ရွေးကောက်ပွဲစနစ်များ၊ ရွေးကောက်ပွဲဆိုင်ရာဗဟုသုတများကို စာသင်ကျောင်းများတွင် သင်ကြားပေး ခြင်း၊ ကျောင်းတွင်းရွေးကောက်ပွဲများမှ တစ်ဆင့် ရွေးကောက်ပွဲအလေ့အထများကို ကျောင်းသား၊ ကျောင်းသူလူငယ်များ ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာ့ဒီမိုကရေစီအရေးအတွက် ကျန်းမာသန်စွမ်းသည့် ဒီမိုကရေစီနိုင်ငံတစ်ခုကို ထူထောင်ရန်ဆိုသည်မှာ ဒီမိုကရေစီ၏ ကျင့်စဉ်နှင့် လုပ်ထုံးလုပ်နည်း များကို လူတိုင်းလိုက်နာရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့က ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်းတစ်ခုကို ထူထောင်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံလို ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံတစ်ခုအနေဖြင့် မဲပေးမည့်သူများကို ပညာပေးရေးလုပ်ငန်းစဉ်များ အရမ်းအရေးကြီးသကဲ့သို့ ဒီမိုကရေစီအဟောင်းအတွက်ရော၊ ဒီမိုကရေစီနိုင်ငံ အသစ်များအတွက်ပါ ဒီမိုကရေစီခိုင်မာ အားကောင်းရန်အတွက် ကျောင်းသားလူငယ်များကို ပညာပေးရန် လိုအပ်လှပါကြောင်း၊ ထို့ကြောင့် ကျောင်းသားလူငယ်များကို ပညာပေးသည့်အခါ နှစ်နည်းဖြင့် ပညာပေးနိုင်ပါကြောင်း၊ တစ်နည်းက Concerned ပိုင်းဆိုင်ရာ၊ သီအိုရီပိုင်းဆိုင်ရာ ပညာပေးဖို့ ဖြစ်ပါကြောင်း၊ ၎င်းအရာက သင်ရိုးညွှန်းတမ်းများ ပြဋ္ဌာန်းပြီးမှ သင့်တော်သော အတန်းများတွင် ရွေးကောက်ပွဲဆိုင်ရာ စနစ်များနှင့်ပတ်သက်ပြီး လေ့လာသင်ယူစေခြင်း ဖြစ်ပါကြောင်း၊ ဒုတိယတစ်မျိုးက ကျောင်းသားများကို စာတွေ့တင်မကဘဲ လက်တွေ့ပါ သင်ကြားပေးပြီး ထိတွေ့ပေးခြင်း ဖြစ်ပါကြောင်း၊ လက်တွေ့ပညာရေးတွင် “ ငါကြားထက်ကိုလည်း ငါမြင်တဲ့ဟာကို ပိုပြီးတော့မှ နားလည်တယ်။ ငါမြင်တာထက်ကို ငါထိတွေ့ဖူးတာကို ပိုနားလည်တယ်” ဆိုသည့် ပညာရေးတွင် အဆိုတစ်ခုရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့က အယူအဆပိုင်းများကို သင်ပေးခြင်းထက်ကို ၎င်းတို့အား ထိတွေ့ပေးလိုက်မည်ဆိုပါက ပိုပြီးအားကောင်းမည်ဟုယူဆ ရပါကြောင်း၊ အထူးသဖြင့် ကျောင်းများတွင် ကျောင်းသား အတန်းခေါင်းဆောင်များ ရွေးခြင်းမျိုး ရှိပါကြောင်း၊ အတန်းခေါင်းဆောင် ရွေးသည့်အခါ ဒီမိုကရေစီ ကျင့်စဉ်ကျင့်ထုံးများနှင့်အညီ စနစ်တကျလုပ်ပေးနိုင်မည်ဆိုလျှင် သေချာသည်က ရွေးကောက်ပွဲ အတွေ့အကြုံများ အများကြီး ရလာပြီး အနည်းဆုံးအတန်းခေါင်းဆောင် ရွေးသည့်အခါမျိုးတွင် First Pass the Push ကဲ့သို့ စနစ်မျိုးကို နားလည်လာမည်ဟုလည်း မိမိယူဆရပါကြောင်း၊ အဆိုပါ စာသင်ကျောင်းတွင် ၎င်းစနစ်များကို ဖန်တီး၍ရပါကြောင်း၊ အတန်းခေါင်းဆောင်အပြင် ကျောင်းခေါင်းဆောင်၊ အားကစား ခေါင်းဆောင်၊ ယဉ်ကျေးမှုခေါင်းဆောင်၊ အခြားဒီမိုကရေစီ နိုင်ငံများတွင် ဆောင်ရွက်နေကြသည့် စနစ်မျိုးများရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့က ရွေးကောက်ပွဲစနစ်အမျိုးမျိုးဖြင့် ကျောင်းသားများကို မိမိတို့ပေးပြီးမှ ထိတွေ့နိုင်ပါကြောင်း၊
အကယ်၍ တကယ်လုပ်ပေးနိုင်မည်ဆိုလျှင် အကျိုးကျေးဇူးက အများကြီးရရှိမည် ဖြစ်ပါကြောင်း၊ မိမိပြောချင်သည်မှာ ကျန်းမာရေးအားမကောင်းသည့် ဒီမိုကရေစီများတွင် မနာလိုဝန်တိုမှုများ များပြီး ကိုယ့်အရည်အချင်းကို မြင့်တက်ရန်မကြိုးစားဘဲ သူများ၏အားနည်းချက်ကို လိုက်ရှာပြီး နောက်ကျော ဓားဖြင့် ထိုးခြင်းမျိုး၊ ခြေထိုးသည့်လုပ်ငန်းများကိုဘဲလုပ်ပြီး ဒီမိုကရေစီများသည် ပိုပြီးမှ မရှင်သန် ကြပါကြောင်း၊ မိမိ၏အရည်အချင်းကို မြှင့်တင်ပြီးမှ အဓိကယှဉ်ပြိုင်မှုတစ်ခုတွင် မျှတသည့် အခြေအနေကို ဖန်တီးရမည်။ မျှတသည့် အခြေအနေနှင့်အတူတူ၊ Level Play Ground အတူတူဖြင့် ယှဉ်ပြိုင်ကြမည်ဆိုသည့် အသိမျိုးများ ရရှိနေမည်ဖြစ်ပါကြောင်း၊ နောက်တစ်ခုကအများကို ကိုယ်စားပြု ထားတာဖြစ်သည့်အတွက် အများကလက်ခံနိုင်သော သူဖြစ်အောင် ကိုယ်ရည်ကိုယ်သွေး ကောင်းရန်လိုအပ်ခြင်း ဖြစ်သည့်အတွက် ကိုယ်ရည်ကိုယ်သွေးများကို ပိုသထက်၊ ပိုသထက် ကောင်းအောင် လုပ်ရမည်ဆိုသည့်အသိ လူငယ်များကို ပေးနိုင်မည်ဖြစ်ပါကြောင်း၊ နောက်ဆုံးတစ်ခု ထောက်ပြချင်သည်မှာ ယခုလို လုပ်ပေးလိုက်ခြင်းအားဖြင့် တာဝန်သိတတ်သည့် နိုင်ငံသားများပိုပြီး မွေးထုတ်လာနိုင်သကဲ့သို့ တာဝန်ယူမှု/တာဝန်ခံမှု ရှိလာသော အနာဂတ်ခေါင်းဆောင်များလည်း ပေါ်ပေါက်လာနိုင်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် အသစ်မဟုတ်ပါကြောင်း၊ တခြားနိုင်ငံများတွင် လုပ်နေခြင်း၊ နမူနာများအများကြီးရှိပါကြောင်း၊ ထို့ကြောင့် လက်ရှိခေါင်းဆောင်များသည် မိမိတို့၏ အိပ်မက်များကို အကောင်အထည် ဖော်ပေးမည့်သူများ ဖြစ်ခြင်းကြောင့် အဆိုပါရွေးကောက်ပွဲနှင့် ပတ်သက်သည့် အသိပညာများကို ကျောင်းသားလူငယ်များအား မျှဝေပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အဆိုပါ ရွေးကောက်ပွဲ အလေ့အထများကို ပြည်သူများရင်းနှီးကျွမ်းဝင်စေရန် တစ်နည်းအားဖြင့် Voter ဖြစ်မည့်သူများ ရင်းနှီးကျွမ်းဝင် စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) တွင် ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိပညာ ပေးခြင်းဆိုသည်ကို အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ထည့်သွင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နောက်တစ်ခါ အထူးသဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်လာမည့် ပထမအကြိမ်မဲပေးရမည့် မဲဆန္ဒရှင်ငါးသန်းခန့်ရှိသည်ဟု ခန့်မှန်းရရှိပါကြောင်း၊ ၎င်းငါးသန်းခန့်ကိုလည်း ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနိုင်ရေးအတွက် ကဏ္ဍစုံကပါဝင် ပတ်သက်သူများနှင့် ပူးပေါင်းပြီး အကောင်အထည် ဖော်ရန် ရည်မှန်းဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တက္ကသိုလ်များ၊ သင်တန်းကျောင်းများနှင့် အခြားအဖွဲ့အစည်းများမှ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများနှင့် ဗဟုသုတများကို သင်ကြားပို့ချပေးရန် ညှိနှိုင်းလာပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့က မူဝါဒပိုင်း ဆိုင်ရာကို သိရှိနားလည်သည့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ စေလွှတ်ပြီး သင်တန်းများ ပေးလျက်ရှိပါကြောင်း၊
ထို့အပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်က ကျောင်းသား/သူများ၊ ဥပဒေအထူးပြု ကျောင်းသား/သူများ၊ ဆရာ/မများ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို လေ့လာရေးခရီးစဉ်အနေဖြင့် လာရောက် သည့်အခါတွင်လည်း ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲဥပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ၊ ဗဟုသုတများကို ရှင်းလင်းဆွေးနွေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မေးခွန်းတွင် ပါဝင်သည့် ရွေးကောက်ပွဲစနစ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတများကို စာသင်ကျောင်းများတွင် သင်ကြားပေးခြင်း၊ ကျောင်းတွင်းရွေးကောက်ပွဲများမှတစ်ဆင့် ရွေးကောက်ပွဲ အလေ့အထများကို ကျောင်းသား/သူ လူငယ်များ ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်း၍ အနာဂတ်တွင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်မှန်းထားရှိပြီး လက်ရှိ အချိန်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအရ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း လေးစားစွာဖြင့် ရှင်းလင်းဖြေကြားပါသည်။
