(ခ)-လယ်ယာမြေနှင်‌့အခြားမြေများသိမ်းဆည်းခံရမှု စိစစ်ရေးဗဟိုကော်မတီ၏မူဝါဒများမှ တပ်မြေသိမ်းဆည်းမှု မူဝါဒ(၃)ရပ်၊ စွန့်လွှတ်ခြင်းမရှိသည်‌့မြေများ စိစစ်ရန်အချက် (၇)ချက်၊ လမ်းညွှန်ချက်(၈)ရပ်တို့နှင်‌့အညီ ပြန်လည်စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့စပ်လျဉ်းသည်‌့မေးခ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ (၂၂. ၅. ၂၀၁၉)

 

လယ်ယာမြေနှင်‌့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ မူဝါဒ လုပ်ငန်းစဉ်ဆောင်ရွက်ရန်အချက်များမှ တပ်မြေသိမ်းဆည်းမှုများနှင်‌့စပ်လျဉ်း၍ မူဝါဒ(၃)ရပ်၊ စွန့်လွှတ်ခြင်းမရှိသည်‌့ သိမ်းဆည်းမြေများနှင်‌့စပ်လျဉ်း၍ စိစစ်ရန်အချက် (၇)ချက်၊ သိမ်းဆည်းမြေများ၊ စွန့်လွှတ်မြေများဆိုင်ရာလမ်းညွှန်ချက်(၈)ရပ်တို့နှင်‌့အညီ ပြန်လည်စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

 

သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာအုပ်စု၊ နောင်ဆိုင်ကျေးရွာနှင့် ရေပူကြီးစစ်ဆေးရေးဂိတ်ရှိ မြေနေရာ များကို သက်ဆိုင်ရာကျေးရွာပြည်သူလူထုက အစဉ်အဆက်မြေယာအဖြစ် စိုက်ပျိုးလုပ်ကိုင်ခဲ့ရာ အားထားလုပ်ကိုင်နေကြသော ယာမြေများကို အာမခံချက်ရှိရှိဖြင့် စိတ်ချမ်းသာစွာ ဆက်လက် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အတွက်လည်းကောင်း၊ လူနေမှုဘဝတိုးတက် မြင့်မားလာစေရန်အတွက် လည်းကောင်း၊ သက်ဆိုင်ရာက ဆက်လက်ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်ကို သိရှိလိုပါကြောင်း ကြယ်ပွင့်ပြမေးခွန်းကို ၁၉-၁၀-၂၀၁၇ ရက်နေ့က ပြည်သူ့လွှတ်တော်ကို မေးမြန်းခဲ့ပါကြောင်း၊

မေးခွန်းဖြေကြားချက်ကို ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးကစာဖြင့် ၁၉-၃-၂၀၁၈ ရက်နေ့ ရက်စွဲဖြင့် မြေ ၁၀၁.၁၁ ဧကကို အမှတ် (၉၁၂) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းအမည်ဖြင့် နှစ် ၃၀ စိုက်ပျိုး လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ဖြစ်ကြောင်း၊ မြေ ၄.၈ ဧကကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးမည် ဖြစ်ပါကြောင်း၊ ကျန်မြေ ၉၆.၃ ဧကကို တပ်ရင်းတပ်ဖွဲ့မှ လုပ်ကိုင်စိုက်ပျိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီ၏ မူဝါဒလုပ်ငန်းစဉ် ဆောင်ရွက်ရန်အချက်များမှ (က) တပ်သိမ်းမြေများနှင့် စပ်လျဉ်းပြီး မူဝါဒ (၃) ရပ်၊ စွန့်လွှတ်ခြင်းမရှိသည့် သိမ်းဆည်‌းမြေနှင့် စပ်လျဉ်းပြီး အချက် (၇) ချက်၊ သိမ်းဆည်းမြေမှ စွန့်လွှတ်မြေများဆိုင်ရာ လမ်းညွှန်ချက် (၈) ချက်တို့နှင့်အညီ ပြန်လည် စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သနည်းနှင့် ရှိပါက မည်သည့် အချိန်တွင် ပြန်လည်စိစစ် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ၁၀-၆-၂၀၁၆ ရက်စွဲပါစာဖြင့် မြေကိစ္စများဖြေရှင်းဆောင်ရွက်ရာတွင် ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒလုပ်ငန်းစဉ်များနှင့် ညွှန်ကြားချက်များအပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီများသို့ ညွှန်ကြား ခဲ့ပါကြောင်း၊ ၎င်းအပြင် ဗဟိုကော်မတီ၏ ၂၁-၃-၂၀၁၈ ရက်နေ့ ရက်စွဲပါစာဖြင့် ဗဟိုကော်မတီမှ ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများအပေါ် ပြင်ဆင်ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်များကို သိရှိလိုက်နာ ဆောင်ရွက်ရန် ထပ်မံအကြောင်းကြားခဲ့ပါကြောင်း၊

သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ ဗဟိုကော်မတီမှ ပြင်ဆင်ချမှတ်ထားသော မူဝါဒ၊ လုပ်ငန်းစဉ် များမှာ နိုင်ငံတော်က သိမ်းဆည်းသည့် လယ်ယာမြေနှင့်အခြားမြေများကို မူလမြေပိုင်ရှင်များက ပြန်လည် လျှောက်ထားသည့် ကိစ္စများနှင့်စပ်လျဉ်းသည့် မူဝါဒ (၁၀) ၊ တပ်မြေသိမ်းဆည်းမှုများနှင့် စပ်လျဉ်းသည့် မူဝါဒ (၃) ရပ်၊ သိမ်းဆည်းမြေများကို ပြန်လည်ပေးရန် လျှောက်ထားခြင်းများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် (၄) ချက်၊ စွန့်လွှတ်နိုင်ခြင်းမရှိသည့် သိမ်းဆည်းမြေများနှင့်စပ်လျဉ်း၍ စိစစ်ရန်အချက် (၅) ချက်၊ သိမ်းဆည်းထားသည့်ဌာနမှ စွန့်လွှတ်သည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် (၆) ချက်၊ စွန့်လွှတ်သည့်မြေများ သက်ဆိုင်သူလက်ဝယ်အမြန် ရောက်ရှိရေး လုပ်ငန်းစဉ် (၉) ရပ်နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ကော်မတီများမှ အလေးထား ဆောင်ရွက်ရန်အချက် (၁၅) ချက် စုစုပေါင်း ၅၂ ချက်ကို နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ပြန်လည်စိစစ်ပြီး ချမှတ်ထားပါကြောင်း၊

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာအုပ်စုရှိ မြေဧရိယာ ၁၀၁.၁၁ ဧကနှင့် စပ်လျဉ်းပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၉၁၂) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းအမည်ဖြင့် နှစ်ရှည်သီးပင်/ဥယျာဉ် ခြံသီးနှံစိုက်ပျိုးရန်အတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဗဟို ကော်မတီ (ယခင် ဗဟိုကော်မတီ) မှ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲပါစာဖြင့် ၁၉၉၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိနှစ် (၃၀) လုပ်ပိုင်ခွင့်ခွင့်ပြုချထားပေးခဲ့ပါကြောင်း၊ အဆိုပါ မြေဧရိယာအနက် ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းဖွင့်လှစ်ထားသည့် မြေဧရိယာ ၄.၈၀ ဧကကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးရန်အတွက် ပြန်လည်အပ်နှံခဲ့မှုအပေါ်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီက ၁၂-၇-၂၀၁၈ ရက်စွဲပါစာဖြင့် အပ်နှံခွင်‌့ပြုခဲ့ပြီးဖြစ်ပါကြောင်း၊

ကျန်မြေဧရိယာ ၉၆.၃၀ ဧကတွင်လည်း အမှတ် (၉၁၂) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ရာဘာ သီးနှံများ စိုက်ပျိုးထားပါကြောင်း၊ မြေဧရိယာ ခုနစ်ဧကခန့်တွင် အိမ်ထောင်စုရှစ်စုမှ နေအိမ်များ ဆောက်လုပ်ထားကြောင်းနှင့် တောင်သူ ၂၀ ဦးမှ ရာသီသီးနှံများ စိုက်ပျိုးထားကြောင်း စိစစ်တွေ့ရှိ ရသည့်အပြင် ကာယကံရှင်များမှ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီအပါအဝင် သက်ဆိုင်ရာကော်မတီ အဆင့်ဆင့်ကိုလည်း တင်ပြထားခြင်း မရှိပါကြောင်း၊ မူဝါဒ (၅၂) ချက်နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်လည်း နောက်ဆုံးအခြေအနေထိ ပြန်လည်စိစစ်ပြီး မူဝါဒများချမှတ် ပေးထားပါကြောင်း၊

သို့ဖြစ်ပါ၍ တင်ပြပါမြေနေရာနှင့်ပတ်သက်ပြီး ကာယကံရှင်မှ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ သို့မဟုတ် သက်ဆိုင်ရာရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်ကို တင်ပြခဲ့ပါက မိမိတို့ဗဟိုကော်မတီမှချမှတ်ထားသည့် မူဝါဒများနှင့်အညီ စိစစ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်းနှင့် သိမ်းဆည်းမြေနှင့်သက်ဆိုင်ခြင်းမရှိသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ဖြစ်ပါက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၁၇၊ ၁၈ တို့နှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။