ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သည် ဧရိယာစတုရန်းမိုင် ၃၀.၅ မိုင်၊ အရှေ့၊ အနောက်သုံးမိုင်၊ တောင်၊ မြောက် ၁၂ မိုင်ရှိပြီး လူနေရပ်ကွက်က ၃၂ ရပ်ကွက်၊ လူနေရန်အသင့် ဖော်ထုတ်ထားပြီး ရပ်ကွက် ၁၀ ရပ်ကွက်ရှိ၍ လူဦးရေအားဖြင့် ၃၇၀၀၀၀ ရှိပြီး စက်မှုဇုန်ငါးဇုန်ရှိသဖြင့် စက်ရုံ၊ အလုပ်ရုံပေါများသည့်အတွက် လက်ရှိလူဦးရေအပြင် နေ့စဉ်ဝင်/ထွက် သွားလာလုပ်ကိုင်နေကြသော ကာယ/ဉာဏ အလုပ်သမားများစွာ လည်းရှိပါကြောင်း၊ မြို့နယ်နေပြည်သူများအနေဖြင့် အလုပ်အကိုင် တာဝန်ဖြင့်လည်းကောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအရလည်းကောင်း၊ နေ့စဉ်မြို့တွင်းမှ ပြင်ပမြို့နယ်များသို့လည်းကောင်း၊ ပြင်ပမြို့နယ်များမှ မြို့တွင်းသို့လည်းကောင်း၊ နေ့စဉ် သောင်းဂဏန်းခန့် ခရီးသည်တင်မော်တော် ယာဉ်များကို အသုံးပြု၍ဝင်/ထွက် သွားလာ နေကြရပါကြောင်း၊ ၎င်းပြည်သူများ ခရီးသွားလာရေးလွယ်ကူ စေရန်အတွက် နိုင်ငံတော်မှ ခရီးသည် တင်မော်တော်ယာဉ်များ စီစဉ်ပေးခဲ့ရာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အမှတ် (၇) မော်တော်ယာဉ်လိုင်း၊ အမှတ် (၆) မော်တော်ယာဉ်လိုင်း၊ အမှတ် (၅၉) မော်တော်ယာဉ်လိုင်း၊ အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၉၉)၊ အမှတ် (၁၀၀) မော်တော်ယာဉ်များဖြင့် ဂိတ်ဖွင့်၍ နေ့စဉ်ပြေးဆွဲ လျက်ရှိပါကြောင်း၊ အထူးသဖြင့် အမှတ် (၇) မော်တော်ယာဉ်လိုင်းအနေဖြင့် အမှတ် (၇) ဘတ်စ်ကားကြီး အဝါလိုင်း၊ ဒဂုံတောင်မှဆူးလေသို့ ၅၅ စီး၊ အမှတ် (၇) အနီလိုင်း ဒဂုံတောင်-ရိုးမရိပ်သာမှ ဆူးလေသို့ ၃၅ စီး၊ အမှတ် (၇) HONDIE ဒဂုံတောင်-ကြည်စုမှ ဆူးလေသို့ ၁၂၀ စီး စုစုပေါင်းအစီး ၂၀၀ ဖြင့်လည်းကောင်း၊ အမှတ် (၆) မော်တော်ယာဉ်လိုင်းဖြင့် အမှတ် (၆) မော်တော် ယာဉ်လိုင်း ဘတ်စ်ကားကြီးဧရာဝန်မှ လှိုင်သာယာသို့ ၇၅ စီး၊ အမှတ် (၆) မော်တော်ယာဉ်လိုင်း ကျည်စုမှ လှိုင်သာယာသို့ ၅၀ စီး စုစုပေါင်း အစီးရေ ၁၂၅ စီးဖြင့်လည်းကောင်း၊ အမှတ် (၅၉) ဒဂုံတောင်-မင်းရဲကျော်စွာလမ်းမှ အလုံမြို့နယ်၊ ဗဟိုအမျိုးသမီးဆေးရုံသို့ ၃၀ စီး၊ အမှတ် (၉၉) နှင့် အမှတ် (၁၀၀) ယာဉ်လိုင်း ဒဂုံတောင်-ကျည်စုမှ လှိုင်သာယာသို့ ၅၀ ခန့် သုံးမှာလည်းကောင်း၊ အမှတ် (၂)၊ အမှတ် (၃) ယာဉ်လိုင်းများဖြင့် သင့်တော်သည့် အစီးရေဖြင့် ပြေးဆွဲခဲ့ပါကြောင်း၊ သို့အတွက် ဒဂုံမြို့သစ် (တောင်ပိုင်း) ပြည်သူများ ခရီးသွားလာရေး အသင့်အတင့် ကောင်းမွန်ပါကြောင်း၊ သို့သော် အဆင်မပြေဖြစ်ရသည်မှာ ၎င်းခရီးသည်တင် မော်တော်ယာဉ်များခန့်မှန်း ၅၀၀ ခန့်သည် မော်တော်ယာဉ်များ ဂိတ်ရပ်နားထားစဉ်ကာလ ဖြစ်ပါကြောင်း၊ ၎င်းမော်တော်ယာဉ်များ အားလုံးသည် နေ့/ညဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အဓိကလမ်းမကြီးများ လမ်းခွဲများတွင် တန်းစီရပ်နား ထားရပါသည်။ ထို့အပြင် ယာဉ်ပြင်ဆင်ရေး လုပ်ငန်းများအချို့ကိုလည်း ၎င်းလမ်းမများပေါ်တွင် ပြုလုပ်နေကြရပါသဖြင့် ယာဉ်ကြောကြပ်တည်းမှု၊ လမ်းပိတ်ဆို့မှုများ ဖြစ်နေရခြင်း၊ မော်တော်ယာဉ်များ အနေဖြင့် လမ်းမများပေါ်တွင် ရပ်နားခြင်း၊ ဂိတ်ထိုးခြင်းများ ဆောင်ရွက် နေရပါသဖြင့် မော်တော်ယာဉ်များ ဂိတ်ထိုးရာတွင်လည်းကောင်း၊ တန်းစီရာတွင် လည်းကောင်း အခက်အခဲဖြစ်ခြင်း၊ ဂိတ်မှူးများ၊ ယာဉ်မောင်းများအနေဖြင့် လူမှုရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး ပြဿနာများကို လမ်းမပေါ်တွင် အဆင်ပြေသလို ဖြေရှင်းနေရသဖြင့် ၎င်းရပ်နားသည့် အနီးအနားရှိသည့် ဘေးပတ်ဝန်းကျင် အိမ်ရာများနှင့် ပြည်သူများအတွက်လည်း စိတ်မသက်မသာ စိတ်အနှောင့်အယှက် ဖြစ်ရပါကြောင်း၊ ၎င်းတို့အနေဖြင့် ယာဉ်ရပ်နားကွင်းစခန်းများ အမြန်ရလိုကြသော ဆန္ဒရှိနေကြပါသည်။ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရပိုင် Open Space မြေများစွာရှိပါသော်လည်း ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ အဆိုပါမြေများကို ရောင်းချရန် စီစဉ်နေကြောင်း ကြားသိရပါသဖြင့် မရောင်းချမီ မြေနေရာရယူ ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ယာဉ်ကြောကြပ်တည်းမှု၊ ပိတ်ဆို့မှုပပျောက်စေရန် ဂိတ်မှူးများ၊ ယာဉ်မောင်းများ၏ လူမှုရေး၊ ကျန်းမာရေး၊ စားသောက်နေထိုင်ရေး စနစ်တကျအဆင်ပြေမှုရှိစေရန် အနီးပတ်ဝန်းကျင် အိမ်ရာများရှိ ပြည်သူများစိတ်အနှောင့်အယှက် ကင်းဝေးစေရန် မြို့အင်္ဂါရပ်နှင့်အညီ စနစ်တကျဖြစ် စေရေးတို့အတွက် ခရီးသည်တင်ယာဉ် ရပ်နားစခန်းဝင်းများ အမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ YRTA (Yangon Region Transportation Authority) အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူ ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရန် YBS (Yangon Bus Service) စနစ်စတင်ပြောင်းလဲ ဖော်ဆောင်စဉ်ကပင် ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ယာဉ်များ စနစ်တကျရပ်နားရန်၊ စစ်ဆေးပြုလုပ်နိုင်ရန် ယာဉ်ရပ်ဝင်းများ ဖော်ဆောင်ရန်အတွက် လျာထားကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသော်လည်း အမှန်တကယ် ယာဉ်ရပ်ဝင်းများ ဖော်ထုတ်နိုင်ရေးအတွက် မြေနေရာများရရှိရန်မှာ အခက်အခဲဖြစ်ခဲ့ပါကြကြောင်း၊ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိသည့်အပြင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ ယာဉ်ရပ်ဝင်းအတွက် အသုံးပြုသင့်သော မြေနေရာရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေနေရာရရှိရေးအတွက် အခက်အခဲရှိသော်လည်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲနိုင်သော မြေဧက ၂၀ အား ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တွင် အစုရှယ်ယာအဖြစ် ထည့်ဝင်ပြီး ၎င်းမြေနေရာမှ အမှတ် (၁၁၈) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမကြီး အကွက်အမှတ် (၁) ၃.၂ ဧကတွင် ခရီးသည်တင် မော်တော်ယာဉ်စီးရေ ၁၈၀ စီး ရပ်နားအခြေပြုခြင်း၊ ယာဉ်ပြင်ဆင်ခြင်း၊ ရုံးများတည်ဆောက် စီမံခန့်ခွဲခြင်းစသော လုပ်ငန်းများဆောင်ရွက်ရန် ယာဉ်ရပ်ဝင်းကြီးတစ်ခုအား စနစ်တကျ တည်ဆောက် အသုံးပြုလျက်ရှိပါကြောင်း၊
ဒဂုံမြို့သစ် (တောင်ပိုင်း) နှင့်ပတ်သက်၍ ယခင် မ.ထ.သ (ရန်ကုန်တိုင်းဒေသကြီး) မှ ငှားရမ်း အသုံးပြုခဲ့သော အမှတ် (၈၈၃)၊ ပုဂံလမ်း (၅၃) ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ၁.၆၅ ဧကတွင် GOLDEN YANGON CITY TRANAPORTATION PUBLIC CO,Ltd သို့ ငှားရမ်း၍ ခရီးသည်တင် ယာဉ်များရပ်နားရန်နှင့် ရုံးများဖွင့်လှစ်၍ ပြေးဆွဲမှုစီမံကြီးကြပ်စေခြင်းကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ယခင် မ.ထ.သ (ရန်ကုန်တိုင်းဒေသကြီး) မှ ငှားရမ်းအသုံးပြုခဲ့သော မြေကွက်အမှတ် (၅၁)၊ မြေတိုင်းအမှတ် (၅၄၅) (၅၀၊ ကွေ့) မြေဧက ၁.၈၃၄ ဧကကို လွှဲပြောင်းရယူ၍ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် YUPT (Yangon Urban Public Transportation) သို့ ငှားရမ်း၍ ယာဉ်ရပ်ဝင်း တည်ဆောက်ပြီး ခရီးသည်တင်ယာဉ်များရပ်နားခြင်း၊ ပြေးဆွဲမှုစီမံခန့်ခွဲစေခြင်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ (Yangon Region Transportation Authority) အနေဖြင့် ယာဉ် ရပ်ဝင်းများ ဖြစ်ပေါ်လာရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းခြင်း၊ တိုင်းဒေသကြီး/လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စားပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
