(င)-စလင်း-စေတုတ္တရာကားလမ်းမပေါ်ရှိ MPT ဖုန်းတိုင်များ၊ ဖုန်းကြိုးများနှင့် တယ်လီဖုန်း Connection Box များမြေပြင်ပေါ်ကျနေခြင်းများကြောင့် MPT ဖုန်းလိုင်းများ မကြာခဏပျက်နေမှုအား မည်သူက တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၅. ၆. ၂၀၁၉)

 

စေတုတ္တရာမြို့နယ်၊ စလင်း-စေတုတ္တရာကားလမ်းမပေါ်ရှိ MPT ဖုန်းတိုင်များ၊ ဖုန်းကြိုးများနှင့် တယ်လီဖုန်း Connection Box များမှာ လဲပြိုနေခြင်း၊ မြေပြင်ပေါ်ကျနေခြင်းများ နှစ်နှင့်ချီ၍ ကြာမြင့်စွာ ဖြစ်ပွားနေမှုကြောင့် MPT ဖုန်းလိုင်းများ မကြာခဏပျက်နေမှုအား မည်သူက တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

မိမိတို့စေတုတ္တရာမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ် မီးလင်းရေး၊ ဖုန်းလိုင်းဆက်သွယ်ရေး အဘက်ဘက်က နိမ့်ပါးခက်ခဲသည့်ဒေသဖြစ်ပါကြောင်း၊ သွားလာရေးခက်ခဲလှသော ကျေးလက်ဒေသများသည် ဖုန်းလိုင်းများကိုသာ အဓိကအားထားပြီး ဆက်သွယ်ကြရပါကြောင်း၊ ဘူးကျေးရွာ၊ ကျပင်းကျေးရွာ၊ ဒွေးကျေးရွာ၊ နတ်ကြီးကျေးရွာ၊ အပေါ ကျေးရွာ၊ အာရောကျေးရွာစသည့် စေတုတ္တရာမြောက်ပိုင်းကျေးရွာ ၅၀ ခန့်သည် တစ်ခုတည်းသော CDMA ဖုန်းလိုင်းကိုသာ အဓိကအားထားပြီး တိုင်အမြင့်ကြီးများထောင်၊ တချို့က တောင်မြင့်ပေါ်ကို တက်ပြီး ဆက်သွယ်ကြရပါကြောင်း၊ ယခင်က သင့်တင့်စွာဆက်သွယ်၍ရရှိနေသော CDMA ဖုန်း လိုင်းများသည် လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့်ကစပြီး ဆက်သွယ်၍မရသလောက် လနှင့်ချီပြီး ကြာမြင့် စွာပျက်နေသည့်အတွက် အစစခက်ခဲသည့် အဆိုပါကျေးရွာများသည် နူရာဝဲစွဲ လဲရာသူခိုးထောင်း ဖြစ်ကြရပါကြောင်း၊ ယခုလည်း လုံးဝဆက်သွယ်၍မရ ပြတ်တောက်နေပါကြောင်း၊ မြို့နှင့် မြို့ပတ်ဝန်းကျင်တွင် သုံး၍ရသည့် MPT, GSM ဖုန်းလိုင်းသည်လည်း ယခင်ကာလကကောင်းမွန်ပြီး ပျက်ခဲလှသော်လည်း ယခုနှစ်နှစ်ခန့်ကာလတွင် လစဉ်၊ အပတ်စဉ်နီးပါး ပျက်လေ့ရှိပါကြောင်း၊ အစိုးရ ရုံးဌာနများ၊ ပြည်သူများပါအခက်အခဲများစွာ တွေ့ကြရပါကြောင်း၊ ဖုန်းပျက်သည့်မှတ်တမ်းအရ ၂၀၁၉ ခုနှစ် ၁ လပိုင်းတွင် သုံးကြိမ်၊ ၂ လပိုင်းတွင် နှစ်ကြိမ်၊ ၃ လပိုင်းတွင် ခြောက်ကြိမ်၊ ၄ လပိုင်းတွင် လေးကြိမ်ပျက်ခဲ့ပြီး တစ်ခါပျက်ပါက တစ်ရက်ခန့်ကြာမြင့်လေ့ရှိပါကြောင်း၊ ဖုန်းလိုင်းအသစ်တစ်ခု တပ်ဆင်တိုင်း နဂိုရှိရင်းစွဲဖုန်းလိုင်းများ ပျက်ပျက်ပေးရသည်မှာလည်း မိမိတို့မြို့နယ်ကြုံတွေ့ နေကြရသည့် ဘေးဒုက္ခတစ်ခုဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဖုန်းလိုင်းများ မကြာခဏပျက်နေရသည့် အကြောင်းရင်းများက စလင်း-စေတုတ္တရာ ကားလမ်းတစ်လျှောက် ဆက်သွယ်ရေးဖုန်းတိုင်များ၊ ဖုန်းကြိုးများ လဲပြိုနေခြင်း၊ တွဲလောင်းကျနေခြင်း၊ မြေပြင်ပေါ်တွင်အပုံလိုက်ကျနေခြင်းများသည် ကာလရှည်ကြာ မြင်မကောင်းပါကြောင်း၊ မြေပေါ်တွင်ပုံကျနေသော Connection Box နှင့် ကြိုးများ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကားလမ်းတစ်လျှောက် ကြည့်မြင်မကောင်းပစ်စလက်ခတ်ဖြစ်နေသော၊ ကြိုးများကျနေသောကြောင့် တော၊ တောင်ထဲကိုဝါးခုတ်၊ ယာသွား၊ ဝါးဆွဲသည့်နွားများ၊ လှည်းများနှင့် မကြာခဏထိခိုက်မိပြီး ပြတ်တောက်ခြင်းများ၊ နွေအခါတောမီးလောင်သည့်အခါ မီးလောင်ခြင်းများ ဖြစ်ပွားပြီး ဖုန်းလိုင်းများ မကြာခဏပြတ်တောက်နေ သည်မှာ အဓိကဖြစ်ပါကြောင်း၊ နှစ်နှစ်ကျော်ခန့် ကာလရှည်ကြာ နိုင်ငံပိုင်ပစ္စည်းများ ပစ်စလက်ခတ်ဖြစ်နေခြင်း၊ ဖုန်းလိုင်းများမကြာခဏပျက်နေ သည်ကို သက်ဆိုင်ရာဌာန၊ တာဝန်ရှိသူများကို တရားဝင်အကြိမ်ကြိမ်အသိပေး အကြောင်းကြား သော်လည်း မည်သည့်အရေးယူဆောင်ရွက်မှုမျှမရှိဘဲ ABC ကုမ္ပဏီကို လိုင်းပြင်ဆင်ထိန်းသိမ်းရန် လုပ်ငန်းကန်ထရိုက်ပေးထားကြောင်းသာ မျက်နှာလွှဲခဲပစ်ပုံချပြီး နှစ်ရှည်၊ ကာလရှည် ဖြစ်ပျက် နေပါကြောင်း၊ ကုမ္ပဏီက ယနေ့တိုင် ဖြစ်ပျက်နေဆဲ၊ ထားရှိဆဲဖြစ်ပါကြောင်း၊ အမှန်တကယ်မှာ မိနစ်ပိုင်း၊ နာရီပိုင်းခန့်  ဆက်သွယ်ရေးပြတ်တောက်လျှင်တောင်မှ အရေးကြီးသော ကျန်းမာရေး၊ လုံခြုံရေး၊ စီးပွားရေး၊ အစိုးရကိစ္စ၊ အရေးပေါ်ကိစ္စများတွင် မည်မျှထိခိုက်၊ နစ်နာဆုံးရှုံးစေသည်မှာ နိုင်ငံတကာတွင် အထူးအလေးထားကြရပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံပိုင်ဆက်သွယ်ရေးတိုင်များ၊ ကြိုးများ နှစ်ရှည်လများပစ်စလက်ခတ်ဖြစ်ပြီး ကာလရှည်ကြာမကြာခဏ ဖုန်းလိုင်းများပြတ်တောက် နေသည်ကို လျစ်လျူရှုထားခြင်းမှာ ဒီမိုကရေစီအစိုးရ၏ပုံရိပ်ကိုထိခိုက်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်နေသည်လားဟု ဒေသခံများမေးခွန်းထုတ်သည်ကို ခံရပါကြောင်း၊ ထို့ကြောင့်‌ မကွေး တိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ စလင်း-စေတုတ္တရာကားလမ်းမပေါ်ရှိ MPT ဖုန်းတိုင်များ၊ ဖုန်းကြိုးများနှင့် တယ်လီဖုန်း Connection Box များသည် ပရမ်းပတာဖရိုဖရဲပြိုလဲနေခြင်း၊ မြေပေါ် ကျနေခြင်းများ နှစ်နှင့်ချီ၍ ကြာမြင့်စွာဖြစ်ပွားနေမှုကြောင့် MPT ဖုန်းလိုင်းများ မကြာခဏပျက်နေမှုအား မည်သူကတာဝန်ယူ ဆောင်ရွက်ပေးမည်နှင့်ပတ်သက်ပြီး သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် Over-Head ဖိုင်ဘာကေဘယ်လ်ဆက်ကြောင်း ၃၂.၄၈ ကီလိုမီတာကို ဆင်ဖြူကျွန်း-စလင်း-ကန်ပြား-စေတုတ္တရာ ကားလမ်းမအတိုင်း သွယ်တန်းထားရှိပြီး စလင်းမြို့နယ်၊ ကန်ပြားကျေးရွာ GSM အခြေစိုက်စခန်းမှ စေတုတ္တရာမြို့ အော်တိုမိုဘိုင်းစခန်းသို့ဆက်သွယ်ရန် ၂၀၁၄ ခုနှစ်မှ စတင်တည်ဆောက်အသုံးပြုခဲ့ ပါကြောင်း၊ အဆိုပါဆက်ကြောင်းသည် စေတုတ္တရာ အော်တိုအိတ်ချိန်း၊ စေတုတ္တရာ GSM အခြေစိုက် စခန်းနှင့် စေတုတ္တရာမြို့နယ်အတွင်းရှိ ငါးမတောင် GSM, CDMA စခန်းတို့အတွက် အဓိကကျသော ပင်မဆက်ကြောင်းဖြစ်ပါကြောင်း၊ အဆိုပါ ကန်ပြား-စေတုတ္တရာဆက်ကြောင်းသည် တောင်ကုန်း၊ တောင်တန်းနှင့် သစ်ပင်များထူထပ်စွာ ပေါက်ရောက်လျက်ရှိသောဧရိယာအတွင်း ဖြတ်သန်းပြီး သွယ်တန်းထားခြင်းကြောင့် မိုးရာသီတွင်တောင်ပြိုခြင်း၊ သစ်ပင်သစ်ကိုင်းများ ကျိုးပဲ့လဲပြိုခြင်းတို့အပြင် ပွင်‌့လင်းရာသီတွင်လည်း တောမီးလောင်ခြင်း၊ စက်ယန္တရားကြီးတင်ဆောင်သော မော်တော်ကား များနှင့်ချိတ်မိခြင်း စသည်များကြောင့် တိုင်များကျိုးပဲ့ခြင်း၊ ကေဘယ်လ်များပြတ်တောက်ခြင်းနှင့် ကေဘယ်လ်များကို ရှဉ့်ကိုက်ဖြတ်မှုတို့ကြောင့် ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသကဲ့သို့ ဆက် သွယ်ရေးပြတ်တောက်မှုများ မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အဆိုပါဖိုင်ဘာကေဘယ်လ်ဆက်ကြောင်းကို အကြီးစားပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် မကွေးတိုင်းဒေသကြီး မန်နေဂျာနှင့် အဖွဲ့ကို မြေပြင်အခြေအနေကွင်းဆင်းစစ်ဆေးစေခဲ့ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းပမာဏနှင့် ကုန်ကျ စရိတ်တို့ကို ခန့်မှန်းတွက်ချက်ပြီးနောက် ၉-၄-၂၀၁၉ ရက်နေ့မှစပြီး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

မိမိတို့ မြေပြင်ကွင်းဆင်းတိုင်းတာစစ်ဆေးသည့်အခါ ဖိုင်ဘာကေဘယ်လ်လမ်းကြောင်း ဆက်ကြောင်း တစ်လျှောက် လဲရမည့်၊ ပြန်တပ်ရမည့်၊ အစားထိုးအသစ်ထောင်ရမည့် တိုင်နေရာများကို ကွင်းဆင်း (Survey) လုပ်ပြီးဖြစ်ပါကြောင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လာသည့်အခါ ဖိုင်ဘာကေဘယ်လ်များအစားထိုးခြင်းများ၊ ကွန်ကရစ်တိုင်အစားထိုးလဲလှယ်ခြင်း၊ နေရာရွှေ့ပြောင်း လဲလှယ်ခြင်း၊ ကွန်ကရစ်တိုင်များ ပြန်လည်တည့်မတ်ခြင်း၊  Joint Box နှင့် Distribution Box များ အသစ်လဲလှယ်ခြင်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက်ပြီးအရေအတွက်နှင့် လက်ကျန်ပမာဏ၊ ပြီးစီးသည့်ရာခိုင်းနှုန်းတို့ကို တင်ပြထားပါကြောင်း၊ ကွန်ကရစ်တိုင်နှင့်  ဖိုင်ဘာကေဘယ်လ်အသစ်များ လုပ်ငန်းခွင်ကို ရောက်ရှိနေပါကြောင်း၊ ကွန်ကရစ်တိုင်များကို စိုက်ထူ၊ ဖိုင်ဘာကေဘယ်လ်အသစ်များ အစားထိုးသွယ်တန်းနေပါကြောင်း၊ သို့ဖြစ်ပါ၍ စလင်း-စေတုတ္တရာလမ်းမပေါ်ရှိ ကန်ပြား-စေတုတ္တရာ ဖိုင်ဘာကေဘယ်လ်ဆက်ကြောင်းရှိ ကွန်ကရစ်တိုင်များ၊ ကေဘယ်လ်ကြိုးများ လဲပြိုပျက်စီးနေမှုများ ကို ပြန်လည်ပြုပြင်နိုင်ရန်နှင့်‌ သဘာဝဘေးဒဏ်များကြောင့် ပျက်စီးမှုများမဖြစ်ပေါ်စေရေး၊ ဆက်သွယ် မှုများ ပြတ်တောက်မှုမရှိစေရေးတို့အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တာဝန်ယူပြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဧပြီလမှစတင်၍ အဆင့်လိုက်ဆောင်ရွက်လျက် ရှိရာတွင် ၂၀၁၉ ခုနှစ် ဇွန်လကုန်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် လျာထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးကျော်အောင်လွင်(စေတုတ္တရာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အစစခက်ခဲလှသော ကျေးရွာများ၏ တစ်ခုတည်းသောအားကိုးဆက်သွယ်ရာဖြစ်သော CDMA ဖုန်းလိုင်းများ နှစ်နှင့်ချီပြတ်တောက်နေပြီး ဒေသန္တရအစိုးရယန္တရားလည်ပတ်ရန် ခက်ခဲပါကြောင်း၊ သွားလာရေးခက်ခဲလှသော အဆိုပါကျေးရွာများ အတိဒုက္ခရောက်သည့်အတွက် CDMA ဖုန်းလိုင်းများ ကို မည်သို့ကောင်းအောင် ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

မိမိ တင်ပြခဲ့ရာတွင် ပျက်စီးယိုယွင်းနေသော ဖိုင်ဘာဆက်ကြောင်းသည် စေတုတ္တရာ GSM အခြေစိုက် စခန်းများသည် စေတုတ္တရာမြို့နယ်အတွင်းရှိ ငါးမတောင် GSM, CDMA စခန်းတို့အတွက်လည်း  အဓိကပင်မဆက်ကြောင်းဖြစ်ပါကြောင်း၊ ၎င်းဆက်ကြောင်းချို့ယွင်းပျက်စီးနေသည့်အတွက် CDMA ဆက်သွယ်မှုများပြတ်တောက်ပြီး မကောင်းသည့်အတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးသည့်အခါ ဖိုင်ဘာ ကေဘယ်လ်ဆက်ကြောင်းကို ပြုပြင်ပြီးစီးသည့်နောက်ပိုင်းတွင် CDMA များလည်း ကောင်းစွာပြန်လည် အသုံးပြုနိုင်မည်ဟု ထင်မြင်ပါကြောင်း၊ မည်သို့ပင်ဖြစ်ဖြစ် အဆိုပါဖိုင်ဘာဆက်ကြောင်းကို ပြုပြင် ပြီးစီးသည့်နောက်ပိုင်းတွင်လည်း ဆက်သွယ်ရေးကောင်းမွန်ခြင်းရှိ/မရှိကိုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် တစ်ချိန်လုံး Monitor လုပ်ပြီး စစ်ဆေးပေးရန် ညွှန်ကြားသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။