင်းသား ကျောင်းသူများ၊ မိဘများအနေဖြင့် မိုင်းပျဉ်းမြို့ကို သွားလာရသည့်အခက်အခဲများ၊ စာမေးပွဲဖြေဆိုစဉ် နေရေး၊ ထိုင်ရေး၊ စားသောက်ရေးအခက်အခဲများ မရှိတော့သလို အဓိကအနေဖြင့် ငွေရေးကြေးရေး ကုန်ကျမှုနည်းပါးသွားသည့်အတွက် စာစစ်ဌာနဖွင့်လှစ်ပေးခဲ့သော ပညာရေးဝန်ကြီးဌာနကို ကျေးဇူးတင်ရှိ ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကျောင်းသူကျောင်းသားများ၏ ကြိုးစားမှု၊ မိဘများ၏ ပညာရေးအပေါ်အလေးထားမှု၊ ပညာရေးဝန်ကြီးဌာနမှ ဆရာဆရာမများ၏ သင်ကြားပို့ချမှု ကောင်းမွန်မှု များကြောင့် အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၂၁.၂၁ ရာခိုင်နှုန်းအထိ ရရှိခဲ့သည့်အတွက် ယခင်နှစ်များနှင့် နှိုင်းယှဉ်မည်ဆိုပါက များစွာတိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊
မက်မန်းမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ ပညာသင်ကြားမှု အနေဖြင့် အထက်တန်းအဆင့် ၈၂ ဦး၊ အလယ်တန်းအဆင့် ၁၉၅ ဦး၊ မူလတန်းအဆင့် ၁၅၉ ဦး စုစုပေါင်း ၄၃၆ ဦး ပညာသင်ကြားလျက်ရှိပါကြောင်း၊ ကျောင်းသူကျောင်းသား ၄၃၆ ဦး ပညာသင်ကြားရန်အတွက် လက်ရှိစာသင်ဆောင်လေးဆောင်မှာ လုံလောက်မှုမရှိပါကြောင်း၊ ကျောင်းဆောင်တချို့မှာ ကြမ်းခင်းမရှိဘဲ မြေစိုက်အဆောက်အဦ ဖြစ်နေပါကြောင်း၊ တချို့စာသင်ဆောင်များမှာ မျက်နှာကြက်မရှိပြီး အပူဒဏ် ကြောင့် စာသင်ကြားမှုခက်ခဲခြင်း၊ နောင်လာမည့်နှစ်များတွင် ကျောင်းသူကျောင်းသား လူဦးရေ တိုးလာနိုင်ခြင်း စသည့် အခက်အခဲများရှိသလို ခရိုင်အဆင့်မြို့ဖြစ်သောကြောင့် တစ်ကြောင်း၊ နယ်စပ်ဒေသရှိ တိုင်းရင်းသား ကျောင်းသူကျောင်းသားများ၊ မိဘများအနေဖြင့် ပညာရေးကို ယခုထက် ပိုမိုစိတ်ဝင်တစားနှင့် အလေးထားနိုင်စေရန် အနာဂတ်မှာ နိုင်ငံအတွက် ထူးချွန်ထက်မြက်သည့် လူရည်ချွန်၊ လူရည်မွန်လေးများ ပိုမိုပေါ်ပေါက်လာစေရန်အတွက် ရည်ရွယ်ပြီး မက်မန်းမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း (မက်မန်း) တွင် (၁၀၀ x ၃၀) ပေ နှစ်ထပ်စာသင်ဆောင် ကျောင်းဆောင် တစ်ဆောင် အဆောက်အဦဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပြီး အစီအစဉ်မရှိပါက မည်သည့်အတွက် ကြောင့်မရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေးရန်ပုံငွေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း အသစ်ဆောက်လုပ်မည့် ကျောင်းဆောင် ၁၁ ကျောင်း၊ အန္တရာယ်ရှိကျောင်းဆောင်များအား ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ရန် ငါးကျောင်း၊ ကျောင်းသားဦးရေအရ တိုးချဲ့အသစ်ဆောက်လုပ်ရန် ခြောက်ကျောင်း၊ သိပ္ပံဆောင်ဆောက်လုပ်ရန် တစ်ကျောင်း၊ ဆရာဆရာမဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်တစ်ကျောင်း၊ စာကြည့်တိုက် ဆောက်လုပ်ရန် တစ်ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၂၅ ကျောင်းအတွက် ဦးစားပေးအဆင့်များ ခွဲခြားပြီး ဘဏ္ဍာငွေထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း၊ ထိုသို့ထည့်သွင်းလျာထားခဲ့ရာ ကိုယ်စားလှယ်တော်ကြီး တင်ပြထားသည့် မက်မန်းမြို့နယ်၊ မက်မန်းအခြေခံပညာအထက်တန်း ကျောင်းတွင် လိုအပ်လျက်ရှိသော ကျောင်းဆောင်သစ်တစ်ဆောင် အသစ်ဆောက်လုပ်ရန် ရန်ပုံငွေကိုပါ ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိလျှင် တည်ဆောက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
