(က)-လွိုင်လင်မြို့နယ်၊ တန့်အယ်ကျေးရွာအုပ်စုရှိ လယ်ယာမြေများ အပြည့်အဝစိုက်ပျိုးလုပ်ကိုင်နိုင်ရန် ရေစီးရေလာအားကောင်းသည်‌့ နမ့်ပွန်ချောင်းပေါ်တွင် ဖိုင်လုံဆည်နှင့် ကုန်းကျောင်းဆည်တို့အား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၅. ၆. ၂၀၁၉)

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် တန့်အယ်ကျေးရွာအုပ်စု ကုန်းကျောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က ရောက်ရှိခဲ့ပြီး ဒေသခံ မဲဆန္ဒရှင် မိဘပြည်သူများအား လွှတ်တော်အတွေ့အကြုံရှင်းလင်းခြင်းနှင့် ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးတိုင်ပင်ခဲ့ပါကြောင်း၊ မဲဆန္ဒနယ်ရှင်မိဘပြည်သူများ ဆွေးနွေးတင်ပြသည်မှာ လွိုင်လင်မြို့နယ် တန့်အယ်ကျေးရွာအုပ်စု၊ တန့်အယ်ကျေးရွာနှင့် ကုန်းကျောင်းရွာပတ်ဝန်းကျင်တွင် ဆန်စပါးကို အဓိက စိုက်ပျိုးသည်‌့ လယ်ယာမြေဧက စုစုပေါင်း ၁၀၀၀ ကျော်ရှိပြီး စိုက်ပျိုးရေရရှိနိုင်ရန် ရေစီးရေလာ အားကောင်းသည်‌့ နမ့်ပွန်ချောင်းမှ တောင်သူလယ်သမားများစုပေါင်း၍ ဒေသထွက်တောသစ်များဖြင့် လက်လုပ်ဆည်များ ဖိုင်လုံဆည်နှင့် ကုန်းကျောင်းဆည်နှစ်ခုပြုလုပ်၍ ရေသွယ်မြောင်းများ ဖောက်လုပ် ပြီး နှစ်စဉ်မိုးစပါးစိုက်ပျိုးခဲ့ပါကြောင်း၊

မိုးတွင်းကာလ တောင်ကျချောင်းရေများ စီးဝင်မှုကြောင့် နမ့်ပွန်ချောင်းရေမြင့်တက်ပြီး လက်လုပ် ဆည်များမှာ နှစ်စဉ်ပြိုကျပျက်စီးခဲ့ရပြီး လယ်ယာမြေဧက ၁၀၀၀ ကျော်တွင် စပါးအပြည့်အဝ စိုက်ပျိုး ရန် အခက်အခဲများကြုံတွေ့နေရပါသဖြင့် သက်ဆိုင်ရာမှ ကူညီဆောင်ရွက်ပေးနိုင်ပါရန် မဲဆန္ဒရှင် တောင်သူလယ်သမားများက တင်ပြခဲ့ပါကြောင်း၊ လွိုင်လင်မြို့နယ် တန့်အယ်ကျေးရွာအုပ်စု တန့်အယ် ကျေးရွာအနီးတွင်တည်ရှိသည့် ဖိုင်လုံဆည်၏ အကျိုးပြုလယ်ယာမြေဧကမှာ ၃၀၀ ကျော်ရှိပြီး ကုန်းကျောင်းရွာအနီးရှိ ကုန်းကျောင်းဆည်၏အကျိုးပြုလယ်ယာမြေဧကမှာ ၇၀၀ ကျော်ရှိကြောင်း တင်ပြလာပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံမိဘပြည်သူ တောင်သူလယ်သမားများ မိုးစပါးအပြည့်အဝ စိုက်ပျိုးနိုင်ရန်ရည်ရွယ်လျက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် တန့်အယ်ကျေးရွာအုပ်စုရှိ လယ်ယာမြေများ အပြည်‌့အဝစိုက်ပျိုးလုပ်ကိုင်နိုင်ရန် ရေစီးရေလာအားကောင်းသည်‌့ နမ့်ပွန်ချောင်း ပေါ်တွင် ဖိုင်လုံဆည်နှင့် ကုန်းကျောင်းဆည်တို့အား တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည်‌့ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ပါမည်ကိုသိလိုပါကြောင်း မေးမြန်း ပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

လွိုင်လင်မြို့နယ် တန့်အယ်ကျေးရွာအုပ်စု နမ့်ပွန်ချောင်းပေါ်ရှိ ဖိုင်လုံဆည်နှင့် ကုန်းကျောင်း ဆည်တို့သည် ဒေသနေတောင်သူများ ကိုယ်ထူကိုယ်ထအစီအစဉ်ဖြင့် ဆောင်ရွက်ထားသော လက်လုပ်ဆည်များဖြစ်ပါကြောင်း၊

မိုးရာသီကာလ ရေကြီးချိန်တွင် နမ့်ပွန်ချောင်း‌ရေစီးတိုက်စားမှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် နှစ်စဉ်ပြန်လည်ပြုပြင်ဆောင်ရွက်နေရပြီး စိုက်ပျိုးရေအခက်အခဲလည်း တွေ့ကြုံနေရပါကြောင်း၊ ထို့ကြောင့် တန့်အယ်‌ကျေးရွာအုပ်စုအတွင်းရှိ တောင်သူလယ်သမားများ စိုက်ပျိုးရေရရန်အတွက် ဖိုင်လုံဆည်နှင့် လက်လုပ်ဆည်တို့ကို သစ်ရိုက်ကျောက်ဖြည်‌့ဆည်များအဖြစ် တည်ဆောက်ပေးရန်နှင့် ရေသွယ်မြောင်းများ ပြုပြင်ပြန်လည်တူးဖော်ပေးရန်အတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကုန်းကျောင်းဘုန်းတော်ကြီးကျောင်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ရှိသူများအနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူများတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါကြောင်း၊ ဖိုင်လုံဆည်ကို အလျားပေ ၁၀၀၊ အမြင့် ၉ ပေ ရှိ သစ်ရိုက်ကျောက်ဖြည်‌့ ဆည်အဖြစ်တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ ခန့်မှန်းကုန်ကျငွေ တွက်ချက်မှုများတွင် ကျပ်သန်း ၆၀ ခန့်ကုန်ကျမည် ဖြစ်ပါကြောင်း၊ တစ်ဧက ၃၀၀ ကျော်ကို စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည့် အခြေအနေဖြစ်ပါကြောင်း၊

အလားတူ ကုန်းကျောင်းလက်လုပ်ဆည်ကို အလျား ၁၄၅ ပေ၊ အမြင့် ၁၀ ပေရှိ သစ်ရိုက် ကျောက်ဖြည်‌့ဆည်အဖြစ် တည်ဆောက်ရန်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေအနေဖြင့် ကျပ် ၇၅ သန်းခန့် ကုန်ကျမည် ဖြစ်ပါကြောင်း၊ သစ်ရိုက်ကျောက်ဖြည်‌့ဆည်အနေဖြင့် လယ်ဧက ၇၀၀ ကျော်ကို စိုက်ပျိုးရေပေးဝေနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခိုင်လုံသည့် ကုန်းကျောင်းလက်လုပ်ဆည်များကို သစ်ရိုက်ကျောက်ဖြည်‌့ဆည်အဖြစ် တည်ဆောက်ပေးနိုင်ရန် လွိုင်လင်မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းရေးဆွဲပြီးတင်ပြလာမှုအပေါ်မူတည်၍ ရန်ပုံငွေခွဲဝေရရှိမှုကိုပါအခြေတည်၍ ပြည်နယ် အတွင်း ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။