(ဃ)-ဝန်းသိုမြို့နယ်၊ ဆင်ကုန်း-ဝန်းသို-ပင်လယ်ဘူးလမ်းပေါ်ရှိ ပျက်စီးနေသော ဆင်ကုန်း-ဝန်းသိုလမ်းပိုင်း အား ပြင်ဆင်ပေးပါရန်နှင့် တံတားအမှတ်(၆/၂၀) ဒုံးဒုတ်တံတားအား ကွန်ကရစ်တံတားနှင့် ချဉ်းကပ်လမ်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၇. ၅. ၂၀၁၉)

 

ဝန်းသိုမြို့နယ်၊ ဆင်ကုန်း-ဝန်းသို-ပင်လယ်ဘူးလမ်းပေါ်ရှိ ပျက်စီးနေသော ဆင်ကုန်း-ဝန်းသို လမ်းပိုင်းအား ပြင်ဆင်ပေးပါရန်နှင့် ၎င်းလမ်းပေါ်ရှိ တံတားအမှတ် (၆/၂၀) ဒုံးဒုတ်တံတားအား ကွန်ကရစ် တံတားနှင့် ချဉ်းကပ်လမ်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ဆင်ကုန်း-ဝန်းသို-ပင်လယ်ဘူး လမ်းပိုင်းသည် မိုင် ၆၀ ခန့်ရှိပြီး ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး မြို့သုံးမြို့ကို ရွှေဘို-မြစ်ကြီးနားလမ်းဖြင့် ချိတ်ဆက်ပေးထားသော အဓိကလမ်းဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် မိမိအနေဖြင့် ဆင်ကုန်း-ဝန်းသို-ပင်လယ်ဘူး လမ်းပေါ်တွင်ရှိသည့် ဝန်းသိုဆင်ကုန်း လမ်းပိုင်းပျက်စီးနေမှုအား အဓိကထားမေးမြန်း သွားမည်ဖြစ်ပါကြောင်း၊ ဝန်းသို-ဆင်ကုန်း လမ်းပိုင်းသည် ၁၂ ပေ အကျယ် ကတ္တရာလမ်းဖြစ်ပြီး ၂၀.၂ မိုင်ရှည်ပြီး ဝန်းသိုမြို့နယ်အတွင်း ၁၀ မိုင်၊ ကောလင်းမြို့နယ်အတွင်း ၁၀ မိုင်ရှိပါကြောင်း၊ ဝန်းသိုမြို့နယ်အတွက် အင်မတန်မှ အရေးပါပါကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးများအတွက် ရွှေဘိုမြို့၊ မြစ်ကြီးနားမြို့၊ မန္တလေးမြို့ စသည့်မြို့ကြီးများနှင့် ချိတ်ဆက်သွားလာရန်အတွက် အဓိကလမ်းမကြီးဖြစ်သည့် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးနှင့် ချိတ်ဆက်ပေးထားခြင်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် ဝန်းသိုမြို့နယ် အတွက် တစ်ခုတည်းသော ထွက်ပေါက်လမ်းလည်း ဖြစ်ပါကြောင်း၊ ယခုအခါ လမ်းကအင်မတန် ပျက်စီးနေပြီး သွားလာရန်အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် ပြုပြင်ပေးရန် လိုအပ်လျက်ရှိပြီ ဖြစ်သဖြင့် မေးမြန်းရခြင်းဖြစ်ပါသည်။

မေးခွန်း၏ ဒုတိယအပိုင်းက ဝန်းသို-ကျောက်တန်း လမ်းပေါ်ရှိ စောစောက ဝန်းသို-ကျောက်တန်း-ဆင်ကုန်း လမ်းပေါ်ရှိတံတားအမှတ် (၆/၂၀) ဒုံးဒုတ်တံတား ပျက်စီးနေမှုကိစ္စ ဖြစ်ပါကြောင်း၊ ၎င်းတံတားသည် ဝန်းသို-ဆင်ကုန်း လမ်းပေါ်တွင်ရှိပြီး သံဘောင်တင် သစ်သားကြမ်းခင်းတံတား ဖြစ်ပါကြောင်း၊ ကမ်းကပ်ခုံနှင့် ရေလယ်တိုင်များကလည်း သစ်သားများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ အဆိုပါတံတားသည် ပျက်စီးလျက်ရှိနေပြီး ကားကြီးများသာမဘဲ အိမ်စီးကားများ၊ သုံးဘီးဆိုင်ကယ်များဖြတ်လျှင် တုန်ခါမှုများ ဖြစ်ပေါ်နေသည့် အနေအထား ဖြစ်နေပါကြောင်း၊ ထပ်မံပြီး ပြိုကျပျက်စီးနိုင်သည့် အနေအထားဖြစ်သည့်အတွက် အလျင်အမြန် တည်ဆောက်ပေး နိုင်ရန်လည်း လိုအပ်နေပြီဖြစ်ပါကြောင်း၊ အကယ်၍တံတားကို အချိန်မီပြန်လည် တည်ဆောက်ပေးခဲ့ခြင်းမရှိပါက ပြိုကျပျက်စီးသွားခဲ့မည်ဆိုလျှင် မိမိတို့ဝန်းသိုမြို့နယ်အတွက် ဆက်သွယ်သွားလာရေး အင်မတန်ခက်ခဲသွားမည့် အနေအထားဖြစ်သည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

သို့ဖြစ်သည့်အတွက် ဝန်းသိုမြို့နယ်အတွင်းရှိ ဆင်ကုန်း-ဝန်းသို-ပင်လည်ဘူး လမ်းပေါ်ရှိ ပျက်စီးနေသော ဆင်ကုန်း-ဝန်းသို လမ်းပိုင်းအား ပြင်ဆင်ပေးပါရန်နှင့် ၎င်းလမ်းပေါ်ရှိ ဒုံးဒုတ် တံတားအား ကွန်ကရစ်တံတားနှင့် ချဉ်းကပ်လမ်း တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

 


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဆင်ကုန်း-ဝန်းသို-ပင်လယ်ဘူးလမ်းသည် မိုင်တိုင်အမှတ် (ဝ/၀) မှ (၅၉/ဝ) အထိ ၅၉ မိုင် ရှည်လျားပြီး ဆင်ကုန်း-ဝန်းသို လမ်းပိုင်းတွင် မိုင်တိုင်အမှတ် (ဝ/၀) မှ (၂၀/ဝ) အထိ ၂၀ မိုင်ခန့် ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းပိုင်းဖြစ်ပြီး ၃၀-၉-၂၀၁၈ ရက်နေ့ လမ်းအခြေအနေက အကျယ် ၁၈ ပေ ကတ္တရာလမ်း ၂ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ ကတ္တရာလမ်း ၁၇ မိုင် ၂ ဖာလုံ၊ ကျောက်လမ်း ၂ ဖာလုံ စုစုပေါင်း မိုင်၂၀ ဖြစ်ပါကြောင်း၊

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေမှ ကျပ် ၃၆ သန်းနှင့် မိုင်တိုင်အမှတ် (၁၃/ဝ) မှ (၁၄/ဝ) အတွင်း ကတ္တရာထပ်ပိုးလွှာတင်ခြင်း ၁ မိုင်၊ မိုင်တိုင်အမှတ် (၃/၆) မှ (၅၀/ဝ) အတွင်း ကတ္တရာလမ်းပျက်ပြုပြင်ခြင်း ၁ မိုင် ဝ.၅ ဖာလုံ၊ တိုင်းဒေသကြီး ပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ် ၅၃ သန်းနှင့် တံတားအမှတ် (၂/၃) အရှည် ၅၀ ပေ သံကူကွန်ကရစ် တံတားအပေါ်ထည် အပြီးသတ်တည်ဆောက်ခြင်း လုပ်ငန်းတစ်ခု၊ တံတားအမှတ် (၁/၃) အရှည် ၆၀ ပေနှင့်တံတားအမှတ် (၄/၃) အရှည် ၄၀ ပေ တံတားပြုပြင်ခြင်း နှစ်စင်းစသည့်လုပ်ငန်များ ဆောင်ရွက် လျက်ရှိရာမှာ ယခုလုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေတွင် အဆိုပါတံတားနှင့် ချဉ်းကပ် လမ်းအတွက် လျာထားတင်ပြ တောင်းခံခဲ့သော်လည်း ရန်ပုံငွေကန့်သတ်ချက်အရ မိုင်တိုင် အမှတ် (၁၂/၃) မှ (၁၆/၄) အတွင်း ၄ မိုင် ၁ ဖာလုံအား လမ်းလွှာဒီဇိုင်းပုံထုတ်ခပေးချေခြင်း ဆောင်ရွက် ရန်အတွက်သာ တိုင်းဒေသကြီးသာမန် ရန်ပုံငွေကျပ် ဝ.၇၄၅ သန်းသာ လျာထားနိုင်ခဲ့သည့်အတွက် ပျက်စီးနေသော ဆင်ကုန်း-ဝန်းသို လမ်းပိုင်းအား ပြင်ဆင်နိုင်ရန်နှင့် ၎င်းလမ်းပေါ်ရှိ တံတားအမှတ် (၆/၂၀) ဒုံးဒုတ်တံတားအား အရှည် ၁၀၀ ပေ သံကူကွန်ကရစ် တံတားအသစ်နှင့် ချဉ်းကပ်လမ်း တည်ဆောက်နိုင်ရန်အတွက် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွင် ဆက်လက်လျာထား တင်ပြသွားမည် ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး လုပ်ငန်းများဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။