ဦးနေကျော် (ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်)
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ မင်းရဲကျော်စွာလမ်းမကြီးနှင့် ဦးမြူလမ်းတို့အား ဆက်သွယ်ထားပြီး ရပ်ကွက်ကြီးလေးခုတို့မှ အဓိကအသုံးပြုနေကြသော ၂၃၀၀ ပေရှည်လျားပြီး အကျယ် ၂၄ ပေ ရှိသည့် ကနောင်မင်းသားကြီးလမ်းတွင် ယခုအခါ ဆိုးရွားစွာ ပျက်စီးနေခြင်း၊ အင်းဝလမ်းနှင့် ကျန်စစ်သားလမ်းတို့အား ဆက်သွယ်ထားပြီး ရပ်ကွက်ငါးခုမှ အဓိက အသုံးပြုနေရသော ၁၁၉၀၀ ပေ ရှည်လျားပြီး အကျယ် ၂၄ ပေရှိသော ဦးမြူလမ်းမှာလည်း ဆိုးရွားစွာ ပျက်စီးလျက်ရှိခြင်း၊ မင်းရဲကျော်စွာလမ်းနှင့် အမှတ် (၂) လမ်းတို့အား ဆက်သွယ်ထားပြီး ရပ်ကွက် လေးခုနှင့် ဌာနဆိုင်ရာရုံးများ အဓိကအသုံးပြုနေကြရသော ၇၉၀၀ ပေရှည်လျားပြီး အကျယ် ၂၄ ပေရှိ အင်းဝလမ်းမှာလည်း ဆိုးရွားစွာပျက်စီးလျက်ရှိခြင်း၊ အနော်ရထာလမ်းနှင့် အမှတ် (၇) လမ်းမတို့အား ဆက်သွယ်ထားပြီး ၈၂၅၀ ပေရှည်လျားပြီး အကျယ် ၂၄ ပေရှိသော မင်းရဲကျော်စွာလမ်း၏ တစ်စိတ်တစ်ပိုင်းမှာလည်း ဆိုးရွားစွာပျက်စီးလျက်ရှိခြင်း၊ အထက်ပါလမ်းများ ပျက်စီးနေမှုကို လွန်ခဲ့သော တစ်နှစ်ခန့်က စည်ပင်သာယာအဖွဲ့နှင့် ဒေသခံများပူးပေါင်း၍ ကိုယ်ထူကိုယ်ထအသေးစား ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြပါကြောင်း၊ မကြာသေးမီက အဆိုပါလမ်းများသည် ပြန်လည်၍ ပျက်စီးသွားပါသဖြင့် ပြန်လည်ပြင်ဆင် ပေးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာမှ တာဝန်ရှိသူများနှင့် သွားရောက်ဆွေးနွေးသည့်အခါ အဆိုပါလမ်းလေးလမ်းကို ခင်းပေးရန်ကိစ္စမှာ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် မသက်ဆိုင်ကြောင်း၊ မြို့ပြအိုးအိမ်ဖြင့်သာ သက်ဆိုင်ကြောင်း သိခဲ့ရပါသည်။ ယခုလို အိုးအိမ်တွင်သာ တာဝန်ရှိသည်ဟု သိရသည့်အတွက် အိုးအိမ်မှတာဝန်ရှိသူများနှင့် သွားရောက်ဆွေးနွေး ခဲ့ကြပါကြောင်း၊ အဆိုပါ လမ်းလေးလမ်းကို ပြင်ဆင်ပေးရန် ကိစ္စမှာ အိုးအိမ်နှင့်မသက်ဆိုင်ကြောင်း၊ စည်ပင်သာယာသို့ လွှဲပြောင်းပေးပြီး ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ရာ ဘောလီဘောပွဲ ကြည့်ရသကဲ့သို့ ဖြစ်ခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ လမ်းများကို ပြင်ဆင်ပေးရန် မည်သူ့တွင်တာဝန်ရှိ၍ မည်သည့်အချိန်တွင် ဆောင်ရွက်ပေး မည်ကို သိလိုပါသဖြင့် ဒေသခံများ၏ကိုယ်စား မေးမြန်းပါသည်။
မိမိ၏ ဖြေကြားတင်ပြချက်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြန်ကြားချက်ဖြစ်ပါကြောင်း၊ ဖြေကြားချက်မှာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ကနောင်မင်းသားကြီးလမ်း၊ ဦးမြူလမ်း၊ အင်းဝလမ်းနှင့် မင်းရဲကျော်စွာလမ်းတို့တွင် စက်မှုဇုန်အတွင်း တည်ရှိနေသော လမ်းများဖြစ်ပြီး စက်မှုဇုန်ကော်မတီမှ စီမံခန့်ခွဲလျက်ရှိသော လမ်းများဖြစ်ပါကြောင်း၊ စက်မှုဇုန်ကော်မတီမှ စီမံခန့်ခွဲ လျက်ရှိသော လမ်းများဖြစ်သော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပြင်ဆင်ဆောင်ရွက် ပေးရမည်ဆိုပါက နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် တင်ပြ၍ ဘဏ္ဍာငွေခွဲဝေ ရရှိမှုအပေါ်မူတည်ပြီး စက်မှုဇုန်ကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဖြေကြားချက်အပေါ် ရှင်းလင်းဖြေကြားပါသည်။
ဦးနေကျော် (ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့သစ် ခြောက်မြို့နယ် တွင် ဖွံ့ဖြိုးမှုနောက်ကျ ကျန်နေခဲ့ရသော ဒေသတစ်ခုဖြစ်ပါကြောင်း၊ အဓိကကလမ်းများ မကောင်းသဖြင့် သွားရလာရ ခက်ခဲခြင်းဖြစ်ပါကြောင်း၊ လမ်းများပျက်စီးနေသည့် ပကတိ အခြေအနေကိုလည်း တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ဘတ်ဂျက်ရမှ ဆောင်ရွက်ပေးနိုင်မည် ဆိုသည်က ယခုလာမည့် မိုးရာသီတွင် အဆိုပါလမ်းနှင့် အဆိုပါမိုးအတွက် ဒေသခံများ ရင်ဆိုင်ရမည့် ဒုက္ခများအတွက် လတ်တလော မည်သို့ကုစား ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါသဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးညီထွန်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်အရ အဆိုပါလမ်းများသည် စက်မှုဇုန်ကော်မတီက တာဝန်ယူရသည့် လမ်းများဖြစ်ပါကြောင်း၊ ဆက်လက်ပြီးဆောင်ရွက်မည့် အပိုင်းနှင့်ပတ်သက်၍ စက်မှုဇုန်ကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ၎င်းတို့ဖော်ပြထားသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး သိချင်သည့် အသေးစိတ်အချက်အလက်ကို ပြန်လည်တင်ပြပြီး ညှိနှိုင်ပြီးမှ ပြန်လည်ဖြေကြား သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
