(င)-ရန်ကုန်တိုင်းဒေသကြီး မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဆိပ်ကြီးခနောင်တိုမြို့အား မြို့တော်ကြီးနှင်‌့အဆက်အသွယ်များ ဖြစ်ထွန်းလာစေရန် လိုအပ်လျက်ရှိသော တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့စပ်လျဉ်းသည့်‌မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၇. ၅. ၂၀၁၉)

 

ဆိပ်ကြီးခနောင်တို မြို့နယ်သည် ရန်ကုန်မြို့တွင်း မြို့နယ်များဖြစ်သည့် အလုံ၊ လသာ၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်အစရှိသည့် မြို့နယ်များနှင့် လှမ်‌းအော်လျှင် ကြားနိုင်သည့် လက်တစ်ကမ်းအကွာအဝေးတွင်ရှိသည့် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်ဝင် မြို့လေးတစ်မြို့ ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော်ကြီးနှင်‌့ ကူးလူးသွားလာဆက်ဆံရေးတွင် နီးလျက်နှင့်ဝေး ဆိုသကဲ့သို့ တွံတေးတူးမြောင်း၊ လှိုင်မြစ်ကတစ်ဆင်‌့ ‌ရေလမ်းခရီးကိုသာ မြို့နယ်ပြည်သူ လူထုအနေဖြင့် အဓိကအားကိုးအားထား ပြုနေကြရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်ခြားရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်ဝင် မြို့တော်များနှင့်စာလျှင် မိမိတို့မြို့သည် အစစအရာရာ ဖွံ့ဖြိုးမှုနောက်ကျကျန်နေရပြီး ရန်ကုန်ဘက်ခြမ်းသွားရောက်ပြီး အလုပ်လုပ်ကိုင် ကြရသည့် ပြည်သူ‌များအတွက် နေ့စဉ်နှင့်အမျှ ရေလမ်းခရီး၏ စိန်ခေါ်မှုဒုက္ခများလည်း အမြဲတွေ့ကြုံ ခံစားနေကြရပါကြောင်း၊

မိမိတို့မြို့တွင် လူဦးရေ ၃၅၀၀၀၀ ခန့်ရှိရာ ခရီးသည် ၂၀၀၀၀ ‌ကျော်သည် နေ့စဉ်နေ့တိုင်း စက်တပ်ရေယာဉ် သာမန်ငယ်လေးများကိုသာ စီးနင်းလိုက်ပါပြီး ရန်ကုန်ဘက်ခြမ်းက ဝါးကန်းကယ်ရီ ဆိပ်ကိုကူးပြီး အလုပ်သွား/အလုပ်ပြန်၊ ရုံးဆင်း/ရုံးတက် လုပ်ကြရပါကြောင်း၊ စီးနင်းလိုက်ပါရသည့် စက်တပ်သာမန် ငယ်လေးများဆိုတာလည်း သမာရိုးကျရေယာဉ်ငယ်လေး ဖြစ်ခြင်းကြောင့် ခရီးသည်များနှင့် ဘေးအန္တရာယ်ကင်းမှု အပိုင်းတွင်လည်း အင်မတန်အားနည်းလှပါကြောင်း၊ အထူးသဖြင့် မိုးတွင်းကာလ လှိုင်းကြီး၊ လေကြီးကျနေချိန်ဆိုလျှင် ခရီးသည်များပါမက အိမ်တွင် ကျန်ရစ်သည့် မိသားစုဝင်များပါ စိုးရိမ်သောကများကြရပါကြောင်း၊ ယခုလိုအခက်အခဲများကြောင့် နယ်ခံမဟုတ်သည့် ဌာနဆိုင်ရာဝန်ထမ်းများအတွက်လည်း ရန်ကုန်နှင့်အနည်းငယ်သာဝေးသော မိမိမြို့တွင် တာဝန်ထမ်းဆောင်ရန် အင်မတန်ဝန်လေးကြသကဲ့သို့ မလွဲမရှောင်သာ တာဝန်ကျလျှင်လည်း မဖြစ်ဖြစ်သည့်နည်းဖြင့် ပြန်လည်ရွှေ့ပြောင်းရန်အတွက်သာ စိတ်ကူးကြသည်မို့ ရန်ကုန်စည်ပင် နယ်နိမိတ်တွင်ရှိသည့် မိမိတို့မြို့ကို ဝန်ထမ်းလောကတွင် ရန်ကုန်တိုင်း၏ အဝေးဆုံးမြို့နှင့်နှိုင်းယှဉ်းပြီး ဒုတိယကိုကိုးကျွန်းဟု ပြောစမှတ်ပြုကြပါကြောင်း၊ ညရေးညတာ ကျန်းမာရေးကိစ္စ အရေးပေါ်လျှင်လည်း ရန်ကုန်ဆေးရုံကြီးသည် မြေပုံပေါ်ကြည့်လျှင်သာ ဖြောင့်တန်းပြီး သိပ်မဝေးသော်လည်း ကုန်းတစ်တန်၊ ရေတစ်တန်နှင့်သွားလာရေး ခက်ခဲလွန်းခြင်းကြောင့် မဖြစ်သင့်သည့် ဖိတ်စင်မှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိပါကြောင်း၊

ထို့ကြောင့် အဆိုပါစီမံကိန်းသည် နဂိုကတည်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် Master Plan တွင် ရှိပြီးသားဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ရန်ကုန်ဆေးရုံကြီးနှင့် မိမိတို့ကျွန်းက သမ္ဗာန်ဆိပ်နှင့်ဆိုလျှင် မြေပြင်ပေါ်မှာ အဖြောင့်တိုင်းပါက နှစ်မိုင်ဝေးပါကြောင်း၊ ထို့ကြောင့် မေးမြန်းလိုသည်မှာ မိမိတို့မြို့နယ်အတွက် မဖြစ်မနေလိုအပ်နေသည့် တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
‌ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသည့်တံတားမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီး/ခနောင်တို မြို့တွင်ရှိသည့် ပြည်သူများ လှိုင်သာယာဘက်မှ သွားမည့်အစား ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ပြီးပါက ရန်ကုန်မြို့တွင်းကို ဒလမှတစ်ဆင်‌့ အလွယ်တကူသွားရောက် နိုင်ရန်အတွက် တွံတေးတူးမြောင်းကိုဖြတ်ပြီး ဆိပ်ကြီး/ခနောင်တို မြို့နှင်‌့ဒလမြို့တို့အား ဆက်သွယ် တည်ဆောက်ရမည့် တံတားဖြစ်ပါသည်။ အဆိုပါ တံတားတည်ဆောက်ရာတွင် တွံတေးတူးမြောင်းကို ဖြတ်ပြီး တည်ဆောက်ရမည် ဖြစ်သည့်အတွက် နိုင်ငံတကာအဆင်‌့မီ တံတားကြီးများပုံစံဖြင့် တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ ခန့်မှန်းအရှည်ပေ ၃၆၀၀ ခန့်ဖြစ်ပြီး  လက်ရှိတွံတေး ကြိုးတံတားကဲ့သို့ တည်ဆောက်ရမည် ဖြစ်သည့်အတွက် လုပ်ငန်းပမာဏကြီးမားပြီး ကုန်ကျစရိတ် များပြားမည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဧရာဝတီမြစ်ကူးတံတား၊ ချင်းတွင်း မြစ်ကူးတံတား ကြီးများအပါအဝင် တည်ဆောက်ဆဲတံတားကြီးများ (၁၆) စင်း ရှိနေပါသဖြင့် အဆိုပါ တံတားအား လတ်တလောတည်ဆောက် ပေးရန်အစီအစဉ် မရှိသေးပါကြောင်းနှင်‌့ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ကြိုတင်ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှု (Pre-Feasibility Study) ကို ပြုလုပ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။