မိမိတို့လွှတ်တော်ကိုယ်စားလှယ် ဆိုတာက အဓိကတာဝန် သုံးရပ်ဖြစ်သည့် ဥပဒေပြုခြင်း၊ စောင့်ကြည့် ထိန်းကျောင်းခြင်းနှင့် ကိုယ်စားပြုခြင်း ဆိုသည့်တာဝန်ကို ထမ်းဆောင်ရပါကြောင်း၊ တစ်ဖက်တွင်လည်း တိုင်းပြည်အတွက် အရေးကြီးသည့် ဥပဒေများကိုပြုရသကဲ့သို့ တစ်ဖက်တွင်လည်း ပြည်သူနှင့်တိုက်ရိုက်အချိုးကျသည့် ကိုယ်စားပြုခြင်း တာဝန်ကို ထမ်းဆောင်ရပါကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အစိုးရနှင့် ပြည်သူကြား ဆက်စပ်ပေးသော ပေါင်းကူးတံတားလေးများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်နားချိန် ပြည်သူ့အသံများကို ကွင်းဆင်းနားထောင်ပြီး ပြည်သူများ၏အသံကို လွှတ်တော်ထဲကို လာရောက်ပြီး တင်ပြဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊ ယနေ့ လွှတ်တော်တွင် မေးမြန်းသည့် မေးခွန်းကလည်း မိမိတို့ ပြည်သူများက မေးမြန်းခိုင်းသည့်အတွက် မိမိအနေဖြင့် မေးမြန်းခြင်းဖြစ်ပါကြောင်း၊
ချင်းပြည်နယ်တွင်ရှိသည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ် မြို့နယ်တစ်မြို့နယ် ချင်းအလိုက် ရသည့်ဘတ်ဂျက်မှာ ဟားခါးမြို့နယ်က ၃၄ ဘီလီယံ၊ ထန်ထလန်မြို့နယ်က ၁၇ ဘီလီယံခန့်နှင့် မတူပီမြို့နယ် က ၁၂ ဘီလီယံ၊ ဖလမ်းမြို့နယ်က ၁၀ ဘီလီယံ ရရှိပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်လည်း ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ မတူပီစသည့် မြို့နယ်လေးမြို့နယ် အများဆုံးရရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လဘတ်ဂျက်တွင်လည်း ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ မတူပီ မြို့နယ်များသာ အများဆုံးရရှိကို တွေ့ရှိရပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း အဆိုပါ မြို့နယ်များက ဘတ်ဂျက်အများဆုံးရသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကို နှိုင်းယှဉ်ပြီး ကြည့်မည်ဆိုလျှင် ဟားခါးမြို့ရသည့် ဘတ်ဂျက်က ၃၄ ဘီလီယခန့် ရှိသည့်အတွက် ဟားခါးမြို့ရသည့်ဘတ်ဂျက်က ကန်ပက်လက်မြို့၊ တွန်းဇံမြို့ရသည့် ဘတ်ဂျက်ထက်ရှစ်ဆ နီးပါးခန့်ကွာပါကြောင်း၊ ပြောချင်တာက ဟားခါးမြို့တစ်နှစ် ရခြင်းသည် ကန်ပက်လက်မြို့၊ တွန်းဇံမြို့ ရှစ်နှစ်ရသည့် ဘတ်ဂျက်နှင့်ညီမျှနေပါကြောင်း၊
နောက်တစ်ခုက ထန်တလန်နှင့်မင်းတပ်ခရိုင် မြို့ဖြစ်ပါကြောင်း၊ ထန်တလန်မြို့ရသည့် ဘတ်ဂျက်သည် ခရိုင်မြို့တစ်ခုဖြစ်သည့် မင်းတပ်မြို့ရသည့် ဘတ်ဂျက်ထက် သုံးဆနီးပါးခန့် ကွာဟနေပါကြောင်း၊ ယခုလို မတူပီနှင့်တွန်းဇံကလည်း သုံးဆနီးပါးခန့် ဟနေသည်ကို တွေ့ရှိရပါကြောင်း၊ နောက် ခရိုင်မြို့နှစ်မြို့ဖြစ်သည့် ဖလမ်းခရိုင်နှင့် မင်းတပ်ခရိုင်တို့ဖြစ်ပါကြောင်း၊ ခရိုင်မြို့ချင်းအတူတူ မင်းတပ်ခရိုင်ထက် ဖလမ်းခရိုင်က နှစ်ဆနီးပါးများနေသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူများကလည်း Social Media ပေါ်တွင် ၎င်း၏ ဘဏ္ဍငွေခွဲဝေမှုများကို မမျှတသည့်အတွက် ရေးပါကြောင်း၊ ဟားခါးမြို့ရသည့် ဘတ်ဂျက်သည် ကျန်သည့်မြို့နယ် ငါးမြို့နယ်ရသည့် ဘတ်ဂျက်နှင့် ညီနေသည်ဟုလည်း ပြည်သူများက မခံချိမခံသာရေးခြင်း ဖြစ်ပါကြောင်း၊ အကြည့်ရဆိုးသော ဘတ်ဂျက်ခွဲဝေမှုမျိုးကို မရှိရအောင် တာဝန်ရှိလူကြီးမင်းများအားလုံးကို အနူးအညွတ် တောင်းပန် ပါကြောင်းဟု Social Media က ရေးထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါကိစ္စအား သိရှိအောင် ယခုလို မေးမြန်းရခြင်းဖြစ်ပါသည်။
မိမိတို့ ၂၁ ပင်လုံညီလာခံကြီးကို မည်သည့်အတွက် ကျင်းပနေသည်ကို စဉ်းစားရန် လိုအပ်ပါကြောင်း၊ Power Sharing ၊ Resource Sharing ၊ Budget Sharing များ မမျှတခဲ့သည့် အတွက်ကြောင့် ယနေ့ ၂၁ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပနေသည်ဆိုတာ သတိမမေ့ရန် အရေးကြီးပါကြောင်း၊ မတိုးတက်ခြင်း၏ အကြောင်းသည် မငြိမ်းချမ်းခြင်းကြောင့် ဖြစ်ပါကြောင်း၊ မငြိမ်းချမ်းသည့် အကြောင်းကလည်း နောက်မှာမညီညွတ်ခြင်းများ ရှိပါကြောင်း၊ မညီညွတ်ခြင်း၏ နောက်ကွယ်တွင် မယုံကြည်ခြင်း ဖြစ်ပါကြောင်း၊ မယုံခြင်း၏ နောက်ကွယ်မှာ မမျှတခြင်းကြောင့် ဖြစ်ပါကြောင်း၊ ပြောချင်သည်က့ မမျှတခြင်းမှာ မယုံကြည်လျှင် မညီညွတ်ခြင်း၊ မညီညွတ်လျှင် မငြိမ်းချမ်းခြင်း၊ မငြိမ်းချမ်းလျှင် မတိုးတက်ခြင်းဆိုသည့် အချက်ကို မိမိတို့အမြဲတမ်း သတိမမေ့ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မဲဆန္ဒရှင်ပြည်သူများကိုယ်စား ဘဏ္ဍာငွေခွဲဝေမှုများက မည်သည့်အချက်အလက်ကို အခြေခံပြီး ခွဲဝေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ခရိုင်/မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီများနှင့် ညှိနှိုင်းပြုစု ရေးဆွဲပါကြောင်း၊ အဆိုပါစီမံကိန်းများအရ ငွေလုံးငွေရင်းဘတ်ဂျက် ခွဲဝေချထားရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့သည် မြို့နယ်အလိုက် အချိုးချခွဲဝေ လျာထားပါကြောင်း၊
လမ်းဦးစီးဌာနအနေဖြင့် ပြည်နယ်ဘတ်ဂျက်တွင် ရာခိုင်နှုန်းအများဆုံး ပါဝင်သည့်ဌာနဖြစ်ပြီး ဦးစားပေးလုပ်ငန်းများဖြစ်သော လမ်းအဆင့်မြှင့်တင်ခြင်း၊ တာချဲ့ခြင်း၊ တံတားတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် ဦးစီးဌာနကကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်ကို အဆိုပြု တောင်းခံ ပါကြောင်း၊ အဆိုပြုတောင်းခံမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့က စိစစ်ပြီးခွဲဝေလျာထား ပါကြောင်း၊ ဆည်မြောင်းနှင့်ရေ အရင်းအမြစ်အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆည်မြောင်းရှိသည့် မြို့နယ်များအတွက်သာ ဘဏ္ဍာငွေခွဲဝေလျာထားခြင်း ဖြစ်ပါကြောင်း၊
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ဘဏ္ဍာငွေခွဲဝေပုံက မြို့တိုးချဲ့ဆောင်ရွက်သည့် ဟားခါး၊ ဖလမ်း၊ မတူပီမြို့နယ်များတွင် လျှပ်စစ်ဓာတ်အားလိုင်းများ အသစ်တိုးချဲ့ဆောင်ရွက်ခြင်းများအတွက် ခွဲဝေလျာထားပါကြောင်း၊ အချို့သောဦးစီးဌာနများအနေဖြင့် စက်ပစ္စည်း၊ ပရိဘောဂ၊ အခြား လုပ်ငန်းများနှင့်ပတ်သက်ပြီး ပြည်နယ်ရုံးများက ဆောင်ရွက်ခြင်းဖြစ်သည့် အတွက်ကြောင့် ပြည်နယ်ရုံးစိုက်ရာ ဟားခါးမြို့နယ်ထဲတွင် ထည့်သွင်းခွဲဝေ လျာထားပါကြောင်း၊ ချင်းပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေမှ ငွေလုံးငွေရင်း အသုံးစရိတ်များကို မြို့နယ်တစ်မြို့နယ်ချင်းစီအလိုက် ခွဲဝေချထားရာတွင် ပြည်သူများ၏ လိုအပ်ချက်များကို အခြေခံပြီး ကဏ္ဍအလိုက် လိုအပ်ချက်၊ ဒေသဖွံ့ဖြိုးမှု ဦးစားပေးအစီအစဉ်တို့နှင့်အညီ ပြည်နယ်အစိုးရအဖွဲ့က ခွဲဝေလျာထားပြီး ပြည်နယ်လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူ၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းဖြေကြား ပါသည်။
ဦးနေလင်းအောင် (မင်းတပ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့ စီ/ခန့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ရေးဆွဲထားသည့် ကိစ္စကို ဖြေကြားပေးသည်ဆိုလျှင် မိမိတို့ စီ/ခန့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်အတိုင်း အဆိုပါ ဘတ်ဂျက်များကို ချပေးခြင်းမျိုးလားဆိုသည်ကို သိချင်ပါကြောင်း၊ မိမိတို့တင်ပြသည့် ဘတ်ဂျက်များရှိပါသော်လည်း မရရှိဘဲ ဖြတ်တောက်ခြင်းမျိုးများ ရှိပါကြောင်း၊ နောက်တစ်ခုက ချင်းပြည်နယ်မှာ ပထမဦးဆုံး လျှပ်စစ်မီးရရှိသည်မှာ ဟားခါးမြို့ဖြစ်ပါကြောင်း၊ မိမိတို့ ဟားခါးမြို့ကရပြီး ကျန်ရှိသည့် မြို့များအတွက် ဘတ်ဂျက်များ ပေးရန်လိုအပ်ပါကြောင်း၊ ပြောချင်သည်မှာ ဆက်ပြီးဘတ်ဂျက်များ များနေခြင်း ကျန်သည့် မြိုနယ်များလည်း မရသေးသည့် မြို့နယ်များရှိသည့် အတွက်ကြောင့် ပထမဦးဆုံး ရသည်ကို နောက်ထပ်ဆက်တိုက် ထည့်နေခြင်းလား ဆိုသည့်ကိစ္စများကိုလည်း မသိရသည့်အတွက် ဖြစ်ပါကြောင်း၊ ဒေသဦးစားပေးအစီအစဉ် အရဆိုလျှင် ချင်းပြည်နယ်တွင် လူဦးရေအများဆုံးက ပလက်ဝမြို့နယ် ဖြစ်ပါကြောင်း၊ ၎င်း၏နယ်မြေအကျယ်အဝန်းဆိုလျှင် ကယားပြည်နယ် နီးပါးခန့် ရှိပါကြောင်း၊ ဖွံ့ဖြိုးမှုကလည်း ကန်ပက်လက်၊ ပလက်ဝ၊ မင်းတပ်ဆိုသည်မှာ ဖွံ့ဖြိုးမှုနိမ့်ကျသည့် နေရာများ ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှု၏ ဒေသလိုအပ်ချက်အရ ကြည့်မည်ဆိုလျှင် ပလက်ဝမြို့သည် နံပါတ် (၁) ဖြစ်သင့်ပါကြောင်း၊ ပလက်ဝမြို့ရသည့် ဘတ်ဂျက်မှာ ငါးဘီလီယံပဲရပါကြောင်း၊ ဖွံ့ဖြိုးမှုအများဆုံး ရှိနေသည့် မြို့များက ဘီလီယံ ၃၀ ကျော် ၁၇၊ ၁၂၊ ၁၀ ခန့် ရနေပြီး ဒေသ၏ လိုအပ်ချက်အရ ပေးမည်ဆိုလျှင် အဆိုပါပလက်ဝ၊ ကန်ပက်လက်တိုသည် အဓိကဦးစားပေး ရရမည်ဖြစ်သည့် အတွက်ကြောင့် ယခုလို ဘတ်ဂျက်ချထားပေးသည့် ကိစ္စများကို ပြန်လည်စိစစ်သုံးသပ်ပြီး လာမည့်ဘတ်ဂျက်တွင် ရေးဆွဲပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဆက်စပ်မေးခွန်းတွင် မိမိတို့ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်ပင်ဆွေးနွေးပြီး ပြုစုထားသည့် စီမံကိန်းများအတိုင်း ဘတ်ဂျက်ရ/မရ ဆိုသည့်အပိုင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တင်ပြလာသော စီမံကိန်းများအပေါ် ငွေလုံးငွေရင်းအသုံးစရိတ်များ ခွဲဝေချထားပြီး မိမိတို့ အကန့်အသတ်ရှိ ဘတ်ဂျက်ဖြစ်သည့် အတွက်ကြောင့် အဆိုပါ ဘတ်ဂျက်အတိုင်းအတာအတွင်း ဦးစားပေးအစီ အစဉ်များအလိုက် ငွေလုံးငွေရင်း အသုံးစရိတ်များကို ခွဲဝေလျာထားပါကြောင်း၊ ခွဲဝေလျာထားပြီး လွှတ်တော်အတည်ပြုချက်ဖြင့် ဥပဒေပြဋ္ဌာန်းပြီးမှ လိုသလိုသုံးစွဲနိုင်သည့် အနေအထား ဖြစ်ပါကြောင်း၊ နောက်တစ်ခု လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ တင်ပြချက်အရ ယခုဟားခါး၊ ဖလမ်း၊ မတူပီမြို့နယ်များတွင် လျှပ်စစ်ဓာတ်အားလိုင်းများ အသစ်တိုးချဲ့ဆောင်ရွက်ခြင်းများအတွက် ခွဲဝေလျားထား တင်ပြပါကြောင်း၊ ဘတ်ဂျက်တွင် ပြည်ထောင်စုဘတ်ဂျက်နှင့် ပြည်နယ်ဘတ်ဂျက်များ ဆိုပြီး ခွဲခြားပြီးရှိပါကြောင်း၊ အဆိုပါ ချင်းပြည်နယ်အတွက် သုံးစွဲရမည့် အသုံးစရိတ်အပိုင်းတွင် ပြည်ထောင်စုက သုံးစွဲသည့် အသုံးစရိတ်များဆိုလျှင်လည်း သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက ချင်းပြည်နယ်တွင် သုံးစွဲရန် အသုံးစရိတ်များကို ပြည်ထောင်စု ဘတ်ဂျက်ထဲတွင် ရရှိပါကြောင်း၊ နောက်ပြည်နယ်ဘတ်ဂျက်က ၎င်းပြည်နယ်ဘတ်ဂျက်တွင် ဌာနများနှင့် ယခုမိမိတင်ပြသည့် ဌာနများ ၎င်းတို့ဌာနများက ရေးဆွဲတင်ပြသည့် ဦးစားပေးအစီအစဉ်များအတိုင်း ခွဲဝေလျာထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်အတိုင်း ဖြစ်ပေါ်နေသော အခြေအနေများကို ချင်းပြည်နယ် အစိုးရအဖွဲ့ကို အသိပေးအကြောင်းကြားပြီး လိုအပ်သကဲ့သို့ စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
