(က)-မင်းလှမြို့နေ ပြည်သူများသောက်သုံးရေ လုံလောက်စွာရရှိရန်အတွက် မြစ်ရေတင်ဖြန့်ဖြူးရေးလုပ်ငန်း တစ်ခု ထပ်မံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၁. ၅. ၂၀၁၉)

 

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်သည် မြို့ပေါ်(၆)ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီး အိမ်ခြေပေါင်း ၂၇၀၀ ရှိပြီး လူဦးရေ ၁၁၁၄၀ ဦးရှိပါကြောင်း၊ ဧရာဝတီမြစ်ကမ်းနဘေးတွင် တည်ရှိသည့်မြို့ဖြစ်ပြီး ရေနံ၊ ကျောက်မီးသွေး၊ ကျောက်စလစ်စသည့် သယံဇာတများ ပေါကြွယ်ဝသည့်မြို့လည်း ဖြစ်ပါကြောင်း၊

ပြည်သူများ သောက်သုံးရေ ပေးဝေရေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက် ရှိသော်လည်း အိမ်သွယ်ရေတိုင်ရေငုတ်ပေးနိုင်မှုမှာ ရေတိုင်ပေါင်း ၈၄၁ တိုင်နှင့် အများသုံးရေတိုင် ၄၇ တိုင်သာ ရေဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း၊ အိမ်ခြေ ၂၇၀၀ အား လွှမ်းခြုံမှုမရှိသည်ကို တွေ့ရပါကြောင်း၊ တစ်မြို့လုံးကို ရေဖြန့်ဝေပေးရန် မြစ်ထဲမှတွန်းတင်သည့် Pontoon စက်ရုံတည်ဆောက်ထားရှိပါကြောင်း၊ မြစ်ထဲမှ ရေများကိုတွန်းတင်ရာတွင် ပင်မရေသိုလှောင်ကန်ကို မရောက်ခင်မှာ ထပ်ဆင့်တွန်း ရေလှောင်ကန်ဖြင့် တစ်ဆင့်ထပ်တွန်းနေရသည့် စက်ရုံဖြစ်ပါကြောင်း၊ ပင်မရေလှောင်ကန်မှ ပြည်သူများကို ရေဖြန့်ဝေပေးလိုက်သည့်အခါ ငါးဂါလံပုံးတစ်ပုံးရရှိရန် တန်းစီစောင့်နေရသည့် အနေအထားမျိုး ဖြစ်ပါကြောင်း၊

သောက်သုံးရေပေးဝေရေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ပြီး မြို့ပေါ်ကို ရေလွှမ်းခြုံမှု မရှိခြင်းကြောင့် မြို့ပေါ်ရပ်ကွက်(၆) ရပ်ကွက်မှာ တစ်ရက်ခြားစီ အလှည့်ကျဖြင့် ဖြန့်ဝေနေရပါကြောင်း၊ ဖြန့်ဝေပေးသည့် အချိန်နာရီကလည်း တစ်နာရီ၊ တစ်နာရီခွဲခန့်သာ ပေးဝေနိုင်ပါကြောင်း၊ သွယ်တန်းထားသည့် ရေပိုက်များ၊ သွယ်တန်းမှုစနစ်များ၊ ရေလှောင်ကန်များမှာ ၁၉၇၂ ခုနှစ် ၁၉၇၃ ခုနှစ်ပတ်ဝန်းကျင်လောက်က တည်ဆောက်ခဲ့သည့် သံပိုက်များ၊ ရေသွယ်စနစ်များဖြစ်သောကြောင့် မြို့ပေါ်ရပ်ကွက်အားလုံးကို လွှမ်းခြုံမှုမရှိပါကြောင်း၊ ရေလိုအပ်ချက်မှာ တစ်နေ့လျှင် ရေဂါလံပေါင်း ၂၉၇၀၀၀ လိုအပ်မည်ဖြစ်ပြီး ဖြန့်ဝေပေးနိုင်မှုမှာ  ၂၂၈၆၀၀ ဂါလံသာ ရရှိပါကြောင်း၊

သောက်သုံးရေဖူလုံလျှင် ပြည်သူအများ ကျန်းမာရေးကောင်းမွန် တိုးတက်လာနိုင်သကဲ့သို့ ပြည်သူ့လုပ်အားများလည်း တိုးတက်လာမည်ဖြစ်ပြီး ကျန်းမာရေးကုန်ကျစရိတ်လည်း လျော့ကျသွားမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင်‌့ စည်ပင်သာယာရေးအမှုဆောင်အရာရှိ၊ စည်ပင်ဥက္ကဋ္ဌများနှင်‌့အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်မိရပ်ဖများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့် တိုင်ပင်ညှိနှိုင်းဆွေးနွေးခဲ့ရာ နောက်ထပ်မြစ်ရေတင် တစ်ခု ရေလှောင်ကန်များ၊ သွယ်တန်းမှုများ တိုးချဲ့ဆောင်ရွက်မှသာလျှင် သောက်သုံးရေလွှမ်းခြုံမှု ရရှိနိုင်ကြောင်း တင်ပြလာပါကြောင်း၊ ခန့်မှန်းခြေ သိန်း ၂၀၀၀ ခန့်ကုန်ကျမည်ဟု စည်ပင်အင်ဂျင်နီယာ တွက်ချက်မှုအရ သိရှိရပါကြောင်း၊ မြို့တော်စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်းလည်း တင်ပြလာပါကြောင်း၊           မိမိတင်ပြခဲ့သလို ဧရာဝတီမြစ်ကမ်း နဘေးမှာ တည်ရှိနေသောမြို့၊ သယံဇာတပေါကြွယ်ဝသောမြို့၊ ပြည်သူများသောက်သုံးရေ မလုံမလောက် အခက်အခဲဖြစ်နေရခြင်းမှာ လုံးဝမဖြစ်သင်‌့ပါကြောင်း၊ မိမိတို့မြို့မှာ တိုင်းဒေသကြီးရန်ပုံငွေနှင့် ၂၅ မြို့နယ်တွင် နိုင်ငံတော်အခွန်ဘဏ္ဍာအများဆုံး ဦးဆောင်ထားသည့်မြို့လည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများသောက်သုံးရေ လုံလောက်မှုရှိစေရန် တိုးချဲ့မြစ်ရေတင်ဖြန့်ဖြူးရေး တစ်ခုဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့သည် မြို့ပေါ် ရပ်ကွက် (၆)ရပ်ကွက်၊ အိမ်ခြေ ၂၇၀၀၊ လူဦးရေ ၁၁၁၄၀ ဝန်းကျင် နေထိုင်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအတွက် သောက်သုံးရေကို မူလမန်းသံပုရာကန် ရေနံချက်စက်ရုံမှ ပေးဝေခဲ့ပါကြောင်း၊  နောက်ပိုင်းရေလုံလောက်မှု မရှိသည့်အတွက် မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှအဖွဲ့ပိုင် မြစ်ရေတင်မြို့ရေပေးရေး လုပ်ငန်းကို ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်ထိ ဆောင်ရွက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်ကို အိမ်သွယ်ရေတိုင် (၈၄၁) တိုင်၊ အများသုံးရေတိုင် (၄၇) တိုင်ဖြင့် သောက်သုံးရေ ဖြန့်ဝေပေးခဲ့ပြီး ရပ်ကွက်နေ ပြည်သူများအနေဖြင့်လည်း မိမိအစီအစဉ်နှင်‌့ ပုဂ္ဂလိကစက်ရေတွင်း ၆၈၄ တွင်း၏ တွင်းရေနှင့်သုံးစွဲခဲ့ရာတွင် မြို့ပေါ် ရေပေးဝေရေးသည် လွှမ်းခြုံမှုအားဖြင့် ၇၇ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်အရ မြို့၏ဖွံ့ဖြိုးတိုးတက်မှုနှင်‌့ မြို့ပြင်ရပ်ကွက်များ တိုးချဲ့လာမှု တိုးချဲ့အိမ်ခြေများနှင့် မြို့နေပြည်သူများး ရာနှုန်းပြည့်သောက်သုံးရေ  လွှမ်းခြုံနိုင်စေရန်အတွက် မြို့ရေပေးရေးလုပ်ငန်းတစ်ခု ထပ်မံတိုးချဲ့ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကုန်ကျငွေ ခန့်မှန်းခြေစာရင်းတွက်ချက်ရာ ကျပ်သန်း ၂၀၀ ခန့်ကုန်ကျမည် ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းသည် မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ စီမံခန်ခွဲ့မှုနှင်‌့ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည့်အလျှောက် မင်းလှမြို့အနေဖြင့် စည်ပင်သာယာရေးအဖွဲ့သည် ဖွဲ့စည်းပုံ (ဃ) အဆင်‌့သာရှိပြီး ဘတ်ဂျက်ဝင်ငွေ နည်းပါသည့် မြို့တစ်မြို့ဖြစ်ကြောင်း ဖြေကြားထားမှုရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေအနေအထားအရ မြို့ပြရေပေးရေးလုပ်ငန်း မွမ်းမံအတွက် ကျပ် ဝ.၃၅ သန်းလျာထားကြောင်း သိရှိရပါကြောင်း၊ တိုးချဲ့မြို့ရေပေးရေး ဆောင်ရွက်ရန်အတွက် အဖွဲ့ရန်ပုံငွေ လုံလောက်မှုမရှိသည့် အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်းလည်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လက်ရှိဘဏ္ဍာရေးအခြေအနေအရ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။