ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ကျင်းပသည့် အစည်းအဝေးတွင် ၂၀၁၅ ခုနှစ် မတ်လအတွင်းက မေးခဲ့သည့် မေးခွန်းဖြစ်ပါကြောင်း၊ ယခုအခါ ၂၀၁၅-၁၆ ပညာသင်နှစ် ဇွန်လအတွင်း ရသေ့တောင်မြို့နယ်(ရေမျက်) အခြေခံပညာမူလတန်း (လွန်)ကျောင်းအား အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)အဆင့် တိုးမြှင့်ပေးထားပြီဖြစ်ကြောင်း သိရှိရသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဒုတိယမေးခွန်းတစ်ခုက ကျောင်းအဆင့်တိုးချဲ့ဖွင့်လှစ်ရရှိရေးအား နှစ်စဉ်နှစ်တိုင်း ကျေးရွာများမှ အဆိုပြုလွှာစာအုပ် တင်ပြနေရခြင်းမှာ ငွေကုန်ကြေးကျများပါသဖြင့် တစ်နှစ်လျှောက်ထားပြီးပါက ခွင့်ပြုချက်မရမခြင်း ၎င်းအမှုတွဲစာအုပ်များ ကို နှစ်စဉ်နှစ်တိုင်း ထည့်သွင်းစဉ်းစားပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိရန်အတွက် အမှုတွဲတင်ပြခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ကျောင်းများမှ အဆင့်တိုးမြှင့်ရန် အမှုတွဲအား နှစ်စဉ်နှစ်တိုင်းတင်ပြရန် မလိုအပ်ပါကြောင်း၊ ပထမအကြိမ် အမှုတွဲတင်ပြထားပြီး ပါဝင်မှုမရှိသေးပါက ဒုတိယအကြိမ်မှာလည်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးမှ လက်ရှိကျောင်းက ပြောင်းလဲသွားသည့် အခြေအနေများကိုသာ ထပ်မံတောင်းခံပြီး ကျောင်းအဆင့်တိုး တန်းစီဇယားတွင် ထည့်သွင်းစိစစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်၊
