(ည)-အန္တရာယ်ရှိကုန်ပစ္စည်းများအားအန္တရာယ်ကင်းရှင်းစွာထိန်းသိမ်းခြင်းနှင်‌့သယ်ယူပို့ဆောင်ခြင်းတို့ကိုဆောင်ရွက်ရန် စက်သုံးဆီအရောင်းဆိုင်များ၊ဆီဘောက်ဆာယာဉ်များတွင်လုပ်ကိုင်နေသူများအားသက်ဆိုင်ရာဦးစီးဌာနကသင်တန်းများပေးရန်အစီအစဉ်ရှိ/မရှိနှင်‌့စပ်လျဉ်းသည်‌့မေးခွ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၅. ၆. ၂၀၁၉)

 

အန္တရာယ်ရှိ ကုန်ပစ္စည်းများအား ဘေးအန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင်‌့ သယ်ယူ ပို့ဆောင်ခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စက်သုံးဆီအရောင်းဆိုင်များ ဆီဘောက်ဆာ ယာဉ်များတွင် လုပ်ကိုင်ဆောင်ရွက်နေသူများအား လိုအပ်သောသင်တန်းများကို သင်‌့လျော်သော ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးဌာနက သင်တန်းများပေးရန်နှင်‌့ အသိအမှတ်ပြုလက်မှတ် ရရှိသူများကိုသာ လုပ်ကိုင်ဆောင်ရွက်ခွင်‌့ပြုရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

 

အန္တရာယ်ရှိ ကုန်ပစ္စည်းများအား ဘေးအန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင်‌့ သယ်ယူ ပို့ဆောင်ခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စက်သုံးဆီအရောင်းဆိုင်များ ဆီဘောက်ဆာ ယာဉ်များတွင် လုပ်ကိုင်ဆောင်ရွက်နေသူများအား လိုအပ်သောသင်တန်းများကို သင်‌့လျော်သော ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးဌာနက သင်တန်းများပေးရန်နှင်‌့ အသိအမှတ်ပြုလက်မှတ် ရရှိသူများကိုသာ လုပ်ကိုင်ဆောင်ရွက်ခွင်‌့ပြုရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ကုန်သွယ်ရေကြောင်း လောကတွင် ဆီ၊ လောင်စာဆီ၊ စက်ဆီ၊ ချောဆီ၊ သဘာဝဓာတ်ငွေ့အရည်နှင်‌့ ဓာတုဗေဒအရည်စသည့် အန္တရာယ်ရှိကုန်ပစ္စည်းများ ကိုင်တွယ်ထိန်းသိမ်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း တို့နှင့်စပ်လျဉ်းပြီး လုပ်ကိုင်ဆောင်ရွက်သူများကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက အသိအမှတ်ပြုထားသည့် သင်တန်းကျောင်းများတွင် သင်တန်းများတက်ရောက် သင်ကြားရပြီး ရေကြောင်‌းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပေးသော လက်မှတ်ကို ကိုင်ဆောင် ထားရပါကြောင်း၊ ထို့ကြောင့် ဖော်ပြပါ ကုန်ပစ္စည်းများ၏ သဘောသဘာဝသည် အန္တရာယ်ဖြစ်စေရန် လွယ်ကူလျင်မြန်သောကြောင်‌့ ထိုပစ္စည်းများကို ကိုင်တွယ်ထိန်းသိမ်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း တို့ကို လုပ်ကိုင်ဆောင်ရွက် ကြသူများသည် အဆိုပါကုန်ပစ္စည်းများ၏ သဘောသဘာဝ ဘေးအန္တရာယ် ကင်းရှင်းအောင် မည်သို့ကိုင်တွယ်ထိန်းသိမ်းရမည်၊ မည်သို့သယ်ယူပို့ဆောင်ရမည်ကို တိတိကျကျ တတ်သိနေရန်နှင်‌့ လိုက်နာကျင်‌့သုံးရန် လိုအပ်ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုများ၊ ဆီဘောက်ဆာယာဉ် မီးလောင်မှုများသည် စက်သုံးဆီများ၏ သဘောသဘာဝ လွယ်ကူလျင်မြန်စွာ အန္တရာယ်ဖြစ်စေမှု၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မည်သို့ကိုင်တွယ်ထိန်းသိမ်းရမည်၊ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မည်သို့သယ်ယူ ပို့ဆောင်ရမည်ကို မသိကြသည့်သူများက လုပ်ကိုင်ဆောင်ရွက် နေကြခြင်းကြောင်‌့ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါကလည်း အပြစ်မဲ့ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကြီးမားစွာ ထိခိုက်ဆုံးရှုံးစေပါသည်။

သို့ဖြစ်ပါ၍ အန္တရာယ်ရှိကုန်ပစ္စည်းများအား ဘေးအန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင်‌့ သယ်ယူပို့ဆောင်ခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စက်သုံးဆီအရောင်းဆိုင်များ ဆီဘောက်ဆာ ယာဉ်များတွင် လုပ်ကိုင်ဆောင်ရွက် နေသူများအား လိုအပ်သောသင်တန်းများကို သင်‌့လျော်သော ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးဌာနက  သင်တန်းများပေးရန်နှင်‌့ အသိအမှတ် ပြုလက်မှတ် ရရှိသူများကိုသာ စက်သုံးဆီအရောင်းဆိုင်များ၊ ဆီဘောက်ဆာယာဉ်များတွင် လုပ်ကိုင် ဆောင်ရွက်ခွင်‌့ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

သယံဇာတနှင်‌့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်၊ ရေနံနှင်‌့ရေနံထွက် ပစ္စည်းများဆိုင်ရာ ဥပဒေအရ ရေနံနှင်‌့ရေနံထွက်ပစ္စည်း တစ်မျိုးမျိုးကို ဘေးအန္တရာယ်ကင်းရှင်းစွာ သိုလှောင်ရေးနှင်‌့ သယ်ယူပို့ဆောင်ရေးတို့အတွက် သိုလှောင်ကန်နှင်‌့ သိုလှောင်ရုံများအတွက် သိုလှောင်ခွင်‌့လိုင်စင် ထုတ်ပေးခြင်းနှင်‌့ သယ်ဆောင်သည်‌့ မော်တော်ယာဉ်၊ ရေယာဉ်နှင်‌့တွဲများအတွက် သယ်ဆောင်ခွင်‌့ ခွင်‌့ပြုမိန့် ထုတ်ပေးခြင်းတို့ကို လုပ်ထုံးလုပ်နည်းနှင်‌့အညီ စိစစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

စက်သုံးဆီကိုင်တွယ် ထိန်းသိမ်းခြင်းနှင်‌့ပတ်သက်၍ လျှပ်စစ်နှင်‌့စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းကသင်တန်းများ ဖွင်‌့လှစ်သင်ကြားပေးလျက်ရှိပြီး စက်သုံးဆီ သယ်ယူပို့ဆောင်ရေးနှင်‌့ ပတ်သက်ပြီး ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနက ဆီသယ်ယာဉ်နှင်‌့ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ၊ အန္တရာယ်ရှိသော ကုန်ပစ္စည်းများသယ်ယူ ပို့ဆောင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင်‌့အညီ ဆောင်ရွက်လျက်ရှိသဖြင်‌့ စက်သုံးဆီအရောင်းဆိုင်များနှင်‌့ ဆီဘောက်ဆာယာဉ်များမှာ လုပ်ကိုင်ဆောင်ရွက် နေသူများကို သင်တန်းများပေးရန် အစီအစဉ်မရှိပါကြောင်း သယံဇာတနှင်‌့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပေါင်းစပ်ဖြေကြားထားပါသည်။

သို့ဖြစ်ပါ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်/ သိုလှောင်ကန် စခန်းများတွင် တာဝန်ထမ်းဆောင်နေသူများနှင်‌့ တာဝန်ထမ်းဆောင်မည်‌့ သူများအနေဖြင့် စက်သုံးဆီများကို သယ်ယူ/သိုလှောင်/ဖြန့်ဖြူးရောင်းချရာ ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များကို သိရှိနားလည်ပြီး စနစ်တကျ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လျှပ်စစ်နှင်‌့စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းက စက်သုံးဆီကိုင်တွယ် ထိန်းသိမ်းခြင်း အခြေခံသင်တန်းများ ဖွင်‌့လှစ်၍ ရေနံနှင်‌့ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပါ သိထားသင်‌့သော အကြောင်းအရာများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင်‌့ ရေနံထွက်ပစ္စည်းများ သယ်ယူ/ သိုလှောင်/ဖြန့်ဖြူးရောင်းချရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည်‌့အချက်များနှင်‌့ ဆီတင်ယာဉ် မောင်းများ သိရှိလိုက်နာရမည်‌့ အချက်များကို စာတွေ့/လက်တွေ့ ဆွေးနွေးပို့ချ သင်ကြားပေးလျက် ရှိပါသည်။

အဆိုပါသင်တန်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ယနေ့အထိ တစ်လလျှင် နှစ်ကြိမ်ဖွင်‌့လှစ်ပြီး သင်တန်းတစ်ကြိမ်လျှင် သင်တန်းသားဦးရေ ၂၀ မှ ၃၀ အထိ သင်ကြားပို့ချ၍ စုစုပေါင်းသင်တန်း (၄၅) ကြိမ် ဖွင်‌့လှစ်နိုင်ခဲ့ပြီး သင်တန်းသားစုစုပေါင်း ၉၅၁ ဦးကို အသိအမှတ်ပြု သင်တန်းဆင်း လက်မှတ်များ ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နောင်တွင် အဆိုပါသင်တန်းဆင်းလက်မှတ် ရရှိပြီးသူများကိုသာ စက်သုံးဆီအရောင်းဆိုင်၊ သိုလှောင်ကန်စခန်းများတွင် လုပ်ကိုင်ဆောင်ရွက် ခွင့်ပြုရေးဆက်လက်၍ စီမံကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင်‌့လိုင်စင် ရယူထားပြီးဖြစ်သည့် ပုဂ္ဂလိကစက်သုံးဆီတင် ရေယာဉ်များကို GPS စနစ်တပ်ဆင်စေပြီး စောင်‌့ကြည်‌့ စစ်ဆေးထိန်းသိမ်း ကြပ်မတ်နိုင်ရန် ဆောင်ရွက်လျက် ရှိသည်ဖြစ်ရာ ဆက်လက်၍ တစ်နိုင်ငံလုံးရှိ ဆီတင်ရေယာဉ်များ၊ ဆီတင်တွဲများနှင်‌့ ဆီတင်ယာဉ်များအားလုံးကိုလည်း တပ်ဆင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ဆီတင်ယာဉ်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင်‌့ သယ်ယူပို့ဆောင် ခြင်းတို့ကို စနစ်တကျလုပ်ကိုင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ် ဇွန်လမကုန်မီ ဆီတင်ယာဉ် ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ခြင်း သင်တန်းများကို ဖွင်‌့လှစ်သင်ကြားပို့ချ၍ ဆီတင်ယာဉ်မောင်းများကို အသိအမှတ်ပြုသင်တန်းဆင်း လက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများဖြစ်သည်‌့ ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင်‌့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့နှင်‌့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နောင်တွင် အဆိုပါ သင်တန်းဆင်းလက်မှတ် ရရှိပြီးသည်‌့ ဆီတင်ယာဉ်မောင်းများကိုသာ လုပ်ကိုင်ဆောင်ရွက် ခွင်‌့ပြုရေးအတွက် ဆက်လက်၍ စီမံကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း လျှပ်စစ်နှင်‌့စွမ်းအင် ဝန်ကြီးဌာနက ပေါင်းစပ်ဖြေကြားထားပါသည်။

ထို့အပြင် ရေနံဓာတ်ငွေ့ရည် သယ်ဆောင်သော ယာဉ်မောင်းများအတွက် အသိပညာပေး သင်တန်း (Safety Awareness Training for LPG Tanker Drivers) အမှတ်စဉ် (၁) ကို ၆-၃-၂၀၁၉ ရက်နေ့မှ ၇ ရက်နေ့အထိလည်းကောင်း၊ သင်တန်းအမှတ်စဉ် (၂) ကို ၂၈-၃-၂၀၁၉ ရက်နေ့မှ ၂၉ ရက်နေ့ အထိလည်းကောင်း မြန်မာ့ရေနံဓာတုလုပ်ငန်း၏ အမှတ် (၁) ရေနံချက် စက်ရုံ (သန်လျင်)၊ လေ့ကျင်‌့ပညာပေးရေး သင်တန်းကျောင်း၌ ဖွင်‌့လှစ်ပို့ချခဲ့ရာ သင်တန်းသားစုစုပေါင်း ၄၁ ဦး တက်ရောက်ခဲ့ပြီး သင်တန်းတက်ရောက်ပြီးသူများအား သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ်များကို မြန်မာ့ရေနံဓာတုလုပ်ငန်းက ထုတ်ပေးခဲ့ပါကြောင်းကိုလည်း လျှပ်စစ်နှင်‌့စွမ်းအင် ဝန်ကြီးဌာနက ပေါင်းစပ်ဖြေကြားထားပါသည်။

ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အန္တရာယ်ရှိသော ကုန်ပစ္စည်းများ၊ သယ်ယူပို့ဆောင်သော ဘောက်ဆာနှင်‌့ဆီတင်ယာဉ် (Tanker) များကို ဘေးအန္တရာယ်ကင်းရှင်းရေး အပိုင်းဆိုင်ရာ စစ်ဆေးမှုများဆောင်ရွက်ပြီးမှသာ ယာဉ်မှတ်ပုံတင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စိစစ်ရာတွင်လည်း Hydrostatic စမ်းသပ်မှုအစီရင်ခံစာ၊ Radiographic စမ်းသပ်မှုအစီရင်ခံစာ၊ သတ္တုတွင်းဦးစီးဌာနက ထုတ်ပေးသည့် သိုလှောင်ကန်အတွက် ရေနံဓာတ်ငွေ့ရည် သယ်ဆောင်ခွင်‌့လက်မှတ်စသည့် အထောက်အထား စာရွက်စာတမ်းများကို သေချာစွာစိစစ်ပြီးမှ မှတ်ပုံတင်ပေးခြင်း ဖြစ်ပါကြောင်း၊

အန္တရာယ်ရှိကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း (Dangerous Goods Transport) နှင်‌့ စပ်လျဉ်းပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် European Agreement Concerning the International Carriage of Dangerous Goods by Road (ADR) ကို ကိုးကား၍ အန္တရာယ်ရှိသော ကုန်ပစ္စည်းများ အမျိုးအစားခွဲခြားခြင်းနှင်‌့ လိုက်နာရန်အချက်များ၊ ၎င်းတို့ကိုသယ်ဆောင်မည့် မော်တော်ယာဉ်များတွင် ယာဉ်အမှတ်အသား၊ ကွန်တိန်နာအမှတ်အသား၊ တိုင်ကီအမှတ်အသား ပြုလုပ်ခြင်းကိစ္စ၊ အထုပ်အပိုးများတွင် တံဆိပ်ကပ်ခြင်း၊ ကုန်တင်ခြင်းနှင်‌့ ကုန်ချခြင်းဆိုင်ရာကိစ္စများ၊ ယာဉ်ပေါ်တွင် ပါရှိရမည်‌့ပစ္စည်းများ၊ မတော်တဆမှုဖြစ်ပွားခြင်းနှင်‌့ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက လိုက်နာရမည်‌့အချက်များနှင်‌့ ယာဉ်ပေါ်တွင်ပါရှိရမည်‌့ စာရွက်စာတမ်းများနှင်‌့ ပတ်သက်သည့် ရုံးအမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ 

ထို့ကြောင်‌့ အန္တရာယ်ရှိကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သော လုပ်ငန်းရှင်များအနေဖြင့် ၎င်းကုန်ပစ္စည်းများ သယ်ဆောင်သည့်ယာဉ်ကို မောင်းနှင်သော ယာဉ်မောင်းများအနေဖြင့် ထုတ်ပြန် ထားသည့် အန္တရာယ်ရှိကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် လိုက်နာရမည်‌့အမိန့်ညွှန်ကြားချက် များအတိုင်း လိုက်နာသယ်ယူပို့ဆောင်ကြမည်ဆိုလျှင် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချလုံခြုံမှု ရှိစေမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင်‌့စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဖွင်‌့လှစ်သည့် LPG သယ်ဆောင်သည်‌့ Bowser သို့မဟုတ် Tank Lorry ယာဉ်မောင်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေး အသိပညာပေးသင်တန်းများတွင်လည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပူးပေါင်းပါဝင်ပို့ချ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ အန္တရာယ်ရှိသော ကုန်ပစ္စည်းများကို ဘေးအန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ် ထိန်းသိမ်းခြင်းနှင်‌့ သယ်ယူပို့ဆောင်ခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်နှင်‌့ စွမ်းအင်ဝန်ကြီးဌာနက စက်သုံးဆီအရောင်းဆိုင်များ၊ ဆီဘောက်ဆာယာဉ်များတွင် လုပ်ကိုင် ဆောင်ရွက်နေသူများနှင့် လုပ်ကိုင်ဆောင်ရွက်လိုသူများကို သင်တန်းများပေးပြီး အသိအမှတ်ပြု လက်မှတ်ရရှိသူများကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသည်‌့ အစီအမံများမှာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။