မာန်အောင်မြို့နယ်အတွင်းရှိ သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်း အဖြစ်သို့ လည်းကောင်း၊ င/ပုန်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်း အဆင့်သို့လည်းကောင်း၊ ညောင်ကုန်း ကျေးရွာအခြေခံပညာ မူလတန်း(လွန်)ကျောင်းအား အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)အဖြစ် သို့လည်းကောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့မာန်အောင်ကျွန်းသည် ဝေးလံခေါင်သီဒေသ အဖြစ်သတ်မှတ်ထားပြီး ဒေသရှားပါးစရိတ် ခံစားခွင့်ရရှိသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ နယ်မြေလူထုသည် ဆင်းရဲနွမ်းပါးကြသော်လည်း ပညာရေးကို အလွန်အလေးထားပြီး သားသမီးများကိုလည်း ပညာတတ်များဖြစ်ရန် ဆင်းရဲခံပြီး ကျောင်းထားကြပါကြောင်း၊ ဝေးလံခေါင်သီ သည့်ဒေသဖြစ်ခြင်း၊ ပညာရေးကိုအလေးထားခြင်း များကြောင့် မိမိမေးခွန်းတွင်ပါသော ကျောင်းများကိုအဆင့်တိုးမြှင့်ပေးရန် လိုအပ်ပါကြောင်း၊
သာယာကုန်းအခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကို ၁၉၅၀ ခုနှစ်မှစ၍ မူလတန်းကျောင်း အဖြစ်လည်းကောင်း၊ ၁၉၇၃ ခုနှစ်တွင် အလယ်တန်းကျောင်းအဖြစ်လည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် အထက (ခွဲ) အဆင့်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၎င်းကျောင်းသည် မာန်အောင်မြို့ အထကနှင့် ၁၀ မိုင် ၂ ဖာလုံခန့် ကွာဝေးပြီး သာယာကုန်းနှင့် အနီးပတ်ဝန်းကျင် ကျေးရွာ ၁၆ ရွာမှ ကျောင်းသား/သူများ တက်ရောက်ပညာသင်ယူလျက် ရှိကြပါကြောင်း၊ ယခုနှစ် အထက်တန်းကျောင်းသား ၅၀ ဦး၊ အလယ်တန်းကျောင်းသား ၁၁၉ ဦးနှင့် မူလတန်း ကျောင်းသား ၄၂ ဦး စုစုပေါင်း ၂၂၁ ဦး ပညာသင်ကြားလျက် ရှိကြပါကြောင်း၊ ဒေသခံ ပြည်သူများက ပညာရေးကို အလေးထားသည့်အတွက် အခြေခံပညာ အထက်တန်း ကျောင်းအဆင့်သို့ တိုးမြှင့်ပေးသင့်ပါကြောင်း၊
င/ပုန်ကုန်းမူလတန်းကျောင်းကို ၂၀၁၁ ခုနှစ်တွင် မူလွန်အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် အလက (ခွဲ) အဖြစ်လည်းကောင်း အဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ယခုအခါ အဆိုပါကျောင်းတွင် ကျောင်းသား/သူ ၁၆၀ ယောက် သင်ကြားလျက် ရှိကြပါကြောင်း၊ ပင်မကျောင်းဖြစ်သော ဟင်ဇလီ ကျေးရွာ အထကနှင့် ၃.၅ မိုင်ကွာဝေးပါကြောင်း၊ ပတ်ဝန်းကျင်ကျေးရွာ ၆ ရွာရှိပါကြောင်း၊ အဆိုပါကျောင်းကိုလည်း အဆင့်တိုးမြှင့်ပေးရန် လိုအပ်နေပါကြောင်း၊
ညောင်ကုန်းမူလတန်း (လွန်) ကျောင်းကို ၁၉၉၈ ခုနှစ်က မူလတန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မူလွန်ကျောင်းအဖြစ် သတ်မှတ်ပေးခဲ့ပါကြောင်း၊ ယခု ၎င်းကျောင်းတွင် ကျောင်းသား/သူ ၁၂၇ ယောက်သင်ကြားလျက် ရှိပါကြောင်း၊ ဘေးပတ်ဝန်းကျင်တွင် ဖောက်ဖေး အမက ရှိပါကြောင်း၊ အဆိုပါရွာတွင် အိမ်ခြေ ၁၄၁ အိမ်ရှိပြီး လူဦးရေ ၇၀၀ ကျော်နေထိုင်လျက် ရှိကြပါကြောင်း၊ မာန်အောင်မြို့နှင့် ၉ မိုင်ကွာဝေးပါကြောင်း၊ ချင်းတိုင်းရင်းသားများ နေထိုင်သည့် ရွာဖြစ်ပြီး ရွာသားများသည် ပညာရေးကိုအလွန်အလေးထား စိတ်ဝင်စားကြပါကြောင်း၊ ထို့ကြောင့် မိမိဖော်ပြခဲ့သော ကျောင်းများကို ယခုနှစ် ၂၀၁၉ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြီးခဲ့သည့် ၂၃-၅-၂၀၁၉ ရက်နေ့တွင် တစ်ပြည်လုံးတွင် ကျောင်းပေါင်း ၅၆၅၁ ကျောင်း၊ အဆင့် တိုးမြှင့်သည့် ကြေညာချက် အစိုးရအဖွဲ့ကခွင့်ပြုချက်ရရှိ၍ ထုတ်ပြန်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ကိုယ်စားလှယ်တော်ကြီးတင်ပြထားသော ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် သာယာကုန်းအခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အား အခြေခံပညာ အထက်တန်းကျောင်း အဖြစ်သို့လည်းကောင်း၊ င/ပုန်ကုန်းအခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) အား အခြေခံပညာ အလယ်တန်းကျောင်း အဖြစ်သို့လည်းကောင်း၊ ညောင်ကုန်းအခြေခံပညာမူလတန်း (လွန်) ကျောင်းအား အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) အဖြစ်သို့လည်းကောင်း အဆင့်တိုးမြှင့် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
