(ဋ)-ထားဝယ်ခရိုင်တွင် အစိုးရနည်းပညာသိပ္ပံကျောင်း (AGTI) ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၈. ၅. ၂၀၁၉)

တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင်သုံးခရိုင်နှင့် မြို့နယ် ၁၀ မြို့နယ်တွင် လူဦးရေတစ်သန်းခွဲ ခန့်နေထိုင်လျက်ရှိပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး တွင် နည်းပညာတက္ကသိုလ်နှစ်ခုနှင့် နည်းပညာ အထက်တန်းကျောင်း သုံးခုအပါအဝင် တက္ကသိုလ်/ကောလိပ်သိပ္ပံစုစုပေါင်း ၁၃ ကျောင်းဖွင့်လှစ် သင်ကြားလျက်ရှိပါကြောင်း၊ သို့သော်လည်း နည်းပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိသေးပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုဖြစ်သော နည်းပညာ အထက်တန်းကျောင်း သုံးကျောင်းမှ ကာလတိုကျောင်းသား ၇၄၂ ဦးနှင့် ကာလရှည်ကျောင်းသား ၄၅၀ ဦးတို့ကိုလည်း လက်ရှိအစိုးရ သုံးနှစ်တာကာလအတွင်းတွင် မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် နည်းပညာ အထက်တန်းကျောင်းမှ ကျောင်းသားများဆက်လက် ပညာသင်ကြားနိုင်စေရန် နည်းပညာသိပ္ပံ ကျောင်းတစ်ကျောင်း လိုအပ်လျက်ရှိပါကြောင်း၊ အထက်တန်းမှသိပ္ပံ၊ သိပ္ပံမှတက္ကသိုလ်သို့ တက်ရောက်နိုင်စေရန်လည်း ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းသားများကို အခွင်‌့အလမ်းများ ဖွင့်ထားပေးစေ လိုပါကြောင်း၊

ထို့အပြင် ထားဝယ်ဒေသတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း (ထိုင်းနယ်စပ်၊ ထီးခီးနယ်စပ်) တွင် စက်မှုဇုန်စီမံကိန်း၊ ငါးလေလံစီမံကိန်း၊ ထားဝယ်သင်္ဘောဆိပ်လုပ်ငန်း၊ ရေနံချက်စက်ရုံ စီမံကိန်း၊ ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်း၊ မြန်မာ့ပင်လယ်ပြင်မှ ငါးသယံဇာတထုတ်လုပ်သည့် လုပ်ငန်း၊ ခဲမဖြူ/အဖြိုက်နက်နှင့် သံသတ္တုတွင်းလုပ်ငန်းများစွာ ရှိပါကြောင်း၊ စီမံကိန်းများ အကောင်အထည် ဖော်နိုင်ရန်၊ နည်းလမ်းမှန်ကန်စွာ ထုတ်ယူသုံးစွဲနိုင်ရန် စက်မှုနည်းပညာရှင် များကို ဒေသခံများထဲမှ မွေးထုတ်ပေးနိုင်ရန်အတွက် ဖြစ်ပါကြောင်း၊ ထို့အပြင် တနင်္သာရီတိုင်း ဒေသကြီးတွင် အလုပ်လုပ်နိုင်သည့် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် တစ်ဖက်နိုင်ငံများတွင် အောက်ခြေသိမ်း အလုပ်များသွားရောက် လုပ်ကိုင်နေကြရပါကြောင်း၊ ၎င်းလုပ်အားများကို မိမိနိုင်ငံအတွင်းတွင် ပြန်လည်အသုံးချ နိုင်ရန်အတွက် အဆိုပါစီမံကိန်းများအမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးရာလည်း ရောက်ပါကြောင်း၊

စက်မှုကျွမ်းကျင်လုပ်သားများ၊ စက်မှုအင်ဂျင်နီယာများ၊ စက်မှုနည်းပညာရှင်များကို မွေးထုတ် ပေးနိုင်ရန်အတွက် နည်းပညာအထက်တန်းကျောင်းနှင့် နည်းပညာတက္ကသိုလ်အကြားတွင် အဓိက လက်တွေ့အကျဆုံးဖြစ်သော နည်းပညာသိပ္ပံ (AGTI) ကျောင်းတစ်ကျောင်း လိုအပ်လျက် ရှိပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညှိနှိုင်းချက်အရ ကျောင်းဆောက်လုပ်နိုင်ရန် အတွက်ကိုလည်း ထားဝယ်မြို့အနီး ယခင်ခဲမဖြူသတ္တုသန့်စင် စက်ရုံမြေနေရာ ၃၅.၆ ဧကကိုလည်း ပညာရေးဌာနက အပိုင်ရရှိထားပြီးဖြစ်သည့်အတွက် တင်ပြရခြင်းဖြစ်ပါကြောင်း၊ သို့ပါ၍ နောင်အနာဂတ်တွင် နိုင်ငံ၏အထူးစီးပွားရေးဇုန် တည်ရှိသော ထားဝယ်ဒေသသည် အရေးကြီးသော စက်မှုနယ်မြေတစ်ခု ဖြစ်လာမည်ဖြစ်သည့်အတွက် မိမိတို့ထားဝယ်ဒေသတွင် စီမံကိန်းများ၊ လုပ်ငန်းများ၊ လူသားအရင်းအမြစ်များ၊ သယံဇာတများ စနစ်တကျအသုံးချနိုင်မည့် နည်းပညာများကို အထူးပြုဘာသာရပ်အဖြစ် သင်ကြားပေးနိုင်မည့် အစိုးရစက်မှုလက်မှုသိပ္ပံ (AGTI) ကျောင်း တစ်ကျောင်းကို ခရိုင်အတွင်းတွင် တည်ဆောက်ဖွင့်လှစ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တနင်္သာရီတိုင်းဒေသကြီးရှိ ခရိုင်သုံးခရိုင်တွင် နည်းပညာနှင့်သက်မွေးပညာ ကျောင်းများဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထားဝယ်ခရိုင်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းဖွင့်လှစ် နိုင်ရေးကိစ္စနှင့်ပတ်သက်၍ ယခင်ကမြုန်းခင်းပင်မခဲမဖြူသန့်စင် စက်ရုံကို ပညာရေးဝန်ကြီးဌာနက လွှဲပြောင်းရယူခဲ့ပြီး ဖြစ်ပါကြောင်း၊ မြေဧရိယာအကျယ်အဝန်း ၃၁.၁၃ ဧကရှိပါကြောင်း၊ အဆိုပါ မြေနေရာကို ဌာနပိုင်အမည်ပေါက် လျှောက်ထားခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၆-၈-၂၀၁၈ ရက်စွဲပါ စာအမှတ်၊ ပထရ/၂-၃ (၁၀၇၂)/(ထောက်-၁) အမိန့်ကြော်ငြာစာ (၁၀၇/၂၀၁၈) အရ မြေလွှဲမိန့်လည်း ရရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကိုယ်စားလှယ်တော်ကြီး တင်ပြသကဲ့သို့ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ (ထားဝယ်) ဖွင့်လှစ်နိုင်ရေးအတွက် ပင်မဆောင်သံကူကွန်ကရစ် သုံးထပ် ဆောင်တစ်ဆောင် တည်ဆောက်ခြင်း၊ အလုပ်ရုံတစ်ထပ် Steel Structure နှစ်လုံးတည်ဆောက်ခြင်း၊ ဆရာ/မဆောင် RC လေးခန်းတွဲလေးထပ် နှစ်လုံးတည်ဆောက်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ရေရရှိရေး၊ မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယခု ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာငွေ လျာထားလျက်ရှိပါကြောင်းနှင့် ရန်ပုံငွေခွင့်ပြုချက်အရ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။