(ဃ)-ထန်တလန်မြို့နယ်တွင် တရားဝင်ခွင့်ပြုချက်ပေးကာ လုပ်ကိုင်စေသော ယစ်မျိုးလိုင်စင်ချထားပေး ခြင်းများအား အပြီးတိုင်ပိတ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ (၂၂. ၅. ၂၀၁၉)

 

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ချင်းလူမျိုး၊ ခရစ်ယာန်ဘာသာဝင်များ အများဆုံးနေထိုင်ကြပြီး လူမှုစီးပွားရေး အလွန်နိမ့်ကျသော မြို့နယ်ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းနေထိုင်သော ရပ်ဖိရပ်ဖ၊ ဘာသာရေး ခေါင်းဆောင်များနှင့် အခြားလူမှုရေး အသင်းအဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်အရ ၁၄-၄-၂၀၀၅ ရက်နေ့တွင် အရက်ကာကွယ်တိုက်ဖျက် နှိမ်နင်းပေးရန် သက်ဆိုင်ရာသို့ တောင်းဆိုတင်ပြ ခဲ့ကြပြီး အထက်ရုံး၏ခွင့်ပြုချက်အရ ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ထန်တလန်မြို့တွင် အရက်ရောင်းချခြင်း တားမြစ်ပိတ်ပင်ပေးခဲ့သော်လည်း ၂၀၀၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အစိုးရ၏ သက်ဆိုင်ရာဌာနမှ ယစ်မျိုးလိုင်စင်ကို မယူမနေရဟု ညွှန်ကြားလာပါသဖြင့် တစ်နှစ်လျှင် ၂၄ သိန်း ကျပ်နှုန်းဖြင့် ခုနစ်အတွင်း သိန်း ၂၀၀ ကျော်ကို ခရစ်ယာန်အသင်းတော်များမှ ပေးသွင်းခဲ့ရပါကြောင်း၊ အရက်သယ်ယူခြင်း၊ ရောင်းဝယ်ခြင်း၊ သောက်သုံးခြင်းများကို အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ လူထုအင်အား၊ လူငယ်အင်အားများ ပူးပေါင်းပြီး တားဆီးကာကွယ် နှိမ်နင်းနိုင်ခဲ့သဖြင့် ဒေသအတွင်း ပြဿနာနည်းပါး၍ အေးချမ်းတည်ငြိမ်မှု ရရှိခဲ့ပါကြောင်း၊ သို့ရာတွင် ယစ်မျိုးလိုင်စင် ဈေးနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာပြီး ခရစ်ယာန်ဘာသာရေး အသင်းတော်များသည် ငွေရေးကြေးရေးအခက်အခဲများ ရှိလာခြင်းကြောင့် လိုင်စင်ကို သက်ဆိုင်ရာသို့ ပြန်လည်အပ်နှံခဲ့ကြပါကြောင်း၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ထန်တလန်မြို့နယ်တွင် သက်ဆိုင်ရာမှ အရက်လိုင်စင်များကို ပုဂ္ဂလိကများထံသို့ ပြန်လည်ချပေး၍ လွတ်လပ်စွာ ရောင်းချခြင်းကြောင့် သောက်သုံးသူ လူငယ်များသည် ကျန်းမာရေးထိခိုက်ခြင်း၊ အကျင့်စာရိတ္တ ပျက်စီးခြင်း၊ မိသားစုအတွင်း မလိုလားအပ်သော ပြဿနာအမျိုးမျိုး ဖြစ်လာခြင်း၊ ရပ်ရွာတည်ငြိမ် အေးချမ်းရေးကိုပါ ထိခိုက်လာခြင်းအပြင် အသက်ဆုံးရှုံးမှုများအထိ ဝမ်းနည်းစွာကြုံတွေ့လာကြ ပါကြောင်း၊ ယခုကဲ့သို့ ဖြစ်လာရခြင်းအကြောင်းရင်းမှာ ထန်တလန်မြို့နယ်ရှိ ဒေသခံချင်းအမျိုးသား အများစုသည် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ လူမှုစီးပွားဘဝနိမ့်ကျခြင်း၊ ပညာတတ် နည်းပါး၍ ပညာအရည်အချင်းနိမ့်ကျခြင်း၊ အထွေထွေဗဟုသုတ နည်းပါးခြင်းတို့ကြောင့် အရက် တရားဝင် ရောင်းချသည်ကို အခွင့်ကောင်းယူပြီး လွတ်လပ်စွာအလွန်အကျွံ သောက်သုံးကြသည်ကို တွေ့ရှိရပါကြောင်း၊ စီးပွားရေးနိမ့်ကျမှုကြောင့် အရည်အသွေးညံ့ဖျင်းသော အရက်များကိုသာ သောက်ကြခြင်း၊ အရက်၏အရည်အသွေး၊ အမျိုးအစားများသည် သတ်မှတ်ချက်ပါအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ သယ်ဆောင်သူ၊ ရောင်းသူ၊ ဝယ်သူ၊ သောက်သုံးသူများအတွက် ကန့်သတ်ချက် စည်းကမ်းရှိ/မရှိကို လိုင်စင်ထုတ်ပေးသည့်ဌာနမှ စောင့်ကြည့်ကွပ်ကဲပေးခြင်း မရှိကြောင်းကိုလည်း ကြားသိရပါကြောင်း၊ ဤကဲ့သို့ ယစ်မျိုးလိုင်စင်ထုတ်ပေးသည့် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ် သုံးနှစ်အတွင်း အရက်ကြောင့်သေဆုံးသူ ၅၃ ယောက်ရှိပြီး ကြိုးဆွဲချသေဆုံးသူ နှစ်ယောက်ရှိသည်ကို ရင်နာစွာ ခံစားခဲ့ကြကြောင်း ခရစ်ယာန်အသင်းတော်များ၏ မှတ်တမ်းအရ သိရှိရပါကြောင်း၊ စိုးရိမ်ဖွယ် မြင့်မားစွာဖြစ်ပေါ်နေသော အရက်အန္တရာယ်ကို ဒေသခံပြည်သူလူထုများ ရင်တထိတ်ထိတ် ဖြစ်နေကြ ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများသည် အရက်ကာကွယ်တားဆီး နှိမ်နင်းခြင်းကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးပါရန် လိုလားတောင့်တနေကြပါသဖြင့် ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်တွင် တရားဝင်ခွင့်ပြုချက်ပေး၍ လုပ်ကိုင်စေသော ယစ်မျိုးလိုင်စင် ချထားပေးခြင်းများအား အပြီးတိုင် ပိတ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်မရှိပါက ရောင်းဝယ်ဖောက်ကား နေခြင်းများအား သတ်မှတ်ထားသော စည်းကမ်းချက်ပါအတိုင်း လုပ်ဆောင်စေရန်နှင့် စောင့်ကြည့် ကွပ်ကဲပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
 


 

ဖြေကြားသူ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ထန်တလန်မြို့တွင် ယခင် ၂၀၀၇-၀၈ ခုနှစ်မှ ၂၀၁၅-၁၆ ခုနှစ်အထိ ယစ်မျိုးဆိုင်သုံးဆိုင် ခွင့်ပြုထား ခဲ့ပါကြောင်း၊ လူငယ်လူရွယ်များ အရက်သောက်သုံးမှု နည်းပါးစေရေးအတွက် FL-17 ဆိုင် နှစ်ဆိုင်ကို ဦးဟရဲလိန်း (ခ) ဦးမြင့်လွင်နှင့် ဦးသေတလိန်း အမည်ဖြင့်လည်းကောင်း၊ FL-12 တစ်ဆိုင်ကို ဦးငွန်ချန် အမည်ဖြင့်လည်းကောင်း ဘာသာရေးအဖွဲ့အစည်းမှ ရယူခဲ့ပါကြောင်း၊ ထိုသို့ ဘာသာရေး အဖွဲ့အစည်းက ယစ်မျိုးလိုင်စင်ရယူခဲ့သည့် ကာလရှစ်နှစ်အတွင်းတွင်လည်း အရက်များရောင်းချမှု မရှိစေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ပိတ်ပင်ထားသည်ဟု တင်ပြထားပါကြောင်း၊ ဖြည့်စွက်တင်ပြ လိုသည်မှာ ခရစ်ယာန်အဖွဲ့အစည်းနှင့်  ရပ်မိရပ်ဖကိုယ်စားလှယ်ကြီး ဒေါက်တာမှူးထန် ပူးပေါင်းပြီး ထန်တလန်မြို့တွင် လူငယ်လူရွယ်များ အရက်သေစာသောက်စားမှုကြောင့် အကျင့်စာရိတ္တမဏ္ဍိုင်များ ပျက်စီးသည်ဆိုပြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို တင်ပြလျှောက်ထားခဲ့ချိန်တွင် မိမိအနေဖြင့် ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ တစ်မြို့တည်း၊ တစ်ရွာတည်းတွင် အရက်ကိုပိတ်ဆို့မည်၊ ရောင်းချရန်အတွက် ပိတ်ပင်ထိန်းသိမ်းမည်၊ ဆိုပါက နီးစပ်ရာမြို့နယ်များက တရားမဝင် ဝင်ရောက်မည်၊ မှောင်ခိုများဖြစ်လာမည်၊ စနစ်တကျ စစ်ဆေးခြင်းမရှိသည့် အရက်စသည်ဖြင့် သေရည်သေရက်က အန္တရာယ်ရှိပါသည်ဆိုပြီး မိမိတို့ တင်ပြဆွေးနွေးပါသော်လည်း ဒေါက်တာမှူးထန် အပါအဝင် ခရစ်ယာန်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများက ထန်တလန်တွင် အရက်ကိုလုံးဝပိတ်ပင် လိုပါသည်ဟု တင်ပြတောင်းဆို သည့်အတွက် ရုံးချုပ်ကိုတင်ပြပြီး ယစ်မျိုးလိုင်စင်ကို ထန်တလန်မြို့အတွက် လုံးဝခွင့်ပြုခြင်း မရှိခဲ့သော်လည်း နီးစပ်ရာမြို့နယ်များက လူငယ်လူရွယ်အပါအဝင် အရက်သောက်သုံးတတ်သူများက ထန်တလန်တွင် ပိတ်ထားသော အရက်မရပါက ဟားခါးတို့၊ ဖလမ်းတို့ဘက်က လာသည့်အရက်ကို မှောင်ခိုပေးဝယ် သောက်ကြပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (ဟားခါး)၊ ချင်းပြည်နယ်ရဲတပ်ဖွဲ့နှင့်လည်း အရက်မှောင်ခို ဖမ်းဆီးခဲ့ရသည့် အတွေ့အကြုံ ရှိခဲ့ပါကြောင်း၊ နီးစပ်ရာမြို့နယ်များ ဖလမ်း၊ ဟားခါး၊  မတူပီအပါအဝင် အားလုံးကို မိမိတို့က ပိတ်ရန်ပြောကြားသော်လည်း သက်ဆိုင်ရာမြို့နယ်များတွင် စနစ်တကျ ထိန်းချုပ်ပြီးရောင်းချမည်၊ တစ်မြို့လုံးကို လုံးဝပိတ်ပင်သည်မှာ အောင်မြင်မည်မဟုတ်ဟု ဆိုသည့်အတွက် ထိုအချိန်က ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထန်တလန် တစ်ခုကိုသာ အရက်လုံးဝခွင့်ပြုခဲ့ခြင်း မရှိခဲ့သော်လည်း တင်ပြပါအတိုင်း တရားမဝင်နီးစပ်ရာ မြို့နယ်များတွင် လူငယ်လူရွယ်အချို့အပါအဝင် သောက်သုံးသူများက ဝယ်ယူသောက်သုံး ကြသည့်အတွက် ယစ်မျိုးရောင်းချခြင်းနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီဖြစ်စေရန် လူပုဂ္ဂိုလ်သုံးဦးကို ဒေါက်တာမှူးထန်အပါအဝင် ခရစ်ယာန်အဖွဲ့များက နာမည်ခံလိုက်ပြီး ၎င်းတို့သာကိုင်လိုက်ပြီး ထန်တလန်မြို့ထဲတွင် အရက်ကိုရောင်းချခွင့် လုံးဝမရှိအောင် ပိတ်ပင်ခဲ့သော်လည်း မအောင်မြင်ဟု တင်ပြလိုပါကြောင်း၊ မည်သည့်အတွက်ကြောင့်ဆိုသည်မှာ ချင်းပြည်နယ် ခရိုင်အဆင့်ပိတ်ပင်လျှင် ချင်းပြည်နယ်နှင့်ဆ က်စပ်သည့် မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ ဆက်စပ်နေသည့်အတွက် အရက်များတရားမဝင်သာ ဖြစ်လာမည်ဆိုပြီး ပြန်လည်၍ စနစ်တကျ လိုင်စင်ချထားပေးပြီး တရားမဝင် လိုင်စင်များကို ဖမ်းဆီးခြင်း၊ အရက်ပုန်းများကို ဖော်ထုတ်ဖမ်းဆီးခြင်း၊ သန့်ရှင်းသည့် စနစ်တကျ စိစစ်ထားသည့် အရက်များကို ရောင်းချစေခြင်းဖြင့် ခွင့်ပြုစေခဲ့ပါကြောင်း၊

ယခုအခါ ထန်တလန်မြို့နယ်တွင် မြို့နှစ်မြို့၊ ရပ်ကွက်ငါးရပ်ကွက်၊ ကျေးရွာအုပ်စု ၃၆ အုပ်စု၊ ကျေးရွာပေါင်း ၈၅ ရွာ၊ အိမ်ခြေပေါင်း ၁၀၆၈၀၊ အိမ်ထောင်စုပေါင်း ၁၀၃၉၈၊ လူဦးရေပေါင်း ၅၂၄၈၅ ဦး နေထိုင်လျက်ရှိပါကြောင်း၊ ထန်တလန်မြို့နယ်အတွင်းရှိ မြို့၊ ရပ်ကွက်/ကျေးရွာ အုပ်စုများအနက် ထန်တလန်မြို့ အမှတ် (၁) ရပ်ကွက်တွင် ဒေါ်ခွာလ်ဒိမ်းမှ FL-17 တစ်ဆိုင်၊ အမှတ် (၂) ရပ်ကွက်တွင် ဦးစံကျော်မြတ်မှ FL-12 တစ်ဆိုင်၊ အမှတ် (၃) ရပ်ကွက်တွင် ဦးအောင်နိုင်ဝင်းမှ FL-17 တစ်ဆိုင် စုစုပေါင်းယစ်မျိုးဆိုင် သုံးဆိုင်ကို  တရားဝင်ဖွင့်လှစ် ထားရှိပါကြောင်း၊ သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်း ပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီးဆောင်ရွက်ပါကြောင်း၊ ၂-၄-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ထန်တလန်မြို့နယ်၊ ယစ်မျိုးအကြံပေးအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၉) ဆုံးဖြတ်ချက်အပိုဒ် ၅ (က) အရ တရားဝင်ဖွင့်လှစ် ထားရှိသော ယစ်မျိုးဆိုင် သုံးဆိုင်ကို ပိတ်သိမ်းပါက နီးစပ်ရာမြို့နယ်များမှ တရားမဝင်အရက် ရောင်းဝယ်မှုများ၊ သယ်ဆောင်မှုများ ပိုမိုများပြားလာနိုင်ပြီး အထက်တွင်တင်ပြခဲ့သည့်အတိုင်း တရားမဝင်မှောင်ခို ဝင်ရောက်လာခြင်းများကို ထိန်းသိမ်းရခက်ခဲပါကြောင်း၊ စည်းကမ်းမဲ့အရက် သောက်သုံးမှု များလည်း ပိုမိုများပြားလာနိုင်သည့်အတွက် လက်ရှိယစ်မျိုးဆိုင် သုံးဆိုင်ကို ခွင့်ပြုပါ၊ စနစ်တကျ စီမံခန့်ခွဲပြီး ဥပဒေနှင့်ညီအောင် ဆောင်ရွက်မည်ဆိုပြီး ယစ်မျိုးဆိုင်အသစ်များ ချထားခြင်းမပြုဘဲ ၎င်းသုံးဆိုင်ကိုသာ ခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါယစ်မျိုးဆိုင်များကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရောင်းချစေရေး၊ တရားမဝင်ယစ်မျိုး ရောင်းချမှုများမရှိစေရေး ကြပ်မတ်ဆောင်ရွက် သင့်ပါကြောင်းဆိုပြီး သဘောတူဆုံးဖြတ်ထားကြောင်း စိစစ်သိရှိ ရပါကြောင်း၊

ယစ်မျိုးလိုင်စင်များ ခွင့်ပြုချထားရာတွင် ယစ်မျိုးမူဝါဒနှင့် ယစ်မျိုးအခြေခံမူအရ ယစ်မျိုးလိုင်စင် အရေအတွက်များကို ကန့်သတ်ထားပါကြောင်း၊ ပြည်သူများ၏ကျန်းမာရေးနှင့် ကိုယ်ကျင့်တရား ကောင်းမွန်စေရေး၊ ရာဇဝတ်မှုလျော့နည်း စေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက လမ်းညွှန်ထားရှိခြင်းတို့ကြောင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှစပြီး ယစ်မျိုးလိုင်စင်များ တစ်နှစ်ထက်တစ်နှစ် လျှော့ချခွင့်ပြုလျက် ရှိပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်တွင် တစ်နိုင်ငံလုံးလိုင်စင်အရေအတွက် ၄၁၂၆၃ ခု ခွင့်ပြုခဲ့ရာက ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ်တွင် လိုင်စင်အရေအတွက် ၄၁၁၃၅ ခု ခွင့်ပြုထားခဲ့ပါကြောင်း၊ လွန်ခဲ့သည့်တစ်ရက်က ပြည်ထောင်စု လွှတ်တော်တွင် လောင်းကစားဥပဒေ အပါအဝင်ဆောင်ရွက်သည့်အခါ ဟိုတယ်၊ မိုတယ်များအတွက် သက်ဆိုင်ရာ FL-17 အရက်လိုင်စင်၊ ကာစီနိုအပါအဝင် မိမိတို့ဆွေးနွေး ခဲ့ပါကြောင်း၊ ယနေ့အချိန်အထိ မူဝါဒအရ အရက်လိုင်စင်များကို ကန့်သတ်ရန်ဖြစ်သည့်အတွက် ဟိုတယ်၊ မိုတယ်များအပါအဝင် ယစ်မျိုးလိုင်စင်များ မပေးနိုင်သေးပါကြောင်း၊

သို့သော်လည်း ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် တရားဝင်ခွင့်ပြုချက် ပေးပြီးလုပ်ကိုင် စေသော ယစ်မျိုးလိုင်စင် ချထားပေးခြင်းကို အပြီးတိုင်ပိတ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်းပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ကြီးဌာနအနေဖြင့် ယစ်မျိုးလိုင်စင် အသစ်များ ခွင့်ပြုချထားပေးခြင်း မရှိသော်လည်း ယစ်မျိုးလိုင်စင်ဟောင်းများကို ယစ်မျိုးလိုင်စင် စဉ်အမည်၊ တည်နေရာ၊ လိုင်စင်အမျိုးအစား ဆောင်ရွက်ပေးခြင်းတို့ကို တည်ဆဲယစ်မျိုး အက်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိသည့်အပြင် ယစ်မျိုးလုပ်ငန်းများ ခွင့်ပြုရာတွင်လည်း ယစ်မျိုးနည်းဥပဒေ ၁၇၊ ၁၈၊ ၁၉ တို့နှင့်အညီ မြို့နယ်ယစ်မျိုး အကြံပေး အဖွဲ့များ၏ အစည်းအဝေး ဆုံးဖြတ်ချက်၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၏ သဘောထား ထောက်ခံချက်များနှင့် နှစ်စဉ်ယစ်မျိုး အစီအစဉ်များရေးဆွဲပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၏ အတည်ပြုချက်ရယူပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) တင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက စိစစ်ခွင့်ပြုချထားပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယစ်မျိုးဥပဒေအရ လိုင်စင်အမျိုးအစား ၄၁ မျိုးရှိသော်လည်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရုံးချုပ်) မှ ၃၂ မျိုးကို စိစစ်ခွင့်ပြုလျက်ရှိပြီး ချင်းပြည်နယ်တွင် ယစ်မျိုးလိုင်စင်ကိုးမျိုးသာ ခွင့်ပြုချထားပေးလျက် ရှိပါကြောင်း၊ ချင်းပြည်နယ်အတွင်း ယစ်မျိုးလိုင်စင် ၁၇၈ ခု ရှိသည့်အနက် ထန်တလန်မြို့နယ်တွင် ယစ်မျိုးလိုင်စင် သုံးခုသာရှိပါကြောင်း၊ ထန်တလန်မြို့နယ် ယစ်မျိုးအကြံပေး အဖွဲ့၏ဆုံးဖြတ်ချက် အရလည်း ထန်တလန်မြို့နယ်တွင် ယစ်မျိုးလိုင်စင်ချထားပေးခြင်းကို အပြီးတိုင် ပိတ်သိမ်းပေးရန် သင့်လျော်ခြင်းရှိ/မရှိ တင်ပြသည့်အခါ ပိတ်လိုက်ပါက ပိုမိုပြီးတရားမဝင်ယစ်မျိုး၊ တရားမဝင် အရက်များဝင်လာပြီး ပိုမိုအန္တရာယ်ရှိပါကြောင်း၊ သင့်လျော်ခြင်းမရှိပါကြောင်း၊

ယစ်မျိုးလုပ်ငန်းများ ဖမ်းဆီးအရေးယူဆောင်ရွက်မှုနှင့် လက်ရှိယစ်မျိုးဆိုင်ရာ စီမံခန့်ခွဲမှုများမှာ နိုင်ငံတော်အတွက် ရသင့်ရထိုက်သောအခွန်များ အပြည့်အဝရရှိစေရန်၊ လိုင်စင်မဲ့ဆောင်ရွက်နေ မှုများအား ဥပဒေနှင့်အညီ စနစ်တကျအရေးယူ ပေးနိုင်ရေးအတွက် ယစ်မျိုးလိုင်စင်ခွန်များ တိုးမြှင့် ကောက်ခံသည့် စိစစ်ကြပ်မတ်ရေးအဖွဲ့ (Task Force) ဖွဲ့စည်းထားပါကြောင်း၊ Task Force အဖွဲ့များကို ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်နှင့်မြို့နယ်အဆင့်အလိုက် ဖွဲ့စည်းထားရှိပြီး ဆောင်ရွက်လျက်ရှိရာ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၁၈ ခုနှစ် မေလမှ ၂၀၁၉ ခုနှစ် မတ်လအထိ လိုင်စင်စည်းကမ်း ဖောက်ဖျက်သည့် ယစ်မျိုးဆိုင်များနှင့် တရားမဝင်ယစ်မျိုးလုပ်ငန်း လုပ်ကိုင်သူများကို အရေးယူဆောင်ရွက် ခဲ့ပါကြောင်း၊ လိုင်စင် စည်းကမ်း ဖောက်ဖျက်အရေးယူမှု ၃၂၆ ခု၊ လိုင်စင်မဲ့ဆောင်ရွက်မှုများ အရေးယူမှု ၃၃၄၉ ခု အရေးယူတရားစွဲတင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊

ထန်တလန်မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချခွင့်ပြုထားသော ယစ်မျိုးဆိုင်သုံးဆိုင်ကို တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့်အညီ ရောင်းချမှုရှိစေရေး၊ ယစ်မျိုးလိုင်စင်တွင်ပါရှိသော စည်းကမ်းချက်များ လိုက်နာမှုရှိစေရေး မြို့နယ်ယစ်မျိုးအကြံပေးအဖွဲ့မှ အခါအားလျော်စွာ စိစစ်ကြပ်မတ်လျက်ရှိပြီး တရားမဝင်ယစ်မျိုးရောင်းချမှုများ မရှိစေရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စ.စ.စ ဝန်ထမ်းများ ပူးပေါင်းပါဝင်သော ယစ်မျိုးစိစစ် ကြပ်မတ်ရေးအဖွဲ့ (Task Force) တို့နှင့် ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးခြင်း၊ တရားမဝင် ယစ်မျိုးလုပ်ငန်းများ ဖမ်းဆီးအရေးယူခြင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ဟားခါးခရိုင်၊ ထန်တလန် မြို့နယ်တွင် ၂၀၁၅ ခုနှစ်တွင် ၂၇ မှု၊ ၂၀၁၆ ခုနှစ်တွင် ၁၉ မှု၊ ၂၀၁၇ ခုနှစ်တွင် တစ်မှု၊ ၂၀၁၈-၁၉ ခုနှစ်တွင် တရားမဝင်အရက်ဖမ်းဆီးမှု မရှိသေးပါကြောင်း၊ တရားမဝင် ရောင်းချသူ များကို ချင်းဝိသေတိုင်း အက်ဥပဒေပုဒ်မ ၃၇၊ ၃၈ ဖြင့် အရေးယူဆောင်ရွက်လျက် ရှိသည်ကို သိရှိရပါကြောင်း၊ လိုင်စင်ရယစ်မျိုးဆိုင်များအနေဖြင့် အရက်များသယ်ဆောင် ရာတွင်လည်း ခရိုင်ကော်လိတ်တော်အရာရှိ၏ အရက်သယ်ဆောင်ခွင့်ပြုသည့် လက်မှတ်ဖြင့် သယ်ဆောင်မှု ရှိ/မရှိ၊ ခွင့်ပြုချက်အတိုင်း သယ်ဆောင်မှုရှိ/မရှိ တို့ကိုလည်း အဖွဲ့ဖြင့်စနစ်တကျ စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊

နိဂုံးချုပ်တင်ပြလိုသည်မှာ မြို့မိမြို့ဖများနှင့် ဘာသာရေးအသင်းအဖွဲ့များ၏ မေတ္တာရပ်ခံချက်အရ လုံးဝပိတ်သိမ်းရန်မှာ စဉ်းစားရန်သင့်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် သက်ဆိုင်ရာ အတွေ့အကြုံအရ နိုင်ငံတကာတွင် အမေရိကန်၊ အိန္ဒိယအပါအဝင် အရက်မှောင်ခို ကြီးထွားသည့်အတွက် စီမံချက်ဖြင့် နိုင်ငံတော်အစိုးရက ပိတ်သိမ်းခဲ့သော်လည်း မအောင်မြင် ခဲ့ပါကြောင်း၊ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွင် ဘာသာစုံ၊ လူမျိုးစုံရှိသည့်နေရာတွင် အရက်ကိုတစ်မြို့နယ်တည်း ပိတ်မည့်အစား ဘာသာရေးပုဂ္ဂိုလ်များက ဘာသာရေး၏ အဆုံးအမဖြင့် ထိန်းသိမ်းကြပ်မတ်ရန်၊ Task Force များဖြင့် ဥပဒေနှင့်အညီ ဖမ်းဆီးခြင်း၊ အရေးယူခြင်းများနှင့်  ယစ်မျိုးဥပဒေနှင့်အညီ ဆောင်ရွက်မည်ဆိုပါက အားလုံးအဆင်ပြေမည် ဖြစ်ပါကြောင်း၊ ပွဲလမ်းသဘင်ရှိသည့် နေ့ရက်များ၊ ချင်းအမျိုးသားနေ့စသည့် နေ့ကြီးနေ့ရက်များ၊ အပတ်စဉ် ဘုရားကျောင်းတက်ရသည့် တနင်္ဂနွေနေ့များတွင် ယစ်မျိုးရောင်းချမှု မရှိစေရေးကိုလည်း ကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားပါသည်။