မိမိတို့ မြန်မာနိုင်ငံသည် ၂၀၀၀ ခုနှစ်နောက်ပိုင်းကစပြီး တက္ကသိုလ်အများစုကို မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ လွတ်လပ်စွာ သင်ကြားပို့ချနိုင်ရေး၊ အေးချမ်းစွာ ပညာသင်ယူနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် မြို့ပြနှင့်အလှမ်းဝေးရာသို့ ပြောင်းရွှေ့ဖွင့်လှစ် ခဲ့သည်ဟု လေ့လာသိရှိရပါကြောင်း၊ သို့သော်လည်း ကျောင်းသား/သူအများစုသည် အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်ထက် အပင်ပန်းကြီးစွာ ပညာသင်ကြားနေရပါကြောင်း၊ အကြောင်းအရင်းမှာ အဆိုပါ တက္ကသိုလ်များသည် မြို့ပြများနှင့်အနည်းဆုံး ၅ မိုင်မှ အများဆုံး ၇ မိုင်၊ ၈ မိုင်၊ ၁၀ မိုင်အထိဝေးကွာပြီး ကျောင်းသား/သူများသည် မနက်စောစောကျောင်းကားရှိသည့် နေရာကို သွားရပါကြောင်း၊ ကျောင်းကားမှတစ်ဆင့်ကျောင်းကို အချိန် ၁ နာရီခန့်ပေးပြီးမှ ကျောင်းကို ရောက်ရပါကြောင်း၊ ကျောင်းသွားကျောင်းပြန် ညနေအိမ်ပြန်ရောက်သည်အထိ လမ်းခရီးတွင်နေ့စဉ်နှင့်အမျှ ၃၊ ၄၊ ၅ နာရီ ကုန်ဆုံးနေရပါကြောင်း၊ ထို့ကြောင့် သွားရေးလာရေး အဆင်မပြေသည့်အတွက် အနီးဆုံး တက္ကသိုလ်များတွင်နေရသော်လည်း အဆောင်စရိတ်၊ စားစရိတ်၊ နေထိုင်စရိတ်ကြီးမြင့်မှုများနှင့် ထပ်မံကြုံတွေ့ရပါကြောင်း၊ မြို့ပြနှင့်အလှမ်း ဝေးကွာသည့်အတွက် ကျောင်းသား/သူများအပေါ် ဒုစရိုက်သမားများက ပစ်မှတ်ထားပြီး ခိုးဆိုးလုနှိုက်မှုအပြင် အသက်အန္တရာယ်အထိ ခြိမ်းခြောက်မှုများပါ ရင်ဆိုင်နေရပါကြောင်း၊ အထက်ပါ အခြေအနေများကို ကြည့်ခြင်းအားဖြင့် တက္ကသိုလ်များသည် မြို့ပြနှင့်ဝေးရာကို ရောက်ရှိနေသည့်အတွက် အဖိုးတန်လက်ဝတ်ရတနာ၊ ဆိုင်ကယ်များ လုယက်ခံရသည့်အပြင် အသက်အန္တရာယ်များအထိ ဖြစ်နေရသည့်အနေအထား ဖြစ်ပါကြောင်း၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်သည် ပုသိမ်ကြီးမြို့နယ်ထဲတွင် ရှိပါကြောင်း၊ မန္တလေးနှင့် ၁၂ မိုင် ဝေးကွာပါကြောင်း၊ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) သည် စဉ့်ကိုင်မြို့နယ်ထဲတွင် ရှိပါကြောင်း၊ မန္တလေးမြို့နှင့် ၁၆ မိုင်ခန့်ကွာဝေးပါကြောင်း၊ နည်းပညာတက္ကသိုလ် (မုံရွာ) သည် မုံရွာမှ ၆ မိုင်ခန့် ကွာဝေးပါကြောင်း၊ ဆေးတက္ကသိုလ် (မကွေး) သည် မကွေးမှ ၇ မိုင်ခန့် ကွာဝေးပါကြောင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံဆိုက်ဘာစီးတီးသည် ပြင်ဦးလွင်နှင့် ၁၆ မိုင်ခန့် ကွာဝေးပါကြောင်း၊ ကွန်ပျူတာ တက္ကသိုလ် (ပခုက္ကူ) သည် ပခုက္ကူနှင့် ၇ မိုင်ခန့် ကွာဝေးပါကြောင်း၊ ရတနာပုံတက္ကသိုလ်သည် ဧရာဝတီမြစ်ရေကြီးချိန်နှင့် ဒုဌဝတီဆုံသည့်အချိန် မိုးကောင်းသည့်အချိန်တွင် ရေကြီးနစ်မြုပ်မှုပါ ရင်ဆိုင်ရသည့်တက္ကသိုလ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းသား/သူများသည် ကျောင်းသွားသည့်အခါ လိုအပ်သည့်အသုံးအဆောင် ပစ္စည်းအပြင် အသက်ကယ်လှေနှင့် အသက်ကယ်အင်္ကျီပါ ယူသွားရမည့် ထူးခြားသည့်တက္ကသိုလ် ဖြစ်ပါကြောင်း၊ မန္တလေး (ရတနာပုံ) တက္ကသိုလ်ကျောင်းသား တစ်ဦး ဓားထိုးခံရပြီးသေဆုံးခဲ့ရပါကြောင်း၊ ပြင်ဦးလွင်ရတနာပုံဆိုက်ဘာ စီးတီးကျောင်းသားတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံးသွားခဲ့ရပါကြောင်း၊ ယနေ့အချိန်အထိ လွတ်မြောက်နေဆဲ တရားခံများရှိနေသေးပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့ပြနှင့်အလှမ်းဝေးကွာသော နေရာများတွင် ပညာသင်ကြားနေရ သောတက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းသားလူငယ်များ၏ လုံခြုံရေးအတွက် အနီးဆုံးကျေးရွာ ရပ်ကွက်များအတွင်း ရဲစခန်း သို့မဟုတ် ရဲကင်းများ ချထားပေးခြင်း၊ ကျောင်းသား/သူများ ကျောင်းတက်ကျောင်းဆင်းသွားလာရာ လမ်းမကြီးများတွင် လုံခြုံရေးလှည့်ကင်းများ စီမံဆောင်ရွက်ပေးနိုင်ရန်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ ဖွင့်လှစ်ခြင်းကို တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးအခြေအနေနှင့် ရရှိသည့် အမှတ်ပေါ် မူတည်၍လည်းကောင်း၊ တက္ကသိုလ်ကောလိပ်များအလိုက် လက်ခံနိုင်မည့် ကျောင်းသားဦးရေများအပေါ် မူတည်၍လည်းကောင်း၊ နှစ်စဉ်ပညာသင် နှစ်အလိုက်ဖွင့်လှစ် ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၁၈-၁၉ ပညာသင်နှစ်အထိ မြန်မာတစ်ဝန်းလုံးရှိ တက္ကသိုလ် ၁၁၉ ခု၊ ကောလိပ် ၂၉ ခုဖွင့်လှစ် ထားရှိပါကြောင်း၊ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများတွင် တက်ရောက်လျက်ရှိသော ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာပညာ သင်ကြားနိုင်ရေးအတွက် တက္ကသိုလ်/ကောလိပ်များ၏ စာသင်ဆောင်၊ စာပေသင်ကြားရေး၊ အထောက်အကူပြု အဆောင်များနှင့် ကျောင်းသား/သူများ၊ ကျောင်းအိပ်ကျောင်းစားနေထိုင်ရန် ဧည့်ဆောင်များ အပါအဝင် တက္ကသိုလ်ပရဝုဏ်အတွင်း လုံခြုံရေးကို တက္ကသိုလ်တာဝန်ရှိသူများ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် နေ့ညလုံခြုံရေးဝန်ထမ်းများခန့်ထား၍ တာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းပရဝုဏ်အတွင်း လုံခြုံမှုရှိစေရေးအတွက် ကျောင်းသား/သူများ အဝင်/အထွက်ပြုခြင်းကို လည်ဆွဲကဒ်များ ချိတ်ဆွဲပြီးမှ ဝင်/ထွက်ခွင့်ပြုပြီး အခြားပြင်ပမှ မည်သူမဆို တက္ကသိုလ်ပရဝုဏ် အတွင်းရှိ ရုံး/အဆောက်အဦ၊ စာသင်ဆောင်များဝင်ရောက် မည်ဆိုပါကလည်း တိကျသော အထောက်အထားကို ရယူ၍ မှတ်တမ်းကိုစနစ်တကျ မှတ်ပုံတင်ရေးသွင်းပြီးမှသာလျှင် ဧည့်လုံခြုံရေးကဒ်ထုတ်ပေးပြီး ဝင်ရောက်စေခြင်းဖြင့် လုံခြုံရေးကိုစနစ်တကျ ဆောင်ရွက်လျက် ရှိပါကြောင်း၊
တက္ကသိုလ်ကျောင်း ပရဝုဏ်အတွင်း အဝင်/အထွက် မုဒ်ဦးဂိတ်များ၊ စာသင်ဆောင်များ၊ ကျောင်းသား/သူ အဆောင်များနှင့် ကျောင်းပရဝုဏ်ပတ်ဝန်းကျင် လမ်းဆုံနေရာများတွင် CCTV လုံခြုံရေးကင်မရာများ တပ်ဆင်ပြီး မှတ်တမ်းတင်စောင့်ကြပ် ကြည့်ရှုလျက် ကျောင်းတွင်း လုံခြုံရေးကို တက္ကသိုလ်လုံခြုံရေးဝန်ထမ်းများမှ တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ကျောင်းသား/သူများ တက္ကသိုလ်ပရဝုဏ်အတွင်း ကျောင်းတွင်အိပ်၊ ကျောင်းတွင်စားစနစ်ဖြင့် လုံခြုံစွာနေထိုင်ပြီး ပညာသင်ကြားနိုင်ရေးအတွက် တက္ကသိုလ်ကျောင်းများအလိုက် အိပ်ဆောင်များကို စတင်ဆောက်လုပ် ပေးလျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ပေါင်းစပ် ဖြေကြားချက်အရ သိရှိရပါကြောင်း၊ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းအသီးသီးမှ ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းရှင်း စေရေးအတွက် ကျောင်းများတွင် ယာဉ်စည်းကမ်း ကော်မတီဖွဲ့စည်း၍ နေ့စဉ်တာဝန်ကျအဖွဲ့အလိုက် တာဝန်ယူကြီးကြပ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၃၀-၅-၂၀၁၉ ရက်နေ့ အထိ တက္ကသိုလ်၊ ကောလိပ်များ၏ ပုရဝုဏ်အတွင်း ဖြစ်ပွားခဲ့သည့်မှုခင်းများမှာ အမှုကြီးနှစ်မှု၊ အခြားအမှု ၁၄၂ မှု ဖြစ်ပွားခဲ့ပါကြောင်း၊ အမှုကြီးနှစ်မှုမှာ ပဲခူးတက္ကသိုလ်ကျောင်းဝင်းအတွင်း ဆေးသုတ်သမားများ အချင်းချင်းခိုက်ရန် ဖြစ်ပွားရာမှ ကျူးလွန်သည့်လူသတ်မှုတစ်မှု၊ မုံရွာတက္ကသိုလ် ဘောလုံးကွင်းအတွင်း တက္ကသိုလ် ကျောင်းသား/သူများ ချိန်းတွေ့ရာတွင် လုယက်ခံရမှုတစ်မှုတို့ဖြစ်ပြီး အဆိုပါ နှစ်မှုလုံးဖော်ထုတ်၍ တရားစွဲတင်ပြီးဖြစ်ပါကြောင်း၊
အခြားအမှု ၁၄၂ မှုတွင် ဆိုင်ကယ်ခိုးမှု ၉၉ မှုဖြစ်ပွားခဲ့ရာ ၃၉ မှုကို ဖော်ထုတ်တရားစွဲတင်နိုင်ခဲ့ပြီး ၆၀ မှုမှာ စုံစမ်းစစ်ဆေးဆဲဖြစ်ပါကြောင်း၊ သက်ဆိုင်ရာခရိုင်၊ ရပ်ကွက်တပ်ဖွဲ့မှူးများမှ တက္ကသိုလ် အာဏာပိုင်များနှင့် ပေါင်းစပ်၍ ဆိုင်ကယ်ရပ်နားရန် နေရာများသတ်မှတ်ပြီး လုံခြုံရေးဝန်ထမ်းများ ချမှတ်ထားခြင်းစနစ်ဖြင့် ဆိုင်ကယ်ခိုးမှုများကို လျှော့ချနိုင်ရေးအတွက် ညှိနှိုင်းထားရှိပါကြောင်း၊ ရိုးရိုးခိုးမှုရှစ်မှု ဖြစ်ပွားခဲ့ရာ လေးမှုကိုဖော်ထုတ် တရားစွဲတင်နိုင်ခဲ့ပြီး လေးမှုမှာစုံစမ်းစစ်ဆေးဆဲ ဖြစ်ပါကြောင်း၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုသုံးမှုဖြစ်ပွားခဲ့ပြီး နှစ်မှုကို ဖော်ထုတ်တရားစွဲ တင်နိုင်ခဲ့ပြီး တစ်မှုမှာ စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါကြောင်း၊ နာကျင်စေမှုသုံးမှု၊ ခိုက်ရန်ဖြစ်ပွားမှု တစ်မှုဖြစ်ပွားခဲ့ရာ ဖော်ထုတ်တရားစွဲတင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လူတစ်ဦးချင်းစီတွင် ဖြစ်လေ့ဖြစ်ထ ရှိသော အမှုခင်းများနှင့် အထူးအထွေဥပဒေများမှ အရေးယူမှုခင်း အခြားအမှု ၂၈ မှု ဖြစ်ပွားခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၃၀-၅-၂၀၁၉ ရက်နေ့အထိ တက္ကသိုလ်၊ ကောလိပ်များ၏ ပရဝုဏ်ပြင်ပတွင် ကျောင်းသား/သူများ ကျူးလွန်ခံရသည့်မှုခင်းများမှာ အမှုကြီး ၁၈ မှု၊ အခြားအမှု ၂၀၇ မှုဖြစ်ပွားခဲ့ပါကြောင်း၊ အမှုကြီး ၁၈ မှုတွင် ပြင်ဦးလွင်မြို့နယ် ရတနာပုံနည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦး ပစ္စည်းလု၍အသက်ခံရမှု၊ ကျောင်းသားများနှင့် ခိုက်ရန်ဖြစ်ပွားသည့် သေဆုံးမှုနှစ်မှု၊ မမြင်ကွယ်ရာချိန်းတွေ့ရာမှ ကျူးလွန်ခံရသည့်အမှုတစ်မှု စုစုပေါင်းလေးမှုတို့အား ဖော်ထုတ်၍တရားစွဲတင်ပြီး ပြစ်ဒဏ်အသီးသီး ချမှတ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျောင်းသားများနှင့် ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးမှုသုံးမှု၊ မမြင်ကွယ်ရာတွင် ချိန်းတွေ့ရာမှကျူးလွန်ခံရသည့် သေဆုံးမှု တစ်မှု၊ စနောက်ရာမှ ကျောင်းသားသေဆုံးမှုတစ်မှု၊ ကျောင်းသား/သူများ လုယက်ခံရမှု နှစ်မှုနှင့် တက္ကသိုလ်ကျောင်းသူ မုဒိမ်းကျင့်ခံရမှုနှစ်မှု စုစုပေါင်းကိုးမှုကို ဖော်ထုတ်၍တရားစွဲတင်ထားရှိပြီး ဖြစ်ပါကြောင်း၊ မမြင်ကွယ်ရာတွင် ချိန်းတွေ့ရာမှ ကျူးလွန်ခံရသည့် သေဆုံးမှုနှစ်မှုနှင့် ကျောင်းသား/သူများ လုယက်ခံရမှုသုံးမှု စုစုပေါင်းငါးမှုမှာ မျက်မြင်သက်သေနှင့် ပတ်ဝန်းကျင် သက်သေရရှိမှု အားနည်းနေသောကြောင့် တရားခံဖော်ထုတ်ရေးအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်လျက် ရှိပါကြောင်း၊
ကျန်အမှု ၂၀၇ မှုတွင် ဆိုက်ကယ်ခိုးမှု ၄၂ မှုဖြစ်ပွားခဲ့ပြီး ရှစ်မှုကိုဖော်ထုတ် တရားစွဲတင်ခဲ့ရာ သုံးမှုမှာ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပြီး ငါးမှုမှာတရားရုံးစစ်ဆေးဆဲနှင့် ၃၄ မှုမှာ စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါကြောင်း၊ ခိုးမှုရိုးရိုး ၁၈ မှုဖြစ်ပွားခဲ့ပြီး ၁၀ မှုကိုဖော်ထုတ်တရားစွဲတင်ခဲ့ရာမှာ သုံးမှုမှာ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပြီး ခုနစ်မှုမှာ တရားရုံးစစ်ဆေးဆဲဖြစ်ပြီး ရှစ်မှုမှာစုံစမ်းစစ်ဆေးဆဲ ဖြစ်ပါကြောင်း၊ နာကျင်စေမှု ၉၅ မှု ဖြစ်ပွားခဲ့ပြီး ၆၂ မှုကို ဖော်ထုတ်တရားစွဲ တင်ခဲ့ရာတွင် ၁၁ မှုမှာ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပြီး ၅၁ မှုမှာ တရားရုံးစစ်ဆေးဆဲနှင့် ၃၃ မှုမှာ စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါကြောင်း၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုနှစ်မှု ဖြစ်ပွားခဲ့ရာ ဖော်ထုတ်တရားစွဲတင်ပြီး ဖြစ်ပါကြောင်း၊ လူတစ်ဦးစီတွင် ဖြစ်လေ့ဖြစ်ထရှိသော မှုခင်းများနှင့် အထူးအထွေဥပဒေများအရ အရေးယူသည့် အမှုများဖြစ်သော ကျန်အခြား ၅၀ မှု ဖြစ်ပွားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တက္ကသိုလ်၊ ကောလိပ်ကျောင်းသား/သူများ လုံခြုံမှုအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ/မများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီများနှင့် ကျောင်းလုံခြုံရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ကျောင်းတက်/ဆင်းချိန်များတွင် ယာဉ်အန္တရာယ်ကင်းရှင်း စေရေးအတွက်လည်းကောင်း၊ ကျောင်းစာမေးပွဲဖြေဆိုချိန်၊ ဘွဲ့နှင်းသဘင်ဆုပေးပွဲ အခမ်းအနားနှင့်အခြား ဖျော်ဖြေရေးများတွင် ပေါင်းစပ်ညှိနှိုင်း၍ လုံခြုံရေးတာဝန်များ ဆောင်ရွက်ပေးခြင်းနှင့် ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းတို့အား သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများမှ ဦးစီး၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အခြားမှုခင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲများမှ ဖြစ်စဉ်သာဓကများဖြင့် ဆွေးနွေးဟောပြောခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် နေ့စဉ်သက်ဆိုင်ရာ နယ်မြေအလိုက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ဦးစီး၍ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး မလိုလားအပ်သော ပြဿနာများမှုခင်းများ မဖြစ်ပွားစေရေးအတွက် သတင်းစောင့်ကြည့်လျက် ရှိသည့်အပြင် နေ့ည အချိန်များတွင် တက္ကသိုလ်၊ ကောလိပ်ကျောင်းသား/သူများ၊ အဆောင်များအနီးတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်း၊ မော်တော်ဆိုင်ကယ်လှည့်ကင်းများ၊ မော်တော်ယာဉ်လှည့်ကင်းများ၊ ရပ်ကင်း စောင့်ကြည့် ကင်းများနှင့်ဝပ်ကင်းများ လုံခြုံရေဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လူနေအိမ်များနှင့် အလှမ်းဝေးကွာသည့် နေရာများ၊ လူသွားလူလာနည်းသည့် နေရာများတွင် တွေ့ရှိရသည့် လူငယ်စုံတွဲများအား ယခုကဲ့သို့ လာရောက်ချိန်းဆိုခြင်း မပြုရန် ပညာပေး ဟောပြောခြင်း၊ ဝိုင်းဖွဲ့အရက်သေစာသောက်စားသည့် ကျောင်းသား/သူများအား မှုခင်းပညာပေး ပြောကြား၍ ဆရာ/မများ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခြင်းများကိုလည်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်း တက္ကသိုလ်၊ ကောလိပ်ကျောင်းများမှ ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ သက်ဆိုင်ရာဆရာ/မများနှင့် ပူးပေါင်းညှိနှိုင်း၍ ကျောင်းပုရဝုဏ် အတွင်း လုံခြုံရေးများ၊ တက္ကသိုလ်လုံခြုံရေးဝန်ထမ်းများမှ တာဝန်ယူဆောင်ရွက်ခြင်းကို လိုအပ်လျှင် ကူညီပေးခြင်းနှင့် ကျောင်းပုရဝုဏ်ပြင်ပ ကျောင်းသား/သူများ သွားလာနေထိုင် တတ်သည့် နေရာများတွင် နေ့ညလှည့်ကင်း၊ ရပ်ကင်း၊ စောင့်ကြည့်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက်ပေးခြင်း၊ ရှောင်တခင်ပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်း၊ ကျောင်းတက်/ဆင်းချိန်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်ပေးခြင်း၊ မှုခင်းကျဆင်းရေးနှင့် မှုခင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
