မိမိတို့ သန်လျင်မြို့ရှိ သမဝါယမတက္ကသိုလ်သည် အရင်တုန်းက သမဝါယမကောလိပ်အနေဖြင့် စခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ကျောင်းသားများက ဤကျောင်းအပေါ်တွင် စိတ်ဝင်စားမှု ပိုမိုများပြားလာသောကြောင့် သမဝါယမတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပြီး သင်ကြားနေခြင်း ဖြစ်ပါကြောင်း၊ သမဝါယမတက္ကသိုလ်က ကျောင်းဆင်းသော ကျောင်းသားများမှ ၈၀ ရာခိုင်နှုန်းခန့်မှာ အလုပ်အကိုင်အခွင့်အလမ်း ရသည်ကိုလည်း တွေ့ရပါကြောင်း၊ ထို့ပြင် စတင်တည်ဆောက်စဉ် ကာလနှင့် မတူဘဲ ယခုဆိုလျှင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ ကျောင်းသားများက ကျောင်းပြီးသည့်အခါ ဘွဲ့နှင်းသဘင်ခန်းမ မရှိသည့်အတွက်ကြောင့် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကိုသွား၍ ဘွဲ့ယူကြရပါကြောင်း၊ သို့သော်လည်း ၂၀၁၅-၂၀၁၆ ခုနှစ်ခန့်မှစ၍ တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမတစ်ခု တည်ဆောက်ပါကြောင်း၊ သို့သော်လည်း ယင်းကာလမှ ယနေ့အချိန်အထိ သမဝါယမ ဒီဂရီကောလိပ်တွင်ရှိနေသည့် ဘွဲ့နှင်းသဘင်ခန်းမ မပြီးပါကြောင်း၊ အဘယ်ကြောင့် မပြီးသည်ကို ဆရာမတို့ကို မေးမြန်းရာ ဘတ်ဂျက်ချထားမှုနည်းတာရယ်၊ ဘွဲ့နှင်းသဘင်ခန်းမအဖြစ် မသုံးဘဲ ဒီလောက်ကောင်းသည့် အဆောက်အဦကြီးကို ဘက်စုံခန်းမအဖြစ် ပြောင်းလဲပြီးတင်ပါဟု ပြောသည် ဆိုသည်ကိုလည်း မိမိကြားသိရပါကြောင်း၊ မိမိသွားကြည့်သည့်အခါ အဆိုပါခန်းမကြီးက Structure ပိုင်း တော်တော်ပြီးနေပြီ ဖြစ်သော်လည်း အတွင်းမှာရှိသည့် Decoration ပိုင်းများကို ဆင်ရန်အတွက် ဆင်ထားသည့်ငြမ်းများမှာ လေးနှစ်တာကာလအတွင်းကို ရောက်သည့်အခါ ငြမ်းများ၏ ကြံ့ခိုင်မှုကလည်း မေးခွန်းထုတ်စရာ အခြေအနေကို ရောက်နေပြီဆိုသည်ကို တွေ့ရပါကြောင်း၊ တချို့အခန်းများက ပါကေးခင်းပြီးသားများ၊ မိမိသွားကြည့်ရာ အဆိုပါပါကေးများအားလုံးက ဆွေးမြည့်ပြီးလန်နေပြီဖြစ်သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် အဆိုပါခန်းမကို ပြီးစီးအောင်သာ လုပ်လိုက်မည်ဆိုပါက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများ ဤဘက်စုံခန်းမကိုရွှေ့လျှင် အခြားတစ်ဘက်မှာရှိသည့် ပင်မဆောင်များက သင်ကြားရေးအတွက်လည်း အခန်းများပိုပြီး ထွက်လာမည်ကိုလည်း မိမိတို့ တွေ့ရပါကြောင်း၊ ထို့ပြင် အဆိုပါဘွဲ့နှင်းသဘင်နှင့်ပတ်သက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့်ပြီး တောင်းတုန်းကလည်း ၃၆ သန်းသာပါပါကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဆရာဦးရန်လင်းက ဤ ၃၆ သန်းမှာ ထိရောက်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ၃၆ သန်းကို ဖြတ်တောက်ပြီး လာမည့်ဘတ်ဂျက်နှစ်တွင် ဒါကိုအသုံးပြုလို့ရအောင်၊ ပြီးစီးအောင် ဘတ်ဂျက် တင်ပေးရန်ဟု ၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှာလည်း ဖြတ်ခဲ့ပါကြောင်း၊ ထို့ကြောင့် ဘက်စုံခန်းမအဖြစ် ပြုပြင် ပြောင်းလဲပြီး အမြန်ဆောင်ရွက်မှသာလျှင် ပျက်စီးယိုယွင်းနေသည်များကိုလည်း ထိန်းသိမ်းမည်၊ အသုံးပြုမှုလည်း ရမည်ဖြစ်သောကြောင့် ဤဘက်စုံခန်းမကြီးကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေထည့်သွင်းပြီး ပြီးစီးအောင်ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
သမဝါယမတက္ကသိုလ် သန်လျင်ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၁၃၀၈.၀၁၅ သန်းနှင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းတစ်ခုလုံး၏ ၂၄ ရာခိုင်နှုန်းပြီးစီးနေသည့် အခြေအနေ ဖြစ်ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၁၀၁ သန်းကျော်နှင့် လုပ်ငန်းတစ်ခုလုံး၏ ၃၈ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၄၂.၆၆၅ သန်းဖြင့် လုပ်ငန်းတစ်ခုလုံး၏ ဝ.၇၆ ရာခိုင်နှုန်း၊ နှစ်အလိုက်ရန်ပုံငွေခွင့်ပြုမှုနှင့်အညီ ဆောင်ရွက်ခဲ့ရာတွင် လုပ်ငန်းတစ်ခုလုံး၏ အနေအထားအားဖြင့် စုစုပေါင်း ၆၃ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသည့် အခြေအနေဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ လုပ်ငန်းပြီးစီးရန် လိုအပ်သောပမာဏငွေ ကျပ် ၂၀၇၄.၇၉၆ သန်းကို တောင်းခံသော်လည်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေ ဘောင်သတ်မှတ်ချက်အရ ငွေကျပ် ၁၇၁၂.၅၀၄ သန်းလျှော့ချပြီး ကျန်ငွေ ၃၆၂.၂၉၂ သန်းကို ပြင်ဆင်တောင်းခံမှုရှိပါကြောင်း၊ ယင်းပြင်ဆင်တောင်းခံသည့် ရန်ပုံငွေနှင့် လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်နိုင်မှာမဟုတ်သည့်အတွက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ စိစစ်ဖြတ်တောက်ခဲ့ ပါကြောင်း၊
ယခုအခါ ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ခြင်းထက် တက္ကသိုလ်အတွက် အသုံးပြုနိုင်မှ ပိုမိုအဆင်ပြေနိုင်မှာဖြစ်သည့် ဘက်စုံသုံးခန်းမအဖြစ် ပြောင်းလဲတည်ဆောက်သွားရန် ဖြစ်ပါကြောင်း၊ တွက်ချက်မှုအရ လိုအပ်ငွေမှာ ကျပ်သန်း ၂၁၃၉.၆၈ သန်းဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ RE တောင်းခံချိန်မှာ အဆိုပါကာလ၌ စတင်ဆောင်ရွက်ရန်လိုအပ်မည့် ငွေကျပ် ၉၃၇.၃၈ သန်းကို တောင်းခံခဲ့သော်လည်း ဖြည့်စွက်ရန်ပုံငွေ ခွင့်ပြုနိုင်မှု အကန့်အသတ်ရှိသည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်း BE မှာ လိုအပ်ချက်ကို တင်ပြတောင်းခံနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ ဘက်စုံသုံးခန်းမ တည်ဆောက်ရန် အသုံးပြုမည့် ငွေကျပ်သန်း ၂၁၃၉.၆၈၀ အနက်မှ ငွေကျပ်သန်း ၁၂၀၂.၃ သန်းကို ယခုလာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မူလငွေလုံးငွေရင်း အသုံးစရိတ် ခန့်မှန်းခြေငွေစာရင်း BE တွင် တင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းများအပြီးသတ် ဆောင်ရွက်နိုင်ရန်အတွက် ကျန်ရှိသည့် ရန်ပုံငွေကျပ် ၉၃၇.၃၈ သန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်တောင်းခံပြီး လုပ်ငန်းများပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးလွင်ကိုလတ် (သန်လျင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် Timeline Implementation ဟုခေါ်သည့် သတ်မှတ် အချိန်အတွင်းတွင် ပြီးစီးအောင် အကောင်အထည်ဖော်ရမည် ဆိုသည်များ ရှိပါကြောင်း၊ ထိုသို့မဟုတ်ဘဲ ပိုပြီးကြန့်ကြာလေလေ အဆောက်အဦများ၏ ကြံ့ခိုင်မှုနှင့်အရည်အသွေးများမှာ ပို၍ထိခိုက်လေလေပင် ဖြစ်ပါကြောင်း၊ ယခုလည်း ကျန်သောဘတ်ဂျက်ငွေ နှစ်ဘီလီယံကျော်ကျော်ကို နှစ်ပိုင်းခွဲပြီး တင်နေတာမျိုးနှင့် လုပ်မည့်အစား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျန်သည့်နှစ်ဘီလီယံကျော်ကို တစ်လုံးတည်းတစ်ရင်းတည်း တင်၍မရနိုင်ဘူးလား၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးကော်မရှင်ဘက်က မဖြတ်တောက်ခင် ဌာနဘက်က ထိုသို့ နှစ်နှစ်ခွဲတင်နေပြီဆိုလျှင် ဤအဆောက်အဦမှာ နောက်ထပ်နှစ်နှစ်ခန့် ထပ်ကြာမည်ဆိုပါက တည်ဆောက်သည့်ကာလမှာ ခြောက်နှစ်ကျော်ကျော် ဖြစ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ထဲတွင် အပြီးအစီးလုပ်နိုင်မည့် နှစ်ဘီလီကျော်ကျော်ကို တစ်ပါတည်းတောင်းယူနိုင်ခြင်း၊ တင်ပြနိုင်ခြင်းရှိ/မရှိ ဆက်စပ်မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေခွဲဝေဆောင်ရွက်သည့်အခါ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကနဦးသတ်မှတ်ပေးသော ဘတ်ဂျက်ဘောင်စဉ်အောက်တွင် လုပ်ငန်းဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း၊ ပစ္စည်းဝယ်ယူရေးလုပ်ငန်း စသဖြင့် အရေးကြီးသော Parity ပေါ်တွင်မူတည်၍ ဘဏ္ဍာရန်ပုံငွေ ခွဲဝေလျာထား ဆောင်ရွက်မှုရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသကဲ့သို့ နှစ်ချင်းပြီးဆောင်ရွက်သွားရန်မှာ သင့်သည်ဟု ဆိုငြားသော်လည်း ဘဏ္ဍာရန်ပုံငွေအရ တစ်ဖက်မှာပုံပြီး ပေးလိုက်မည်ဆိုပါက အခြားတစ်ဖက်မှာ လျော့ပါးသွားမည့် အနေအထားမျိုးလည်း ရှိသည့်အလျောက် နောက်လုပ်ငန်း၏ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်ကာလနှင့် လုပ်ငန်းပြီးစီးနိုင်မည့် အခြေအနေပေါ် ချင့်ချိန်ပြီးမှ နှစ်နှစ်ခွဲခြမ်းပြီး ရန်ပုံငွေကို တင်ပြတောင်းခံဆောင်ရွက်သွားမည့် အခြေအနေဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
