အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးခြင်းလုပ်ငန်း(School Milk Program) ပိုမိုထိရောက်အောင်မြင်၍ ရာနှုန်းပြည့်ဖော်ဆောင်သွားနိုင်ရန် နိုင်ငံတော်အစိုးရမှ မည်သို့ဆက်လက် ကူညီပံ့ပိုးပေးမည်နှင့် ယင်းလုပ်ငန်းစဉ်အတွက် သီးသန့်ရန်ပုံငွေချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ယနေ့အခြေခံပညာသင်ကျောင်းများရှိ မူလတန်းအဆင့်ကလေးများကို မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ နို့တိုက်ကျွေးရေးလုပ်ငန်းများ အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ရှမ်းပြည်နယ်အနေဖြင့် တောင်ကြီး၊ လွိုင်လင်၊ မူဆယ်၊ လားရှိုး၊ နောင်ချိုမြို့များတွင် နို့ပြုပြင် ထုတ်လုပ်ရေးစက်များ တပ်ဆင်ပြီး ဘေးအန္တရာယ်ကင်းစင်သော ပေါင်းတင်ပိုးသတ်နို့ ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများတွင် နို့ချိုတိုက်ကျွေခြင်းလုပ်ငန်းမှာ ကြီးမား ကျယ်ပြန့်ပြီး ရန်ပုံငွေများစွာ လိုအပ်သည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ မိမိတို့ မြို့နယ်ငယ်များအနေဖြင့် ရန်ပုံငွေစုဆောင်း ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားမိဘများ၊ အလှူရှင်များစုပေါင်းအားဖြင့် တစ်လလျှင်တစ်ကျောင်းနှုန်း တိုက်ကျွေးနိုင်ရန် မနည်းကြိုးစား ဆောင်ရွက်နေရသည့် အနေအထားရှိပါကြောင်း၊ ယခုလို အခက်အခဲအမျိုးမျိုးကြားမှ နို့တိုက်ကျွေးခြင်း လုပ်ငန်းကိုဖြစ်ပေါ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် မြို့နယ် တိ/မွေး/ကု ဦးစီးမှူးများ၏ စွမ်းဆောင်ချက်စေတနာများကိုလည်း လေးစားဖွယ်မြင်တွေ့ ရပါကြောင်း၊
ကျောင်းနေအရွယ်ကလေးများ နို့တိုက်ကျွေးခြင်းအားဖြင့် ကျန်းမာရေးကြံ့ခိုင်၍ ဉာဏ်ရည်မြင့်မား ဖွံ့ဖြိုးသော လူငယ်လူရွယ်များ ပေါ်ထွန်းလာနိုင် စေပါကြောင်း၊ ယခုထက်ပိုမို တိုးချဲ့ဆောင်ရွက် သွားသင့်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ သို့ရာတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ အမျိုးမျိုးတို့ကို ကျော်ဖြတ်နိုင်ရန် ခိုင်မာတောင့်တင်းသည့် မတည်ရန်ပုံငွေတစ်ရပ် လိုအပ်သည်ဟု ထင်မြင်မိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အရင်းမပျောက် မတည်ငွေကဲ့သို့ဖြစ်စေ၊ အစိုးရ၏သီးခြား ရန်ပုံငွေခေါင်းစဉ်ဖြင့်ဖြစ်စေ ထပ်မံပံ့ပိုးပေး မည်ဆိုပါက ပိုမိုထိရောက်သော လုပ်ငန်းတစ်ခု ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်နေသော နွားနို့တိုက်ကျွေးခြင်းလုပ်ငန်း ပိုမိုထိရောက် အောင်မြင်လာစေရန် အခြေခံပညာ ကျောင်းများတွင် နို့ချိုတိုက်ကျွေးခြင်းလုပ်ငန်း ပိုမိုထိရောက်အောင်မြင်၍ ရာနှုန်းပြည့်ဖော်ဆောင် သွားနိုင်ရန် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက် ပေးမည်နည်းနှင့် နွားနို့အာဟာရတိုက်ကျွေးခြင်း လုပ်ငန်းစဉ်အတွက် သီးသန့်ရန်ပုံငွေ ခွင့်ပြုချမှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် အများပြည်သူများ သန့်ရှင်းလတ်ဆတ်သည့် နွားနို့များသောက်သုံးသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး၊ နွားနို့သောက်သုံးမှု များပြားလာခြင်းအားဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေမှုနှင့်အတူ ကျေးလက်လူမှုစီးပွားဘဝ တိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေရန်ရည်ရွယ်သည့် ဆောင်ရွက်မှုလုပ်ငန်းစဉ်မှာ အခြေခံပညာကျောင်းများ School Milk Program ကို ထည့်သွင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဆွီဒင်နိုင်ငံအခြေစိုက် Tetra Laval ကုမ္ပဏီ၊ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Nestle ကုမ္ပဏီ၊ ထိုင်းနိုင်ငံအခြေစိုက် CP ကုမ္ပဏီ၊ ပြည်တွင်းကုမ္ပဏီများဖြစ်သည့် Alliance Star ကုမ္ပဏီ၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ တစ်ဦးချင်း အလှူရှင်များနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နို့ပေါင်းစက်အခြေပြု နို့တိုက်ကျွေးခြင်း လုပ်ငန်းကို ၂၀၁၂-၁၃ တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ စတင်စဉ်က ပြည်ထောင်စုနယ်မြေတွင် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ စတင်ဆောင်ရွက်ခဲ့သည့် ပညာသင်နှစ်မှ ၂၀၁၈-၁၉ ပညာသင်နှစ်အထိ အခြေခံပညာကျောင်းပေါင်း တစ်သောင်းသုံးထောင် နီးပါးရှိသည့် ကျောင်းသားပေါင်း ၂၆ သိန်းကျော်ကို နို့တိုက်ကျွေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် တစ်ဖက်မှလည်း နို့ထုတ်လုပ်မှုတိုးတက် လာရေးအတွက် နို့စားမွေးမြူရေး လုပ်ငန်းစီမံချက်ကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်အထိ နိုင်ငံတော်၏ထောက်ပံ့ငွေ ကျပ်သန်းပေါင်း ၁၃၁၀ တိတိ သုံးစွဲခဲ့ပြီး နို့စားနွားကောင်ရေ ၁၂၇၇ ကောင်ကို ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှိသည့် အခြေခံပညာ ထက်/လယ်/မူကျောင်းများ၊ တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းများ၊ ပညာရေးကောလိပ်များရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုဆိုင်ရာ (SISP) ရန်ပုံငွေများ ဖြည့်ဆည်းခွဲဝေဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ နွားနို့အာဟာရ တိုက်ကျွေးခြင်း လုပ်ငန်းစဉ်အတွက် သီးသန့်ရန်ပုံငွေ ခွင့်ပြုပေးခြင်းမျိုး မရှိသော်လည်း ခြေခံပညာကျောင်းများကို ပံ့ပိုးထားသည့် (SISP) ရန်ပုံငွေ၏ သာမန်အသုံးစရိတ် ခေါင်းစဉ်အောက်တွင် အစားအစာရိက္ခာခေါင်းစဉ်ဖြင့် နွားနို့တိုက်ကျွေးခြင်း လုပ်ငန်းများကို ကျခံသုံးစွဲနိုင်ရေး စီမံဆောင်ရွက်ထားပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ရရှိထားသည့် စာရင်းဇယားများအရ နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး ၁၅ ခုတွင် မူလတန်းကျောင်းပေါင်း ၂၆၉၁၇ ကျောင်းရှိပြီး ကျောင်းသား/သူဦးရေပေါင်း ၄၉၉၁၆၅၆ ဦး ပညာသင်ကြားလျက် ရှိပါကြောင်း၊ အသက်အရွယ်အလိုက် မူလတန်းအဆင့် ကျောင်းသား/သူတစ်ဦး တစ်နေ့သောက်သုံးသင့်သည့် နွားနို့ပမာဏသည် ပျမ်းမျှနှုန်းအားဖြင့် ၆၆၀ မီလီမီတာဖြစ်ပါကြောင်း၊ လက်ရှိတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ကုမ္ပဏီများ၊ အလှူရှင်များမှတိုက်ကျွေးသည့် နွားနို့ပမာဏမှာ မူလတန်းအဆင့် ကျောင်းသား/သူ တစ်ဦးအတွက် တစ်နေ့ကို ၂၅၀ မီလီမီတာခန့် ခန့်မှန်း တန်ဖိုးအားဖြင့် ၄၀၀ ကျပ်နှုန်းဖြင့်သာ တိုက်ကျွေးလျက်ရှိပါကြောင်း၊ မူလတန်း ကျောင်းသား/ သူတစ်ဦးကို လက်ရှိတိုက်ကျွေးနေသည့် နွားနို့ ၂၅၀ မီလီမီတာနှုန်းမှ ကျောင်းဖွင့်ရက်များတွင် တိုက်ကျွေးမည်ဆိုလျှင် မူလတန်းကျောင်းသား/သူဦးရေပေါင်း သိန်း ၅၀ နီးပါးအတွက် ပညာသင်နှစ် တစ်နှစ် စုစုပေါင်း ကျပ်ဘီလီယံ ၃၆၀ ခန့် ကုန်ကျမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ပြည်သူများစားသုံးမည့် နို့နှင့်နို့ထွက်ပစ္စည်းများ ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးအတွက် နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်လျက်ရှိသည့်အလျောက် School Milk Program ကိုလည်း အထောက်အကူ ပေးလျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ကြီးမေးမြန်းသကဲ့သို့ အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးခြင်းလုပ်ငန်း ပိုမိုထိရောက်အောင်မြင်ရန် ရာနှုန်းပြည့်ဖော်ဆောင်နိုင်ရေး လုပ်ငန်းသည် ကြီးမားကျယ်ပြန့်သော လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဘဏ္ဍာငွေကျခံသုံးစွဲနိုင်မှု၊ ပြည်သူလှူဒါန်းမှုနှင့် ဆောင်ရွက်နေရသည့်အလျောက် အကန့်အသတ်များလည်းရှိနေပြီး အဆိုပါလုပ်ငန်း၏ ကုန်ကျစရိတ်ပမာဏ အလွန်လည်း များပြားသည့်အတွက် လတ်တလော သီးသန့်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
