မတူပီမြို့ အနောက်ခိုဘွေရပ်ကွက် အလယ်တန်းကျောင်း (ခွဲ) တွင် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ဆဋ္ဌမတန်းအထိ သင်ကြားနေပြီး ကျောင်းသားစုစုပေါင်း ၂၅၇ ဦး ရှိသော်လည်း လတ်တလောတွင် အစိုးရတရားဝင်စာသင်ခန်း ပေ ၇၀ x ပေ ၂၀ သုံးခန်းတစ်ဆောင်သာ ရှိပါကြောင်း၊ ကျောင်းဆောင် လိုအပ်ချက်ရှိသည့် အတွက်ကြောင့် မြို့ပေါ်ရှိမြို့မိမြို့ဖများနှင့် ကျောင်းအကျိုး တော် ဆောင်များပူးပေါင်းပြီး သွပ်မိုး/သွပ်ကာ ကျောင်းဆောင်တစ်ဆောင်နှင့် လွှတ်တော်ကိုယ်စား လှယ် ရန်ပုံငွေမှ သွပ်မိုး/သွပ်ကာ ယာယီကျောင်းဆောင်တစ်ဆောင် ထပ်မံတည်ဆောက် ပေးခဲ့ရပါကြောင်း၊ သွပ်မိုး/သွပ်ကာ ကျောင်းဆောင်များသည် ယာယီကျောင်းဆောင်များသာ ဖြစ်သည့်အတွက် ကျောင်းသားများ၏ ကျန်းမာရေးအတွက် ကိုက်ညီမှုမရှိပါကြောင်း၊ မြေစိုက်တိုင်ဖြစ်ပြီး အောက်တွင် တမံတလင်းခင်းထားခြင်း မရှိပါကြောင်း၊ ထို့ကြောင့် သွပ်မိုး/သွပ်ကာ ကျောင်းဆောင်များသည် ချင်းပြည်နယ်၏ ဆိုးရွားလှသော ရာသီဥတုဖြစ်သည့် မိုးရာသီနှင့်ဆောင်းရာသီများတွင် ကျောင်းသားများအတွက် ကျန်းမာရေးနှင့် လုံးဝမညီညွတ်သည့် အတွက် သံကူကွန်ကရစ်ကျောင်းဆောင် မဖြစ်မနေလိုအပ်လျက် ရှိပါကြောင်း၊ မြို့ပေါ်ကျောင်းဆောင် ဖြစ်သည့်အတွက်ကြောင့် နှစ်စဉ်ကျောင်းသားဦးရေ တိုးပွားလာသော်လည်း ကျောင်းဆောင်လုံလောက်မှု မရှိသည့်အတွက် ကျောင်းသားများကို ထပ်မံလက်ခံနိုင်မည့် အနေအထားမဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် အနောက်ခိုဘွေ အလယ်တန်းကျောင်း (ခွဲ) ၏ ကျောင်းဆောင်ထပ်မံ လိုအပ်ချက်ကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ယခု ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် မတူပီမြို့နယ်အတွင်း အခြေခံပညာအလယ်တန်းကျောင်းတွင် ပေ ၁၂၀ x ပေ ၃၀ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ တစ်ထပ်ဆောင်အသစ်တစ်ခု၊ အခြေခံပညာ အလယ်တန်း ကျောင်း (ခွဲ) အတွက် ပေ ၁၂၀ x ပေ ၃၀ RCC တစ်ထပ်ကျောင်းဆောင်အသစ် တစ်ခု ဆောက်လုပ်ရန် ဘဏ္ဍာငွေလျာထားခဲ့ပါကြောင်း၊ မတူပီမြို့ အနောက်ခိုဘွေရပ်ကွက်ရှိ အခြေခံပညာ မူလတန်း (လွန်) ကျောင်းတွင် ကျောင်းဆောင်အသစ် တစ်ဆောင် ဆောက်လုပ်ရန် အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
