သံတွဲမြို့နယ်၊ ငပလီမြို့အမှတ် (၅) ရပ်ကွက်၊ ဂျိတ္တော (လုံးသာ) ရပ်ကွက်အတွင်းရှိ အများပြည်သူ အသုံးပြုနေသော ဆိပ်ခံတံတား (Jetty) မှာ ပျက်စီးယိုယွင်းနေပါသဖြင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မီ (Jetty) တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ငပလီမြို့သည် နာမည်ကျော်သာယာလှပသော ကမ်းခြေမြို့တစ်ခုဖြစ်ပြီး နှစ်စဉ်ပြည်တွင်း/ပ ခရီးသွားဧည်သည်များ ဝင်ရောက်လည်ပတ် လျက်ရှိသော Tourism ဧရိယာတစ်ခု ဖြစ်ပါကြောင်း၊ ငပလီမြို့ အမှတ် (၅) ရပ်ကွက်အတွင်းရှိ အများပြည်သူအသုံးပြုနေသာ Jetty သည် နှစ်ပေါင်း ၇၀ ကျော်မှ ယနေ့အထိ အသုံးပြုနေသော Jetty တစ်ခုဖြစ်ပါကြောင်း၊ ယခင်က ရန်ကုန်-သံတွဲ-စစ်တွေ ပယ်လယ်ကူးသင်္ဘောကြီးများ ကုန်တင်ကုန်ချ ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီး ဆိပ်ခံဘောတံတားတစ်ခု ဖြစ်ပါကြောင်း၊ ယခုအခါ သဘာဝဘေးဒဏ်ခံရခြင်း၊ ပြန်လည်ပြင်ဆင်မှု အားနည်းနေခြင်းတို့ကြောင့် ပျက်စီးယိုယွင်းနေသော Jetty တွင် ကမ်းနီး/ကမ်းဝေးငါးဖမ်း စက်လှေများနှင့် အနီးအနားတွင်ရှိသည့် ကျေးရွာများသို့သွားသော ခရီးသည်ပို့ဆောင်ရေး ရေယာဉ်ငယ်များသာ ဆိုက်ကပ်အသုံးပြု နေသည်ကို တွေ့ရှိရပါကြောင်း၊
ယခုလို ယိုယွင်ပျက်စီးနေသော Jetty ကို နိုင်ငံတော်အစိုးရမှ နိုင်ငံတကာအဆင့်မီ Jetty တစ်ခုအဖြစ် ပြုပြင်ဆောက်လုပ် ပေးနိုင်ပါက ရှပ်ပြေးခရီးသည်တင် အမြန်ယာဉ်များဖြင့် တောင်ကုတ်မြို့၊ မာန်အောင်မြို့နှင့် စစ်တွေမြို့များသို့လည်းကောင်း၊ ဂွမြို့နှင့်ရန်ကုန်မြို့ များသို့လည်းကောင်း ရေလမ်းခရီးမှ လျင်မြန်လွယ်ကူစွာ အချိန်တိုအတွင်း သွားရောက်နိုင်မည် ဖြစ်သည့်အပြင် ငပလီကမ်းခြေသို့ လာရောက်တည်းခိုကြသော ပြည်တွင်း/ပခရီးသွား ဧည့်သည်တော်များကလည်း အဆင့်မီ Jetty မှ အဆင်ပြေချောမွေ့စွာ အပျော်စီးလှေသင်္ဘောများဖြင့် အနီးအနားပတ်ဝန်းကျင်ရှိ တံငါရွာများသို့ လည်ပတ်ခြင်း၊ ငါးဖမ်းခြင်း၊ ရေငုတ်၍ သန္တာကျောက်တန်းများနှင့် ရောင်စုံငါးများကို ကြည့်ရှုခြင်းတို့ကို ပျော်ရွှင်စွာလုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊
လက်ရှိအသုံးပြုနေသည့် Jetty မှာ နှစ်ပေါင်း ၇၀ ကျော်မှ ယခုအချိန်ထိ ပြန်လည်ထိန်းသိမ်း ပြင်ဆင်ပြီး အသုံးပြုနေရသဖြင့် သွားလာရေးခက်ခဲသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ဖွံ့ဖြိုးတိုးတက်လာသော ခရီးသွားလုပ်ငန်းအတွက် ဒေသလိုအပ်ချက်နှင့်အညီ ခရီးသွားများ အချိန်တိုအတွင်း အန္တရာယ်ကင်းရှင်းပြီး အဆင်ပြေလွယ်ကူစွာ ခရီးသွားလာနိုင်ရေးအတွက် ယိုယွင်းပျက်စီးပြီး အတက်/အဆင်း အန္တရာယ်များသည့် Jetty အား နိုင်ငံတကာအဆင့်မီ Jetty တစ်ခုအဖြစ် အချိန်မီအကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ဒေသခံပြည်သူများကိုယ်စား မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ စီမံခန့်ခွဲမှုအောက်ရှိ ဆိပ်ကမ်း (၂) ခုမှာ ဂျိတ္တော (လုံးသာ) ဆိပ်ကမ်းနှင့် သဗြုချိုင် ဆိပ်ကမ်းတို့ ဖြစ်ကြပါကြောင်း၊ ၎င်းဂျိတ္တော (လုံးသာ) ဆိပ်ကမ်းရှိ ကျောက်စီကျောက်တန်း တံတားကို ၁၉၁၈ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဆောင်များ ပေါများခြင်း၊ လုံလောက်သည့် ရေအနက်မရှိခြင်း၊ ဆိပ်ကမ်း၏ သဘာဝအနေအရ လှိုင်းဒဏ်၊ လေဒဏ်များမှ အကာအကွယ်မရှိခြင်း စသည်များကြောင့် ၁၉၆၂ ခုနှစ် မတိုင်မီကာလများတွင် ပင်လယ်ကူး သင်္ဘောများနှင့် ကမ်းရိုးတန်းသွားသင်္ဘောများ အဆိုပါ ဆိပ်ကမ်းအနီးရှိ ရေလယ်တွင် သတ်မှတ် ပေးထားသည့် နေရာ၌ ကျောက်ချရပ်နားပြီး လှေ၊ သမ္မာန်များမှတစ်ဆင့် ကုန်တင်/ကုန်ချ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရပါကြောင်း၊ မိုးရာသီတွင် ကမ်းရိုးတန်းသွား သင်္ဘောကုန်တင် သင်္ဘောကြီးများ ဆိုက်ကပ်အသုံးပြုနိုင်ခြင်း မရှိခဲ့သည့်နေရာလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကမ်းရိုးတန်းသွား သင်္ဘောများ ဆိုက်ကပ်နိုင်ရန် သဘာဝအရ အကာအကွယ်ကောင်းပြီး လှိုင်းဒဏ်၊ လေဒဏ်ခံနိုင်သော၊ ရေစူးကောင်းသော ဆိပ်ကမ်းနေရာကို သဗြုချိုင်တွင် ရှာဖွေတွေ့ရှိခဲ့ရာ သဗြုချိုင် ဆိပ်ခံဘောတံတားကို ၁၉၆၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်မှာ တည်ဆောက်ပြီးစီး ခဲ့ပါသဖြင့် ကမ်းရိုးတန်းသွား သင်္ဘောများနှင့် ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များ ဆိုက်ကပ် အသုံးပြုလျက် ရှိပါကြောင်း၊ ဂျိတ္တော (လုံးသာ) ဆိပ်ခံတားသည် ကျောက်တန်းတံတားဖြစ်ပြီး ကျောက်စီချဉ်းကပ်လမ်းမှာ အလျား ၂၇၅ ပေ၊ အကျယ် ၆ ပေရှိပြီး ချဉ်းကမ်းလမ်း၏ ထိပ်တွင် L ပုံစံ ကျောက်စီဆိပ်ခံရှိသည့်အပြင် ကျောက်စီချဉ်းကပ်လမ်း၏ ဘေးဘက်ရှိ စက်လှေငယ်များ ဆိုက်ကပ် အသုံးပြုနိုင်ရန်အတွက် ကျောက်စီလမ်းနှင့် သစ်သားတံတားဦးတို့ ဆိပ်ခံတို့ကိုပါ တည်ဆောက် ပေးထားခဲ့ပါကြောင်း၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဂျိတ္တော (လုံးသာ) ဆိပ်ခံတံတား၏ ကျောက်စီချဉ်းကပ်လမ်း အလျား ၁၉၀ ပေ နှင့် သစ်သားတံတားဦးတို့ ဆိပ်ခံတို့ကို ရန်ပုံငွေကျပ် ၅၀.၅၇၂ သန်းနှင့် ပြုပြင်ပေးခဲ့ပါကြောင်း၊ လက်ရှိအချိန်တွင် ကျောက်ဆောင်များနှင့် မလုံလောက်သည့် ရေစူးတို့ကြောင့် ဂျိတ္တော (လုံးသာ) ဆိပ်ကမ်းကို ငါးဖမ်းရေယာဉ်များ မဆိုက်ကပ် နိုင်ဘဲ ဆိပ်ကမ်းအနီး ကျောက်ချထားပြီး ရေထွက်ကုန်နှင့်ပစ္စည်းများကို ဒေသသုံး မော်တော် ရေယာဉ်ငယ်၊ စက်လှေငယ်တို့ဖြင့် တစ်ဆင့်သယ်ယူလျက်ရှိပါကြောင်း၊
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂျိတ္တော (လုံးသာ) ဆိပ်ခံတံတားနေရာကို ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှုပြုနိုင်ပါရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ၉-၃-၂၀၁၇ ရက်နေ့တွင် တင်ပြခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တင်ပြမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ သဘောထားကို ၂၁-၃-၂၀၁၇ ရက်နေ့တွင် တောင်းခံလာသည့်အတွက် ၎င်းဆိပ်ခံတံတားနေရာကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်နိုင်ပါကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၁၁-၄-၂၀၁၇ ရက်နေ့မှာ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ သဘောထားတင်ပြ ထားခဲ့ပြီးဖြစ်ပါကြောင်း၊
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အနေဖြင့်လည်း အဆိုပါအမှုတွဲကို လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ရန် စီးပွားရေးရာကော်မတီသို့ ၁၃-၄-၂၀၁၇ ရက်နေ့တွင် အမှုတွဲကို လွှဲပြောင်းပေးပို့ခဲ့ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ဂျိတ္တော (လုံးသာ) ဆိပ်ခံတံတားနေရာကို ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်နိုင်ပါ ကြောင်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လွှဲပြောင်းလက်ခံရယူပြီး ဆိပ်ခံတံတားပြုပြင် တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် နည်းပညာပိုင်းကိစ္စရပ်များ ကူညီဆောင်ရွက်ပေးနိုင်ပါကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ရှင်းလင်းဖြေကြားပါသည်။
