(ဂ)-မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ကျေးရွာအုပ်စုရှိ နန့်ဟိုင်ကျေးရွာနှင့် စေတုန်ကျေးရွာတို့အား ကာမိုင်း ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းမှ ပယ်ဖျက်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၈. ၅. ၂၀၁၉)

 

နန့်ဟိုင်ကျေးရွာကို ၁၉၄၆ ခုနှစ်ဖြင့် စေတုန်ကျေးရွာကို ၁၉၅၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကချင်တိုင်းရင်းသားများ အစဉ်တစိုက်အခြေချ နေထိုင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါကြောင်း၊ ၂၀၁၇ ခုနှစ် ကာမိုင်းသစ်တောဦးစီးဌာနမှ ကြိုးပြင်ကာကွယ်တောဧရိယာ အမှတ်အသားများ လာရောက်စိုက်ထူရာ မိုးကောင်း-ကာမိုင်းလမ်းမကြီး အနောက်ဘက်တစ်ခြမ်းလုံး သစ်တော ဧရိယာအဖြစ် သတ်မှတ်ခံခဲ့ရပြီး လူနေအိမ် ၂၃၈ လုံး၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ ဘုရားရှိခိုးကျောင်း ၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ ကျန်းမာရေးဆေးပေးခန်း၊ ဈေး၊ အုပ်ချုပ်ရေးရုံး၊ ဝန်ထမ်းဆောင်၊ သုဿန်မြေနှင့် စိုက်ပျိုးမြေစုစုပေါင်းဧက ၂၀၂၀ ပါဝင်သွားခဲ့ပါ ကြောင်း၊ နှစ်ချင်းသင်းတော်ကို ၁၉၅၀ ခုနှစ်၊ ကပ်သောလစ် ဘုရားကျောင်းကို ၁၉၅၉ ခုနှစ်၊ အင်္ဂလီဂန်အသင်းတော် ကျောင်းကို ၁၉၆၀ ပြည့်နှစ်၊ အစိုးရအလယ်တန်းကျောင်းကို ၁၉၈၀ ပြည့်နှစ် တို့တွင် တည်ဆောက်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ရှေးစဉ်ကတည်းက တည်ထောင်ခဲ့သည့် ဖွံ့ဖြိုးစည်ကားသော ကျေးရွာကြီး ဖြစ်ကြောင်းကိုလည်း သိသာထင်ရှားစေပါသည်။ တင်ပြပါအတိုင်း ရွာတစ်ဝက်ခန့်သည် ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခံခဲ့ရသည့်အတွက် နှစ်ပေါင်းများစွာ ကတည်းက အစဉ်တစိုက် အခြေချနေထိုင်လာခဲ့သော ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့နေထိုင် စိုက်ပျိုးလုပ်ကိုင်စားသောက်နေရသည့် ပိုင်ဆိုင်မှုများအတွက် စိုးရိမ်သောကကြီးစွာနှင့် ကျေးရွာသူ/သားများ၏ တင်ပြချက်အရ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ကွင်းဆင်းစိစစ်ခဲ့ပြီး တွေ့ရှိချက်များကိုလည်း ယခုမေးခွန်းနှင့် တစ်ပါတည်း တင်ပြခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊

မိမိတို့မြို့နယ်ရှိ ကျေးရွာအုပ်စုများသည် ဖွံ့ဖြိုးမှုနောက်ကျသည့် ကျေးရွာများဖြစ်သော်လည်း ကျေးရွာကို  မဲဆန္ဒနယ်များတွေ့ဆုံပြီး ကွင်းဆင်းတိုင်းဒေသ၏ လိုအပ်ချက်များအပြင် ကြိုးပြင် ကာကွယ်တောမှ စွန့်လွှတ်ပေးနိုင်ရေးအတွက်ကို ဦးစားပေးပြီးတင်ပြကြသည့် ရွာများဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ရပ်နားစဉ်ကာလကွင်းဆင်းရာတွင်လည်း အဆိုပါ ကိစ္စကို အလေးအနက်ထားပြီး တင်ပြခဲ့ခြင်းဖြစ်သည့်အတွက် လွတ်လပ်ရေးမရမီကတည်းက တည်ထောင်ခဲ့သော ကျေးရွာဖြစ်သည့် နန့်ဟိုင်ကျေးရွာနှင့် လွတ်လပ်ရေးခေတ်ဦးတွင် တည်ထောင်ခဲ့သော စေတုန်ကျေးရွာတို့ကို ကာမိုင်းကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ် ထားခြင်းမှ ပယ်ဖျက်ပေးပါရန် ဒေသခံတိုင်းရင်းသားများကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ
အဖြေ

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ပြဋ္ဌာန်းခဲ့သည့် သစ်တောဥပဒေပုဒ်မ ၇ ပုဒ်မခွဲ (က) နှင့် (ခ) တို့တွင် ကြိုးဝိုင်းနှင့်ကြိုးပြင် ကာကွယ်တောများ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းတို့နှင့် ပတ်သက်ပြီး ပြဋ္ဌာန်း ထားရှိပါကြောင်း၊ ဖော်ပြပါပြဋ္ဌာန်း သတ်မှတ်ချက်အရ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း နိုင်ငံတော်စီမံကိန်းလုပ်ငန်းများ၊ နိုင်ငံတော်၏လုံခြုံရေး လိုအပ်ချက်များ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ မြို့ပြကျေးရွာဖွဲ့စည်း တည်ထောင်မှုများ၊ မြို့ပြတည်ဆောက်ရေး လုပ်ငန်းများနှင့် သာသနာ့မြေများ သတ်မှတ်ရန်လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သစ်တောမြေအဖြစ်မှ ပြင်ဆင်ပြောင်းလဲသတ်မှတ်ခြင်း၊ ပယ်ဖျက်ခြင်းများကို ဆောင်ရွက် ပေးရပါကြောင်း၊

ထို့အပြင် ၂၀၁၃ ခုနှစ်မှာ သစ်တောနယ်မြေများအတွင်း နှစ်ကာလအတိုင်းအတာ တစ်ခုအထိ ဝင်ရောက်အခြေချ နေထိုင်သည့်စာရင်းများ ကောက်ယူရရှိမှုအရ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော မြေမှပယ်ဖျက်ခြင်း လုပ်ငန်းစဉ်များအား လုပ်ငန်းစဉ်အဆင့်လေးဆင့်ဖြင့် စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများနှင့် သဘာဝနယ်မြေများအတွင်း နှစ်ကာလ အတိုင်းအတာတစ်ခုအထိ တရားမဝင်ဝင်ရောက် အခြေချနေထိုင်သော ရွာစုနှင့်အိမ်ထောင်စုများအား အဆင့်အလိုက် ပယ်ဖျက်ပေးလျက်ရှိရာ လုပ်ငန်းစဉ် (က) မှ (ဂ) အထိ ကျေးရွာများ၏ ရွာမြေ၊ လယ်မြေ၊ သာသနာ့မြေ/အများပိုင်မြေများကို သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး၊ ယာမြေနှင့် ဥယျာဉ်ခြံမြေများအား သစ်တောမြေမှပယ်ဖျက်ခြင်းမပြုဘဲ ယာမြေများအား သီးနှံသစ်တောရောနှော စိုက်ပျိုးသည့်စနစ်ကို အခြေခံသည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တည်ထောင်ခြင်းနှင့် ဥယျာဉ်ခြံမြေများအား နှစ်ရှည်မြေငှားရမ်းစနစ်ဖြင့် ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ကာမိုင်းကြိုးပြင် ကာကွယ်တောဧရိယာ ၂၅၆၀၀ ဧကသည့် ဝန်ကြီးဌာန၏ ၂၉-၁၂-၁၉၉၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅၁/၉၉) ဖြင့် သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကာမိုင်းကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ခဲ့စဉ်က ဒေသခံပြည်သူများအား ခွင့်ပြုခဲ့သည့်ဆိုင်ရာ ဆိုင်ခွင့်နှင့် အခွင့်အရေးများအဖြစ် ဂေါ်ရီကျေးရွာ၊ နန့်ဟိုင်ကျေးရွာတို့မှ တောင်သူ ၁၅၈ ဦး၏ ဥယျာဉ်ခြံမြေနှင်‌့ လယ်မြေ ၅၉၂.၄၂ ဧကအား ဆက်လက်လုပ်ကိုင်ခွင့် ပြုခဲ့ပါကြောင်း၊

၂၀၁၃ ခုနှစ်တွင် သစ်တောနယ်မြေများအတွင်း နှစ်ကာလအတိုင်းအတာ တစ်ခုအထိ ဝင်ရောက် အခြေချနေထိုင်သည့် စာရင်းကောက်ယူခဲ့စဉ်က လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် မိုးကောင်းမြို့နယ်၊ ကာမိုင်းကြိုးပြင် ကာကွယ်တောအတွင်း ဝင်ရောက်အခြေချနေထိုင်မှု စာရင်းများကို လုံခြုံရေးအခြေအနေအရ ကောက်ယူနိုင်ခဲ့ခြင်း မရှိပါကြောင်း၊ လက်ရှိအချိန်တွင် ဝန်ကြီးဌာနအနေဖြင့် တစ်ဖက်ကလည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်စေရေး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ လိုက်နာဆောင်ရွက်ရမည့် ကတိကဝတ်တစ်ခုဖြစ်သည့် Nationally Determined Contribution (NDC) အရ နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောနယ်မြေများအဖြစ်၊ ၁၀ ရာခိုင်နှုန်းကို သဘာဝ ထိန်းသိမ်းရေး နယ်မြေများအဖြစ် သတ်မှတ်ဖွဲ့စည်းရမည် ဖြစ်ပါကြောင်း၊

ထို့အတွက် လက်ရှိအနေအထားအားဖြင့် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများကို နိုင်ငံ့ဧရိယာ၏ ၂၅.၃၄ ရာခိုင်နှုန်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေများကို နိုင်ငံ့ဧရိယာ၏ ၅.၈၃ ရာခိုင်နှုန်းအထိ သတ်မှတ်ဖွဲ့စည်းထားရှိပြီး၊ ရည်မှန်းချက်ရာခိုင်နှုန်းများ ပြည့်မီရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတကာက ကတိကဝတ်များ ဖြည့်ဆည်းနိုင်ရေးအတွက် သစ်တောနယ်မြေ တိုးချဲ့ဖွဲ့စည်းနိုင် ရေးကို ဦးစားပေးဆောင်ရွက်လျက် ရှိကြောင်းပါကြောင်း၊

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့်မေးခွန်းနှင့် စပ်လျဉ်းပြီး ကာမိုင်းကြိုးပြင် ကာကွယ်တော ဖွဲ့စည်းသတ်မှတ်ခဲ့စဉ်က နန့်ဟိုင်ကျေးရွာနှင့် စေတုန်ကျေးရွာအပါအဝင် ကျေးရွာ သုံးရွာရှိ ဒေသခံပြည်သူ ၁၅၈ ဦးအတွက် ဆိုင်ရာဆိုင်ခွင့်နှင့် အခွင့်အရေးများကို သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ နှင့်အညီ မြို့၊ ရပ်ကွက်၊ ကျေးရွာပြင်ဆင်ဖွဲ့စည်းခြင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်မှ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ သစ်တောဥပဒေပုဒ်မ (က) နှင့် (ခ) အရ သစ်တောမြေအဖြစ်မှ ပယ်ဖျက်နိုင်ရေး စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။