(စ)-အုပ်ချုပ်ရေးမှူးတစ်ဦးအား ဆောင်ရွက်ချက်များနှင်‌့ပတ်သက်၍ကျေနပ်မှုမရှိသူက တိုင်ကြားလာပါက ဌာနတွင်းဖြေရှင်းဆုံးဖြတ်ချက်မချမီ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၏ တာဝန်ဆက်လက်ထမ်းဆောင်ခွင်‌့ ရှိ/မရှိ သိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၃. ၆. ၂၀၁၉)

 

ရွေးချယ်ခံအုပ်ချုပ်ရေးမှူး တစ်ဦးအား လုပ်ငန်းဆောင်ရွက်ချက်များနှင်‌့ ပတ်သက်၍ ကျေနပ်မှုမရှိသူက တိုင်ကြားလာပါက ၎င်းတိုင်ကြားခြင်းနှင်‌့ ပတ်သက်၍ ဌာနတွင်းဖြေရှင်း ဆုံးဖြတ်ချက်မချမီ သို့မဟုတ် တရားရုံးသို့ရာဇဝတ်မှု ကျူးလွန်ကြောင်း စွဲဆိုလျှောက်ထားချက်အပေါ် သက်ဆိုင်ရာ တရားရုံးမှအမှုကို စီရင်ဆုံးဖြတ်ခြင်း မပြုရသေးမီရပ်/ကျေးအုပ်ချုပ်ရေးမှူး၏ တာဝန်ဆက်လက်ထမ်းဆောင်ခွင်‌့ ရှိ/မရှိ သိလိုခြင်းနှင်‌့ စပ်လျဉ်းသည်‌့ မေးခွန်း

 

 

မေးခွန်း မေးရခြင်းအကြောင်းအရင်းက လက်ရှိအုပ်ချုပ်ရေးမှူးများ ရွေးချယ်သည့်နေရာတွင် ရှိသည့် အခက်အခဲကို ပြေလည်စေလိုခြင်းနှင့် ဌာန၏လုပ်ငန်းဆောင်ရွက်မှုများကို သိရှိခြင်းဖြင်‌့ ဌာနနှင့်ပြည်သူများအကြား နားလည်မှုပိုမိုရရှိရေးအတွက်ကို ရည်ရွယ်ပြီး မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၏ အခန်း (၈) တွင် နုတ်ထွက်ခွင်‌့ပြုခြင်း၊ တာဝန်မှယာယီ ရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းနှင်‌့ အစားထိုးခန့်ထားခြင်းဆိုသည့် ခေါင်းစဉ်အောက် ပုဒ်မ ၁၅ တွင် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး တစ်ဦးဦးနှင်‌့ပတ်သက်၍ အောက်ပါအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လျှင် စုံစမ်းစစ်ဆေးမှုပြုရန် လိုအပ်ပါက အဖွဲ့ဖြင်‌့စုံစမ်းစစ်ဆေးမှုပြုပြီး နုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှယာယီ ရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းပြုနိုင်သည်ဟု ဖော်ပြထားပါကြောင်း၊ ၎င်း၏အောက်တွင် ပုဒ်မခွဲ (က) မှ (စ) အထိရှိပါကြောင်း၊ (က) တာဝန်မှနုတ်ထွက်ခွင်‌့ပြုရန် တင်ပြချက်ကိုလက်ခံခြင်း၊ (ခ) အခန်း (၅) ပါ လိုက်နာစောင်‌့ထိန်းရမည်‌့ ကျင့်ဝတ်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ (ဂ) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူခံရခြင်း၊ (ဃ) အခြားအရပ်ဒေသ တစ်ခုခုသို့ အမြဲတမ်းပြောင်းရွှေ့ခြင်း၊ (င) ကွယ်လွန်ခြင်း၊ (စ) ဤဥပဒေ အခန်း (၃) တွင် ပြဋ္ဌာန်းထားသော ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၏ အရည်အချင်းပျက်ယွင်းခြင်းဆိုပြီး ဖော်ပြထားခြင်းရှိပါကြောင်း၊ ထိုအခါ အုပ်ချုပ်ရေးမှူးနှင့်ပတ်သက်ပြီး တိုင်ကြားလာခြင်းများ ရှိသည့်အခါ စုံစမ်းစစ်ဆေးမှုပြုသည့်အခါတွင် တချို့သောအုပ် ချုပ်ရေးမှူးများကို မိမိတို့က ယာယီရပ်ဆိုင်းခြင်းရှိပါကြောင်း၊ တစ်ချိန်တည်း တိုင်ကြားစာအရ စုံစမ်းစစ်ဆေးပြီးသည့်အခါ ရွေးကောက်ပွဲများ ပြန်ပြီးကျင်းပနိုင်ရေးအတွက်ဆိုပြီး ညွှန်ကြားလာခြင်းများ ရှိပါကြောင်း၊

သို့သော်လည်း ၎င်းကိုညွှန်ကြားလာသည့်အခါ လက်ရှိအုပ်ချုပ်ရေးမှူးများကို ယာယီ ရပ်ဆိုင်းခြင်းမျိုး မရှိသည့်အခါ ပြည်သူများ မေးခွန်းထုတ်စရာဖြစ်လာပါကြောင်း၊ ထို့ကြောင်‌့ အဆိုပါမေးခွန်းအား မေးမြန်းရခြင်း ဖြစ်ပါသည်။

 


 

ဖြေကြားသူ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင်‌့
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အဆိုပါမေးခွန်းနှင့် ပတ်သက်ပြီး ရွေးချယ်ခံအုပ်ချုပ်ရေးမှူး တစ်ဦးအားတာဝန်ထမ်းဆောင်ရာတွင် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍သော် လည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၅ (ခ) အရ လိုက်နာစောင်‌့ထိန်းရမည့် ကျင်‌့ဝတ်တရားကို ဖောက်ဖျက်ခြင်းကြောင်‌့ သော်လည်းကောင်း၊ ပုဒ်မ ၁၅ (ဂ) အရ တည်ဆဲဥပဒေ တစ်ရပ်ရပ်ဖြင်‌့ အရေးယူခံရခြင်းကြောင်‌့သော်လည်းကောင်း၊ ပုဒ်မ ၁၅ (စ) အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ အရည်အချင်း ပျက်ယွင်းခြင်းကြောင်‌့ သော်လည်းကောင်း၊ ကျေနပ်မှု မရှိသောသူက ပုဂ္ဂိုလ်အရ တိုင်ကြားခြင်း၊ ခိုင်လုံမှုမရှိသော အကြောင်းအရာများ အာမခံရနိုင်သော ပြစ်မှုများဖြင်‌့ တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ ဌာနတွင်း၌ စုံစမ်းစစ်ဆေးခြင်း၊ ဆုံးဖြတ်ချက်ချခြင်း သို့မဟုတ် ရာဇဝတ်မှုကျူးလွန်ကြောင်း စွဲဆိုလျှောက်ထားချက်အပေါ် သက်ဆိုင်ရာတရားရုံးမှ အမှုကို စီရင်ဆုံးဖြတ်ခြင်း မပြုရသေးမီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတာဝန်အား ဆက်လက်ထမ်းဆောင် စေလျက်ရှိပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဆုံးဖြတ်ချက်၊ တရားရုံး၏ စီရင်ဆုံးဖြတ်ချက်များအပေါ် မူတည်ပြီးမှ တာဝန်မှယာယီရပ်ဆိုင်းခြင်း၊ နုတ်ထွက်ခွင်‌့ပြုခြင်းနှင်‌့ ဆက်လက်တာဝန် ထမ်းဆောင်စေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့သော်လည်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို တိုင်ကြားထားသည့် ကိစ္စရပ်သည် အကြောင်းအရာခိုင်လုံ ပေါ်လွင်ခြင်း၊ တာဝန်မှရပ်စဲသည်အထိ အရေးယူရမည့် အခြေအနေမျိုးရှိခြင်း၊ တာဝန်မှရပ်စဲခြင်း မပြုပါက သက်သေအထောက်အထားများကို ဖောက်ဖျက်ပစ်ခြင်း သို့မဟုတ် စာရင်းအင်းများကို ပြင်ဆင်ခြင်း၊ လိမ်လည်ခြင်း၊ လုပ်ပိုင်ခွင်‌့ အလွဲသုံးစားပြုခြင်း၊ အရှိန်အဝါကို အသုံးပြုခြင်း၊ မသမာမှုပြုခြင်း၊ မလျော်သြဇာသုံးခြင်းတို့ဖြင်‌့ အမှုကိစ္စကို တိမ်းစောင်းသွားစေရန် ပြုလုပ်နိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်မည်ဆိုလျှင် အမှုပေါ်ပေါက်ရေးအတွက်ကို အတားအဆီးဖြစ်စေနိုင်ခြင်း၊ တာဝန်မှယာယီ ရပ်ဆိုင်းခြင်းမပြုဘဲ တာဝန်ကို ဆက်လက်ထမ်းဆောင် နေစေခြင်းဖြင်‌့ သက်ဆိုင်ရာအဖွဲ့အစည်း၏ အကျိုးကို ထိခိုက်နိုင်ဖွယ်ရှိခြင်းနှင်‌့ ပြစ်မှုဆိုင်ရာဥပဒေအရ အာမခံမရနိုင်သော ပြစ်မှုများဖြင်‌့ တရားစွဲဆို ခံရခြင်းတို့ ဖြစ်ပေါ်ပါက ဌာနတွင်းစုံစမ်း စစ်ဆေးခြင်း၊ ဆုံးဖြတ်ချက်ချခြင်း သို့မဟုတ် ရာဇဝတ်မှု ကျူးလွန်ကြောင်း စွဲဆိုလျှောက်ထားချက်အပေါ် သက်ဆိုင်ရာတရားရုံးမှ အမှုကိုစီရင်ဆုံးဖြတ် ချထားခြင်းများ မပြုလုပ်ရသေးသော်လည်း အုပ်ချုပ်ရေးမှူးအား တာဝန်မှယာယီ ရပ်ဆိုင်းထားပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဆုံးဖြတ်ချက်၊ တရားရုံး၏စီရင်ဆုံးဖြတ်ချက်များအပေါ် မူတည်ပြီးတော့မှ တာဝန်မှယာယီရပ်ဆိုင်းခြင်း၊ နုတ်ထွက်ခွင်‌့ပြုခြင်းနှင်‌့ အကယ်၍ ပြစ်မှုမရှိကြောင်း ဆုံးဖြတ်ခဲ့လျှင်လည်း ဆက်လက်တာဝန် ထမ်းဆောင်စေခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ ရွေးချယ်ခံအုပ်ချုပ်ရေးမှူးတစ်ဦးကို တာဝန်ထမ်းဆောင်ရာတွင် လုပ်ငန်းဆောင်ရွက်မှု များနှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိသူက တိုင်ကြားလာပါက ၎င်းတိုင်ကြားခြင်းနှင့် ပတ်သက်၍ ဌာနတွင်း ဖြေရှင်းဆုံးဖြတ်ချက် မချမီ သို့မဟုတ် တရားရုံးသို့ ရာဇဝတ်ကျူးလွန်ကြောင်း စွဲဆို လျှောက်ထားချက်အပေါ် သက်ဆိုင်ရာတရားရုံးမှ အမှုကိုစီရင်ဆုံးဖြတ်ချက် မပြုရသေးမီ တိုင်ကြားခံရသော   ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ဆက်လက်တာဝန် ထမ်းဆောင်ခွင့်နှင့် ပတ်သက်ပြီး တိုင်ကြားမှုများရှိလာပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၅ အရ စုံစမ်းစစ်ဆေးမှုပြုပြီး စုံစမ်း စစ်ဆေးရေးအဖွဲ့၏ ဆုံးဖြတ်ချက် သို့မဟုတ် တရားရုံး၏ စီရင်ဆုံးဖြတ်ချက်များအရ နုတ်ထွက်ခွင်‌့ပြု စေခြင်း၊ တာဝန်မှယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းနှင်‌့ ဆက်လက်တာဝန် ထမ်း‌ဆောင် စေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

တာဝန်မှယာယီ ရပ်ဆိုင်းထားသည့် ကာလအတွင်း ပုဒ်မ ၁၆ (ဃ) အရ ဆန္ဒမဲ ဒုတိယအများဆုံး ရရှိသည့် ရာအိမ်မှူးတစ်ဦးဦးကို ယာယီတာဝန်ပေးအပ်ထားပြီး တရားရုံး၏ စီရင်ဆုံးဖြတ်ချက်အပေါ် မူတည်ပြီးမှ ၎င်းအုပ်ချုပ်ရေးမှူးအား အပြစ်မရှိကြောင်း အမှုမှအပြီး အပြတ်လွတ်ကြောင်း စီရင်ဆုံးဖြတ်ခဲ့လျှင် ဆက်လက်တာဝန်ပေး ဆောင်ရွက်လျက် ရှိပါကြောင်းနှင်‌့ အကယ်၍ အပြစ်ရှိ၍ ပြစ်ဒဏ်တစ်စုံတစ်ရာ ကျခံရပါက တာဝန်မှရပ်နားပြီး အပြစ်ရှိ၍ ၎င်းအပြစ်နှင့်အညီ ကျခံစေပြီးမှ ဥပဒေနှင့်အညီ ပြန်လည်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်တာဝန်ပေးခြင်းကို ဆောင်ရွက်လျက် ရှိပါကြောင်းနှင်‌့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ပေါင်းစပ်ဖြေကြား ချက်များကို ဆက်စပ်ပြီးမှ ရှင်းလင်းဖြေကြားပါသည်။