မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားခိုင်းစေမှုများ လုံးဝပပျောက်စေရန်နှင့် ပြန်လည်ခေါင်းထောင် လာနိုင်ခြင်းမရှိစေရန် အထူးလိုအပ်လျက် ရှိပါကြောင်း၊ ယခုအခါ I.L.O သို့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် အဓမ္မလုပ်အားခိုင်းစေခြင်းများ ပြန်လည်ပြုလုပ်လာသည်ကို တိုင်ကြားစာများအရ သိရှိရပါကြောင်း၊ ယနေ့ရောက်ရှိလာသည့် နိုင်ငံအနှံ့အဓမ္မလုပ်အားပေး အသွင်အမျိုးမျိုးဖြင့် ပြုလုပ်နေပါကြောင်း၊ စုစုပေါင်း ၂၉၇ စောင် တိုင်ကြားစာရပါသည်။ ၂၀၁၉ ခုနှစ် ခေတ္တမန်ဒူမြို့ နီပေါနိုင်ငံတွင်ကျင်းပသည့် မတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ITUC ကနေ ကျင်းပသည့် အဓမ္မလုပ်အားပေး တိုင်ကြားစာများအပေါ် တင်ပြချက်ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် တိုင်ကြားစာ စာရင်းထဲတွင် နံပါတ်တစ်ဖြစ်ပြီး ကြယ်နှစ်ပွင့်ပြ နိုင်ငံတစ်ခု ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ဤသို့တိုင်ကြားလာမှုများကို မြန်မာနိုင်ငံအစိုးရသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ညှိနှိုင်းပြီး အဓမ္မလုပ်အားခိုင်းစေခြင်း ပပျောက်စေရန် အစီအစဉ်များ ချမှတ်ဆောင်ရွက် သင့်ပါကြောင်း၊ သို့မှသာ လာမည့်ဇွန်လတွင် ကျင်းပမည့် I.L.O အစည်းအဝေးတွင် မြန်မာနိုင်ငံအခြေအနေအား တင်ပြဆွေးနွေးရာ၌ အဓမ္မလုပ်အား ခိုင်းစေခြင်းကို မြန်မာနိုင်ငံက မည်သို့ကာကွယ် တားဆီးထားကြောင်း တင်ပြဆွေးနွေး နိုင်မည်ဖြစ်ပါကြောင်း၊ သို့မဟုတ်ပါက I.L.O အစည်းအဝေးတွင် ပြစ်တင်ရှုတ်ချမှုများ ဖြစ်ပေါ်လာနိုင်ပြီး EU နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် အထူးစီးပွားရေး အခွင့်အရေးပေးမှုများ ရုပ်သိမ်းခြင်း၊ စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ ညီလာခံတွင် မြန်မာ့နိုင်ငံအရေး ဆွေးနွေးပြည့်စုံလာရန် ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ သို့ပါ၍ အဓမ္မလုပ်အားခိုင်းစေခြင်း ပပျောက်ရန် မြန်မာနိုင်ငံအစိုးရအနေဖြင့် မည်သို့လုပ်ဆောင်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားခိုင်းစေခြင်း လျော့နည်းပပျောက်စေရန်အတွက် I.L.O အစည်းအဝေးများ မကျင်းပမီ ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် စနစ်တကျ အစီအစဉ်ရေးဆွဲ၍ ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံသည် ၁၈-၅-၁၉၄၈ ရက်နေ့က I.L.O ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးသည့် အဓမ္မခိုင်းစေမှု ပပျောက်ရေး ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၂၉) တွင် Convention 29 ဖြစ်ပါကြောင်း၊ ၎င်း Convention ကိုလည်း မြန်မာနိုင်ငံက ၄-၃-၁၉၅၅ ရက်နေ့မှ ပြဋ္ဌာန်းချက်အပေါ် လက်ခံကျင့်သုံး ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုလို ဆောင်ရွက်လာသည့်အခါ မိမိတို့ ၁၉၉၉ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်ကျမှ အလုပ်သမားအုပ်စု ကိုယ်စားလှယ်များ၏ တိုင်ကြားချက်ကြောင့် မြန်မာနိုင်ငံကို I.L.O က အရေးယူဆောင်ရွက်ရန် ပိတ်ဆို့ကန့်သတ် တားမြစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊
မိမိတင်ပြချင်သည့်အချက်က ၁၉၅၅ ခုနှစ်ကတည်းက လက်ခံကျင့်သုံးခဲ့သည့် ကိစ္စကို ၂၀၀၀ ပြည့်နှစ်တွင် I.L.O က အရေးယူပိတ်ဆို့ ကန့်သတ်တားမြစ်ခဲ့ပါကြောင်း၊ ယခုလို ဆောင်ရွက်ခဲ့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အဓမ္မခိုင်းစေမှုပပျောက်ရေး အတွက်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ I.L.O နှင့် ပူးပေါင်းပြီးမှ ကန့်သတ်တားမြစ်ချက်များ ပယ်ဖျက်နိုင်ရေးနှင့် အဓမ္မခိုင်းစေမှု ပပျောက်ရေးကိစ္စများကို အလေးအနက်ထား ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၀၂ ခုနှစ် မြန်မာနိုင်ငံတွင် I.L.O နှင့် ပေါင်းပြီး I.L.O ဆက်သွယ်ရေးအရာရှိတစ်ဦး ခန့်အပ်ပြီးမှ နားလည်မှု စာချွန်လွှာ (MOU)ကို I.L.O ဖြင့် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဓမ္မခိုင်းစေမှုများ လျော့နည်းရေးအတွက် အားစိုက်ခွန်စိုက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၀၂ ခုနှစ်မှစပြီး I.L.O နှင့် ပူးပေါင်းပြီး Convention 29 နှင့် ပတ်သက်ပြီး အဓမ္မခိုင်းစေမှုလျော့နည်း ပပျောက်ရေးကို အလေးပေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၀၇ ခုနှစ်တွင် အစိုးရနှင့် I.L.O တို့အနေဖြင့် ၎င်း နားလည်မှု စာချွန်လွှာ (MoU) မှတစ်ဆင့် Supplementary Understanding ခေါ် SU ကို လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ ၎င်း SU (Supplementary Understanding) အရ I.L.O ရန်ကုန်မှ အဓမ္မခိုင်းစေမှုများကို လက်ခံစိစစ်ခဲ့ပြီး အဓမ္မခိုင်းစေမှုမြောက်သည့် တိုင်ကြားမှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနကပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုလိုဆောင်ရွက်သည့် နေရာတွင်လည်း အဓိကသက်ဆိုင်သည့် ဝန်ကြီးဌာနဖြစ်သည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်ခြောက်ဦးပါသည့် I.L.O ရေးရာ လုပ်ငန်းအဖွဲ့ Working Group ဖွဲ့စည်းပြီး ပုံမှန်တွေ့ဆုံဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အဆိုပါ SU (Supplementary Understanding) ကို ၂၀၀၈ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ နှစ်စဉ် သက်တမ်းတိုးပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အပြင် အဓမ္မခိုင်းစေမှုကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရနှင့် I.L.O တို့ ပူးပေါင်းပြီးမှ ၂၀၁၅ ခုနှစ်တွင် အဓမ္မခိုင်းစေမှု လုံးဝပပျောက်ရေးအတွက် ပူးတွဲမဟာဗျူဟာ အကောင် အထည်ဖော်ရေး လုပ်ငန်းစီမံချက် (Joint Strategy for the Elimination of Forth Labor by 2015) နားလည်မှုစာချွန်လွှာ (MoU) ကို ထပ်မံလက်မှတ်ထိုးပြီး အဓမ္မခိုင်းစေမှုပပျောက်ရေး ပူးတွဲမဟာ ဗျူဟာအကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ သက်ဆိုင်သည့် ဝန်ကြီးဌာန (၇) ခုနှင့် I.L.O တို့မှ ကိုယ်စားလှယ်စုစုပေါင်း ၁၄ ဦးဖြင့် ဖွဲ့စည်းပြီး အလေးထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုလို ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၁၂ ခုနှစ်တွင် မိမိတို့ နိုင်ငံအပေါ် ချထားခဲ့သည့် ကန့်သတ်မှုများကို ရုပ်သိမ်းပေးခဲ့ပါကြောင်း၊
ဆက်လက်ပြီး အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက်ကို မိမိတို့အစိုးရသစ်လက်တွိင် အဓမ္မခိုင်းစေမှု ပပျောက်ရေးအပါအဝင် အလုပ်သမားရေးရာ ကိစ္စရပ်များကို ထိရောက်စွာဆောင်ရွက်နိုင်ရေး အတွက်ကို အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High-Level Working Group-HLWG) ကို ဝန်ကြီးဌာန ၁၁ ခု၊ ကိုယ်စားလှယ် ၂၂ ဦးဖြင့် ဖွဲ့စည်းပြီး အဓမ္မခိုင်းစေမှု ပပျောက်ရေးလုပ်ငန်း စီမံချက်ကို မိမိတို့ Update ပြုလုပ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့် I.L.O တို့သည် ၂၁-၉-၂၀၁၈ ရက်နေ့တွင် နှစ်ဖက်နားလည် လက်မှတ်ရေးထိုးထားသော Decent Work Country Programme (2018-2021) အရ အဓမ္မခိုင်းစေမှု ပပျောက်ရေးကို ၂၀၁၉ ခုနှစ်မှစပြီး မိမိနိုင်ငံအစီအစဉ်ဖြင့် ဆောင်ရွက်ရန် သဘောတူခဲ့သည့်အတွက် ဦးစားပေးလုပ်ငန်းစဉ် လေးခုချမှတ်ပြီး အဓမ္မခိုင်းစေမှု ပပျောက်ရေးလုပ်ငန်းစီမံချက် New Action Plan (2019-2021) ကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အလားတူ အဆိုပါ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ဖိတ်ကြားပြီး အဓမ္မခိုင်းစေမှု ပပျောက်ရေး လုပ်ငန်းစီမံချက် New Action Plan (2019-2021) ကို ဆောင်ရွက်ရန် National Complaints Mechanism အဓမ္မခိုင်းစေမှု၊ တိုင်ကြားမှုယန္တရား အမျိုးသားအဆင့်ကို ထူထောင်ရန် ၎င်း National Complaints Mechanism မထူထောင်ခင်ကြား တိုင်ကြားစာများကို လက်ခံဖြေရှင်းခြင်းနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနများ ဆွေးနွေးခဲ့ပါကြောင်း၊ I.L.O လည်း ပူးပေါင်းပါဝင်ခဲ့ပါသည်။ ၎င်းဆောင်ရွက်ချက်များကိုလည်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသည့် (၃၃၅) ကြိမ်မြောက် I.L.O အုပ်ချုပ်မှူးကြီး အစည်းအဝေးကိုလည်း မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအကြောင်း ဆွေးနွေးသည့် အစီအစဉ်တွင် လုပ်ငန်းစီမံချက်ကိုလည်း တင်ပြထားပြီးဖြစ်ပါကြောင်း၊ ၎င်း New Action Plan, National Complaints Mechanism ထူထောင်ရေးနှင့်ပတ်သက်ပြီး ကြားကာလတွင်လည်း မိမိတို့လုပ်ငန်းများကို အစဉ်မပြတ် ဆောင်ရွက်နိုင်ရန် ဒုတိယအကြိမ် ဆက်လက်ဆွေးနွေးပြီး I.L.O နှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုလို ဆောင်ရွက်သည့် နေရာတွင် မည်ကိုသူမဆို၊ မည်သည့် အဖွဲ့အစည်းကိုမဆို၊ မည်သူ့ပုဂ္ဂိုလ်မဆို တိုင်ကြားလာမှုများကို အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဓိကတင်ပြသည့် အချက်က အမျိုးသားအဆင့် တိုင်ကြားမှုယန္တရား (National Complaints Mechanism) ကို မထူထောင်ခင်ကာလတွင် High-Level Working Group ဝန်ကြီးဌာနအားလုံးက ပါဝင်သည့် အဖွဲ့မှ I.L.O တို့နှင့် ပူးပေါင်းပြီး တိုင်ကြားမှုယန္တရားများနှင့် အဓမ္မခိုင်းစေမှု ပပျောက်ရေးကို မိမိတို့အစိုးရအနေဖြင့် စဉ်ဆက်မပြတ် I.L.O နှင့် ပူးပေါင်း ဆောင်ရွက်နေသည်ကို တင်ပြလိုခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် အဓမ္မခိုင်းစေခြင်း လုံးဝပပျောက်စေရန် မြန်မာနိုင်ငံအစိုးရအနေဖြင့် I.L.O နှင့် ပူးပေါင်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ အဓမ္မခိုင်းစေမှုပပျောက် ရေးလုပ်ငန်းစီမံချက် အသေးစိတ် အသစ်ရေးဆွဲထားပြီး ဖြစ်သည့်ကြောင်းနှင့် လုပ်ငန်းစီမံချက်အတိုင်း မိမိနိုင်ငံက တာဝန်ယူဆောင်ရွက်ရမည့် အဓမ္မခိုင်းစေမှု၊ တိုင်ကြားမှုယန္တရား (National Complaints Mechanism-NCM) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အမျိုးသား ကော်မတီကိုလည်း ဝန်ကြီးဌာန ၁၇ ခုဖြင့် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အပါအဝင် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် မိမိတို့လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ဆောင်ရွက်ချက်များကိုလည်း စီမံချက်ဖြင့်စနစ်တကျ ဆောင်ရွက်ခြင်းဖြစ်ပြီး ဆောင်ရွက်ထားရှိမှု နောက်ဆုံးအခြေအနေကိုလည်း ဂျနီဗာမြို့တွင်ရှိသည့် မြန်မာကိုယ်စားလှယ် အဖွဲ့ရုံးက Information Sheet ပုံစံပြုလုပ်ပြီး I.L.O သို့ ကြိုတင်အသိပေး ထားပြီးဖြစ်ပါကြောင်းနှင့် I.L.O အစည်းအဝေးကျင်းပသည့်အခါ မိမိနိုင်ငံရဲ့ အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက်ကို စနစ်တကျစီမံ ဆောင်ရွက်မှုများကို ရှင်းလင်းဖြေကြားသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးစောတင်ဝင်း (ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မြန်မာနိုင်ငံကိစ္စသည် I.L.O ၏ ကျွမ်းကျင်သူများ အစီရင်ခံစာတွင် အဓမ္မလုပ်အားပေး ခိုင်းစေခြင်း ကိစ္စတစ်ခုသာမဟုတ်ဘဲ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့် (C 87) နှင့် ကလေး အလုပ်သမားများကို ဆိုးရွားစွာပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် (C 182) ကိုလည်း ချိုးဖောက်သည်ဆိုပြီး Double Star ပြခြင်းခံရသည့် နိုင်ငံဖြစ်ပါကြောင်း၊ ဝန်ကြီးတင်ပြသွားသည်မှာ တင်ပြချက်သည် တိုင်တန်းချက်ဖြင့် တင်ပြချက်လွဲမှားမည်ကိုလည်း မိမိအထူးစိုးရိမ်မိပါကြောင်း၊ မိမိတို့နိုင်ငံက အဆိုပါတိုင်းတန်းချက်နှင့် တင်ပြချက်လွဲမှားသည့်အတွက် ၁၉၉၆-၉၇ ခုနှစ်တွင် အရေးယူခြင်းခံရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ သို့ပါ၍ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် ကလေးအလုပ်သမားများကို ဆိုးရွားသောပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း မည်ကဲ့သို့ ဖြေရှင်းမည်နည်းကို ဆက်လက်သိချင်သည့်အတွက် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပည်ထောင်စုဝန်ကြီးဦးသိန်းဆွေ
ကိုယ်စားလှယ်တော်ကြီး ဖြည့်စွက်မေးမြန်းသည့် ကလေးအလုပ်သမားများ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုကိစ္စ၊ လွတ်လပ်သည့်အသင်း ဖွဲ့စည်းခွင့် ကိစ္စကိုလည်း မိမိတို့အစိုးရအနေဖြင့် စနစ်တကျ စိစစ်ပြီးခွင့်ပြု ပေးလျက်ရှိပါကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေးကိုလည်း နိုင်ငံတော် အစိုးရအနေဖြင့် ဒုတိယသမ္မတဦးစီးပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများအပါအဝင် အဖွဲ့အစည်းများဖြစ်သည့် အလုပ်သမား အဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ အခြားသော NGO, INGO များ အပါအဝင် စနစ်တကျ စီမံချက်ရေးဆွဲပြီး ဆောင်ရွက်နေပါကြောင်း၊ မိမိတို့ မူလ I.L.O နှင့် ညှိနှိုင်းစီမံချက်အရ လာမည့်ငါးနှစ်ကာလအတွင်း တိုင်းဒေသကြီးသုံးခုနှင့် ပြည်နယ်နှစ်ခုသာ ဆောင်ရွက်ရန်ရှိသော်လည်း မြန်မာနိုင်ငံအစိုးရနှင့် ဝန်ကြီးချုပ်များအနေဖြင့် သက်ဆိုင်ရာဒေသအတွင်း ကလေးလုပ်သား အဓမ္မခိုင်းစေမှုများ လျော့နည်းပပျောက်ရေးအတွက်ကို မိမိတို့အစီအစဉ်ဖြင့် စီမံချက်မပါသည့်တိုင် အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း၊ အလားတူ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခြင်း ကိစ္စကိုလည်း မိမိတို့စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လွတ်လပ်သည့် အသင်းအပင်းအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စ၊ အချို့ကိစ္စများက ပြည်ထဲရေးနှင့်ဆိုင်ပြီး အလုပ်သမား ကိစ္စကျ မိမိတို့ အလုပ်သမားဝန်ကြီးဌာနနှင့် ဆိုင်ပါကြောင်း၊ လက်ရှိအနေအထားအရ I.L.O, ILC က စွပ်စွဲနေသော်လည်း လက်ရှိအနေအထားတွင် နှစ်စဉ်လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းရေး ကိစ္စများကို တိုးချဲ့ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ လက်ရှိအနေအထားအရ အလုပ်ရှင်အဖွဲ့အစည်း ၂၉ ခု၊ အလုပ်သမားအဖွဲ့အစည်း အခြေခံကစပြီး အဖွဲ့ချုပ်အထိ စုစုပေါင်း ၂၉၀၀ ကျော်ကို မိမိတို့ခွင့်ပြုပြီး ဖြစ်ပါကြောင်း၊ အဆိုပါ စာရင်းဇယားများကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့်မရှိဟု မည်သည့်နိုင်ငံမှ မငြင်းနိုင်ပါကြောင်း၊ ဆက်လက်ပြီး အသင်းအပင်းဖွဲ့စည်းခြင်း ကိစ္စကို လိုအပ်သည့် ဖြေလျော့မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် အဓိကဖြေကြားချင်သည်မှာ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ကလေးအလုပ်သမား ကိစ္စများ၊ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခြင်းကိစ္စများကို မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ILC, ILO ကို မိမိတို့ အစည်းအဝေးများတွင် မေးမြန်းလာပါကလည်း ဂျနီဗာမြို့တွင်ရှိသည့် မြန်မာသံအမတ်ကြီးနှင့်ပူးပေါင်းပြီး စနစ်တကျတုံ့ပြန် ဖြေကြားသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
