တစ်နိုင်ငံလုံးအနေဖြင့် သတ်မှတ်ကာလတစ်ခုတွင် ပင်စင်စားအရေအတွက် စုစုပေါင်းထဲကမှ အသက် ၁၀၀ အထက် ပင်စင်စား၊ အသက် ၉၀ နှင့် ၁၀၀ ကြားပင်စင်စား၊ အသက် ၈၀ နှင့် ၉၀ ကြား ပင်စင်စား၊ အသက် ၇၀ နှင့် ၈၀ ကြား ပင်စင်စားများ၊ နောက် အသက် ၆၀ နှင့် ၇၀ ကြား စသည်ဖြင့် စာရင်းပြုစုပြီး အသက် ၈၀ နှင့်အထက် ပင်စင်စားများကို သင့်တင့်သည့် မျှော်မှန်းနှစ် သတ်မှတ်ပြီး ၎င်းတို့၏ ဆန္ဒအရ ပင်စင်အပြီးခံစားခွင့် ရရှိနိုင်အောင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊
ပင်စင်ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေများအရ ဝန်ထမ်းများအနေဖြင့် တစ်လုံးတစ်ခဲတည်း ခံစားခွင့်ဆိုသည့် အကြောင်းအရာ ပါရှိပါကြောင်း၊ ၎င်းမှော ပင်စင်လစာနှုန်းနှင့် ၅၀ ရာခိုင်နှုန်းကို အသက် ၈၀ နှစ်အထိသာ ထည့်သွင်းတွက်ချက် ထားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အမှန်တကယ် အသက် ၈၀ အထက် ပင်စင်စားကြီးများသည် တစ်ခေတ်တစ်ခါက အင်မတန်မှ အလုပ်ကိုရိုသေပြီး အားကတိကင်းစွာဖြင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် သူများ ဖြစ်ကြပါကြောင်း၊ နိုင်ငံတော်မှ ချီးမြှင့်မှုများ၊ ပံ့ပိုးမှုများလည်း ၎င်းခေတ်မှာ အင်မတန်မှ နည်းပါးသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ယခုအခါ ၎င်းတို့၏ဘဝသည် သက်တမ်းအရ အလွန် အင်မတန်မှ နီးကပ်နေသည့်အချိန် ဖြစ်ပါကြောင်း၊ ယင်းပင်စင်စား သက်ကြီးရွယ်အိုများကို ပြည်သူများမှ အသိအမှတ်ပြု တန်ဖိုးထားရာလည်းရောက်၊ ကာယကံရှင်အနေဖြင့် မိမိလုပ်အား တန်ဖိုးနှင့် ကောင်းမှုကုသိုလ်ပြုနိုင်အောင်၊ ဆေးဝါးကုသမှု လိုအပ်သကဲ့သို့ အသုံးပြုနိုင်ရာ ရောက်သည့်အတွက် နိုင်ငံတော်အစိုးရကနေပြီး အသက် ၈၀ နှင့်အထက် ပင်စင်စားကြီးများကို အစီအစဉ်များ ရေးဆွဲပြီး ပင်စင်ကိုအပြီးခံစားခွင့် ပြုပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းရခြင်း ဖြစ်ပါသည်။
ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင် အပိုင်းနှစ်ပိုင်းပါရှိပါကြောင်း၊ တစ်ပိုင်းက ရာထူးအဆင့်အလိုက် ပင်စင်ခံစားခွင့် ညီမျှမှုရှိစေရန်ကိစ္စနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံ့တာဝန် ထမ်းဆောင်မှုကို လေးစားအသိအမှတ်ပြုသော အားဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ စားဝတ်နေရေး အထိုက်အလျောက် ချောင်လည်စေရန်အတွက်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပင်စင်စားဝန်ထမ်းများအကြား ရာထူးအဆင့်အလိုက် ညီတူညီမျှခံစားခွင့် ရရှိစေရန်အတွက်လည်းကောင်း အဘက်ဘက်က သုံးသပ်ပြီး ဧပြီလ ၁-၄-၂၀၁၈ ရက်နေ့မတိုင်ခင် အငြိမ်းစားလစာ ခံစားလျက်ရှိသည့် ပင်စင်စားများ၏ ပင်စင်ခံစားခွင့်ကို လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့် ပင်စင်ခံစားခွင့်အတိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ပင်စင်လစာမှစ၍ တိုးမြှင့်ခံစားခွင့်ပြုရန် သဘောတူ အတည်ပြုခဲ့ပါကြောင်း၊ ထိုအတည်ပြုချက်အရ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၁၉-၁၂-၂၀၁၈ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် (၁၀၁/၂၀၁၈) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ယခုအခါ ပင်စင်စား ဝန်ထမ်းများအကြား ရာထူးအဆင့်အလိုက် ပင်စင်ခံစားခွင့်များ ညီမျှသွားပြီ ဖြစ်ပါကြောင်း၊
ပင်စင်အပြီး ခံစားခွင့်နှင့်ပတ်သက်၍ ၁၉၃၇ ခုနှစ်တွင် ပြဋ္ဌာန်းထားခဲ့သည့် မြန်မာနိုင်ငံမြို့ပြ ပင်စင်လဲလှယ်ခြင်းဆိုင်ရာ နည်းဥပဒေ ၂ (၂) တွင် ဝန်ထမ်းမှ တစ်လုံးတည်းပင်စင် လဲလှယ်ခွင့် လျှောက်ထားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ၎င်း၏ပင်စင် သို့မဟုတ် မျှော်မှန်းပင်စင်၏ တစ်ဝက်ထက်မပိုသည့် ပမာဏကို တစ်လုံးတည်းလဲလှယ်ခွင့် ပြုပေးနိုင်သည်ဟု ပြဋ္ဌာန်း ထားပါကြောင်း၊ အဆိုပါ ပြဋ္ဌာန်းချက်နှင့်အညီ ၁၉၇၃ ခုနှစ်က တစ်လုံးတည်းပင်စင် လဲလှယ်ခွင့်ကို အများဆုံး ကျပ် ၅၀ အထိသာ လဲလှယ်ခွင့်ရှိကြောင်း သတ်မှတ်ခဲ့ပါသည်။ ထိုအချိန်က ပျမ်းမျှပင်စင် လစာကို တွက်ကြည့်လျှင် ကျပ် ၂၀၀ ခန့်ရှိပါကြောင်း၊ ၎င်းကာလတွင် တစ်လုံးတည်းလဲလှယ်သူများ ရှိခဲ့သော်လည်း ၂၀၀၀ ခုနှစ် နောက်ပိုင်းကစပြီး အငြိမ်းစားလစာနှုန်းများကို တဖြည်းဖြည်းနှင့် တိုးမြှင့်ပေးခဲ့သော်လည်း တစ်လုံးတည်းလဲလှယ်ခွင့် ကျပ် ၅၀ ကို တိုးမြှင့်ပြင်ဆင် သတ်မှတ် ပေးနိုင်ခဲ့ခြင်း မရှိသည့်အတွက်ကြောင့် ယခုအခါ တစ်လုံးတည်းလဲလှယ်မှုများလည်း မရှိသည့် အနေအထား ဖြစ်ပါကြောင်း၊ တစ်လုံးတစ်ခဲတည်း ပင်စင်ခံစားခွင့်နှင့် စပ်လျဉ်းပြီး ၁၉၃၇ ခုနှစ်၊ မြန်မာနိုင်ငံမြို့ပြပင်စင် လဲလှယ်ခြင်းဆိုင်ရာ နည်းဥပဒေ ၂ (၃) တွင် ပင်စင်စားသည် အသက် ၈၀ နှစ် ကျော်လွန်ပြီးပါက တစ်လုံးတည်းပင်စင်လဲလှယ်ခွင့် မရှိပါဟုလည်း ပြဋ္ဌာန်းထားပါကြောင်း၊
လက်ရှိအခြေအနေတွင် အသက် ၆၀ နှင့် ၈၀ နှစ်ကြားရှိသည့် အငြိမ်းစားဦးရေ စုစုပေါင်း ၅၃၃၈၉၂ ဦး ရှိပါကြောင်း၊ လက်ရှိ ပင်စင်လစာနှုန်းထားများအရ အနိမ့်ဆုံးပင်စင်ရရှိသူသည် ကျပ် ၇၅၆၀၀ ခန့်ရှိပြီး အမြင့်ဆုံး ပင်စင်ရရှိသူသည် ကျပ် ၂၈၈၇၅၀ အထိ ဖြစသည်ကို တွေ့ရှိရပါကြောင်း၊ အကယ်၍ တစ်လုံးတည်းပင်စင် လဲလှယ်ခွင့်ကို ကျပ် ၁၀၀၀၀ အထိ သတ်မှတ်ပြီး ခွင့်ပြုခဲ့မည်ဆိုလျှင် အငြိမ်းစားဘက်က ကျပ် ၁၂ သိန်းခန့်အထိ ရရှိနိုင်မှာဖြစ်ပြီးတော့ အနိမ့်ဆုံးဝန်ထမ်း အငြိမ်းစားသည် ဆက်လက်ပြီးကျပ် ၆၅၀၀၀ ခန့်ကို လစဉ်ပင်စင်အဖြစ် ပုံမှန်ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ယခုလို ကျပ် ၁၀၀၀၀ သတ်မှတ်ပြီး ပေးမည်ဆိုလျှင် နိုင်ငံတော်ဘက်က ကျပ် ဘီလီယံ ၆၀၀ ခန့်ကို သုံးစွဲကုန်ကျမည် ဖြစ်ပါကြောင်း၊ အလားတူ ကျပ် ၂၀၀၀၀ ဟု သတ်မှတ်ခဲ့လျှင်လည်း အငြိမ်းစားက ကျပ် ၂၄ သိန်းခန့် ရနိုင်ပြီး နိုင်ငံတော်က ကျပ် ဘီလီယံ ၁၀၈၈ ခန့် ကုန်ကျမည် ဖြစ်ပါကြောင်း၊
နိုင်ငံတော်၏ လက်ရှိပင်စင်စနစ်သည် နိုင်ငံတော်ကသာ အလုံးစုံတာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိသည့်စနစ်ဖြစ်ပြီး ဘဏ္ဍာရေးနှစ်အလိုက် ကျခံသုံးစွဲရသည့် ပင်စင်နှင့်ဆုကြေး အသုံးစရိတ် အခြေအနေက ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ၁၈၁ ဘီလီယံကျော်၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ၂၆၁ ဘီလီယံကျော်၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ၃၅၆ ဘီလီယံကျော်၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာ ၄၂၈ ဘီလီယံကျော်နှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ၆၃၃ ဘီလီယံ၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ၆၈၃ ဘီလီယံ၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ၇၀၉ ဘီလီယံ၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ၈၁၇ ဘီလီယံကျော် ဖြစ်ပါကြောင်း၊ ၎င်းသည် ယခုနောက်ဆုံးတိုးပေးခဲ့သည့် ပင်စင်လစာများ မပါသေးပါကြောင်း၊ နောက်ဆုံးတိုးပေးခဲ့သည့် ပင်စင်လစာများကို နှစ်စဉ်ကျပ် ၂၃၁ ဘီလီယံခန့် ပိုမိုပြီး သုံးစွဲရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လာမည့်နှစ်များတွင် မိမိတို့၏ ပင်စင်အသုံးစရိတ်သည် ကျပ် ဘီလီယံ ၁၀၀၀ ကျော်တွင် ရှိနေပါကြောင်း၊ အဆိုပါသုံးစွဲမှုများမှာ လစဉ်ဝန်ထမ်း ပင်စင်လစာများအပါအဝင် ဝန်ထမ်းများအငြိမ်းစား ယူသည့်အခါ ၎င်း၏တာဝန် ထမ်းဆောင်းခဲ့သော လုပ်သက်ကာလအရ တွက်ချက်ခံစားခွင့်ပြုသည့် လုပ်သက်ဆုကြေးလည်း အပါအဝင်ဖြစ်ပါကြောင်း၊ လက်ရှိလစာ နှုန်းထားနှင့် သက်ပြည့်ပင်စင်ယူမည့် သူတစ်ဦးသည် လုပ်သက်ဆုကြေးအဖြစ်နှင့် လုပ်သက် ၄၂ နှစ် ရှိမည်ဆိုလျှင် လုပ်သက် ၄၂ နှစ်ရှိသည့် အနိမ့်ဆုံးအဆင့် ဝန်ထမ်းဆိုလျှင်ကျပ် ၃၂၃၄၀၀၀ ရရှိနိုင်ပြီး လုပ်သက် ၄၂ နှစ်ရှိ အမြင့်ဆုံးအဆင့်၊ ညွှန်ကြားရေးမှူးချုပ်အဆင့် ဝန်ထမ်းဆိုလျှင် လုပ်သက်ဆုကြေးအဖြစ် ကျပ် ၁၁၅၅၀၀၀၀ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ၎င်းကိုလည်း နိုင်ငံတော်မှ ပင်စင်လစာပုံမှန် ပေးခြင်းနှင့်အတူ တစ်လုံးတည်းရရှိအောင် စီစဉ်ပေးထားသည့် အခြေအနေဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ပင်စင်စားများကို တစ်လုံးတည်းပင်စင် လဲလှယ်ခွင့်ပြုရန် ကိစ္စမှာ နိုင်ငံတော်၏ဘဏ္ဍာရေး အခြေအနေအရ ရေရှည်ခံနိုင်စွမ်းအားကို သုံးသပ်ချိန်ဆရန် လိုအပ်ပါကြောင်း၊ ပင်စင်စား၏ ရေရှည်ပုံမှန်ဘဝ ရပ်တည်နိုင်မှုကိုလည်း ထိခိုက်နိုင်မည့် အခြေအနေကိုလည်း သုံးသပ်ရန် လိုအပ်ပါကြောင်း၊ ပင်စင်လစာတိုးမြှင့်ပေးသည့် အချိန်ဆိုလျှင် ၎င်းလှယ်ခဲ့သည့် ပင်စင်စား အနေဖြင့် ထိုသူ၏ခံစားခွင့်များ နစ်နာသွားနိုင်ပါကြောင်း၊ နိုင်ငံတော်အစိုးရဘက်ကလည်း နှစ်စဉ် အသုံးစရိတ်များ ခွဲဝေသုံးစွဲသည့်နေရာတွင် လူမှုရေးအသုံးစရိတ်များနှင့် ဖွံ့ဖြိုးရေးအသုံးစရိတ်များကို ချိန်ဆဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပုံမှန်ပင်စင်လစာ ထုတ်ယူနိုင်သည့် လက်ရှိ စနစ်သည် နိုင်ငံတော်အတွက် ငွေကြေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး အစိုးရ၏ဖွံ့ဖြိုးရေး အသုံးစရိတ်များ သုံးစွဲနိုင်မှုကိုလည်း ပိုမိုအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ကြီးရွယ်အို ပင်စင်စားများကို စနစ်တကျတွက်ချက်ပြီး ၎င်းတို့၏ဆန္ဒအရ ပင်စင်အပြီး ခံစားခွင့်ရှိစေရန် အစီအစဉ်ကို လောလောဆယ် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဒေါ်ချိုချိုဝင်း (မော်လိုက်မဲဆန္ဒနယ်) ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့က တိုင်းပြည်၏ဘဏ္ဍာငွေကြေး အခြေအနေကို နားလည်ပါကြောင်း၊ သို့သော် ယခုထပ်ဆင့်ပြီး မိမိက သက်ကြီးရွယ်အိုဆိုသည့် နေရာတွင် အသက် ၈၀ နှင့်အထက်ပါ အသက် ၈၀ နှင့် ၉၀ အကြား၊ အသက် ၉၀ နှင့် ၁၀၀ အကြား၊ အသက် ၁၀၀ နှင့်အထက် ပင်စင်စားဆိုလျှင် အင်မတန်မှ နည်းမည်ဟု ထင်ပါကြောင်း၊ မိမိမေးခွန်းတွင် ပါသည့်အပိုင်းက အသက် ၈၀ နှင့် အထက်ကို တစ်ပြိုင်တည်း မဟုတ်လျှင် အသက် ၁၀၀ အထက် ပင်စင်စားဦးရေ မည်မျှခန့်ရှိမည်နည်းနှင့် နောက် အသက် ၉၀ နှင့် ၁၀၀ အကြား မည်မျှခန့်ရှိမည်နည်းကို တွက်ချက်ပြီးမှ ၎င်းတို့အတွက် အစီအစဉ်ပေးနိုင်ခြင်း၊ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
မိမိတို့တင်ပြခဲ့သည့် ၁၉၃၇ ခုနှစ်၊ မြန်မာနိုင်ငံမြို့ပြ ပင်စင်လဲလှယ်ခြင်းဆိုင်ရာ နည်းဥပဒေများသည် လက်ရှိပင်စင် ပေးသည့်နေရာတွင်လည်း တည်ဆဲဥပဒေများ ဖြစ်ပါကြောင်း၊ ၎င်းမှာ ပင်စင်စားသည် အသက် ၈၀ နှစ် ကျော်လွန်ပြီးပါက တစ်လုံးတည်းပင်စင် လဲလှယ်ခွင့်မရှိပါဟု ပြဋ္ဌာန်းထားချက်နှင့် အညီ ဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း၊ အသက် ၈၀ နှစ်ကျော်သည့် သူများကို ပေးမည်ဆိုလျှင် ဥပဒေများကို လိုအပ်သည့် ပြင်ဆင်မှုများကို လုပ်ပြီးမှသာ ပေးနိုင်မည်ဖြစ်ပါကြောင်း၊ နောက်တစ်ခုက လည်း အသက်အပိုင်းအခြားလိုက် ခံစားသည့်နေရာတွင် မိမိတို့ပင်စင်စနစ်အရ အသက်ထက်ဆုံး ပေးခြင်းဖြစ်သည့်အတွက်ကြောင့် ပင်စင်စားကွယ်လွန်သည့် အချိန်အထိ လစဉ်ပင်စင် ခံစားခွင့်ရှိခြင်း ဖြစ်ပါကြောင်း၊ အကယ်၍ တစ်လုံးတည်း ပေးခဲ့မည်ဆိုလျှင် တစ်လုံးတည်းပေးသည့်အချိန် နောက်ပိုင်းကို ၎င်း၏လစဉ်ပင်စင် ခံစားခွင့်များက လျော့နည်းသွားမည် ဖြစ်ပါကြောင်း၊ လျော့နည်း သွားခြင်းဖြစ်သည့်အတွက်ကြောင့် ရေရှည်ဘဝရပ်တည်မှုမှာ ပြီးခဲ့သည့် တစ်လုံးတည်း ယူခဲ့အချိန်တွင် ရှိသည့် ပင်စင်စားများ၏ အနေအထားကို ပြန်ကြည့်သည့်အခါ လဲသည့်သူများအနေဖြင့် မလဲသည့် သူများထက်စာလျှင် ရသည့်အချိန်မှာ အဆင်ပြေသကဲ့သို့ နောက်ပိုင်းပုံမှန်ပင်စင် ခံစားခွင့် လျော့သွားသည့် အတွက်ကြောင့်၊ နောက်တစ်ခါ ပင်စင်တိုးရလျှင် ၎င်းမှာ မရရှိသည့် အတွက်ကြောင့် ပိုပြီးထိခိုက်သည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းတို့ကို အဘက်ဘက်က သုံးသပ်ပြီးမှသာ ဆောင်ရွက် သင့်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
