ရခိုင်ပြည်နယ်တွင် ခရိုင်းငါးခရိုင်၊ မြို့နယ် ၁၇ မြို့နယ်နှင့် မြို့နယ်ခွဲသုံးခုတို့ဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်းလူဦးရေမှာ ၃.၃ သန်းခန့် နေထိုင်လျက်ရှိသော ပြည်နယ်တစ်ခု ဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့်လည်း ဆေးရုံစုစုပေါင်း ၇၁ ရုံ၊ တိုက်နယ်နှင့် ကျေးလက် ကျန်းမာရေးဌာန ၁၂၉ ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၅၈၂ ခုနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန ၁၈ ခုတို့ဖြင့် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးလျက် ရှိကြောင်းကိုလည်း လေ့လာသိရှိရပါသည်။ လက်ရှိရခိုင်ပြည်နယ်တွင် သူနာပြုနှင့်သားဖွား ဆရာမများကို မွေးထုတ် ပေးနေသော သားဖွားသင်တန်းကျောင်းသည် စစ်တွေမြို့တစ်ခုတည်းတင်သာ သားဖွားသင်တန်း ကျောင်း တစ်ကျောင်းတည်း ရှိပါကြောင်း၊ ယခုအချိန်တွင် တစ်နှစ်လျှင် သားဖွားအင်အား ၇၀ ဦးမှ ၇၅ ဦးခန့်နှင့် ဘက်စုံသားဖွားအင်အား ၆၀ ဦးမှ ၆၅ ဦးခန့်အထိ မွေးထုတ်ပေးလျက် ရှိကြောင်းကိုလည်း သိရှိရပါသည်။
သို့သော်လည်း ရခိုင်ပြည်နယ် ကုသရေးဦးစီးဌာန၏ စာရင်းဇယားများအရ သူနာပြုစုစုပေါင်း ခွင့်ပြုအင်အား ၁၅၁၇ ဦး ဖြစ်သည့်အနက် ၇၉၀ ဦးသာ ခန့်ထားနိုင်ပြီး ၇၇၇ ဦးမှာ လစ်လပ်လျက် ရှိသည်ကိုလည်း သိရှိရပါကြောင်း၊ လက်ရှိ စစ်တွေသူနာပြု ကျောင်းတွင်လည်း ရခိုင်ပြည်နယ် သူနာပြုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် သူနာပြုသင်တန်းသူ ၂၂၇ ဦးကို ခေါ်ယူခဲ့ပြီး စာသင်ခန်းအားလုံး သူနာပြုသင်တန်းသူများနှင့် ပြည့်သွားပြီး သားဖွား သင်တန်း သူများအတွက် နေရာမရှိသည့်အတွက်ကြောင့် မူလသားဖွားသင်တန်းသူ သစ်လွင်ဦးရေ၏ သုံးပုံတစ်ပုံကို လျှော့ချပြီး ခေါ်ယူခဲ့ရကြောင်းကိုလည်း သိရှိရပါသည်။ အကယ်၍များ တောင်ကုတ် မြို့နယ်တွင် သူနာပြုနှင့်သားဖွား သင်တန်းကျောင်းတစ်ခုသာ ဖွင့်လှစ်ပေးနိုင်မည် ဆိုပါက အထက်ပါ သူနာပြု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် တောင်ကုတ် မြို့နယ်သည် သံတွဲခရိုင်နှင့်ကျောက်ဖြူခရိုင်တို့ကို ချိတ်ဆက်ပေးထားသော နေရာတွင် တည်ရှိ နေသည့်အတွက် အဆိုပါ ခရိုင်နှစ်ခုမှ ပြည်သူလူထုအတွက်လည်း ပညာရေးနှင့်အလုပ်အကိုင် အခွင့်အလမ်းကို လက်လှမ်းမီနိုင်မည့် အနေအထားတစ်ခုကို ဖန်တီးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုကိုပေးသည့် ဆေးရုံဆေးခန်းများတွင် လိုအပ်လျက်ရှိသော သူနာပြု၊ သားဖွားဆရာမများကို လုံလောက်စွာ မွေးထုတ်ပေးနိုင်ရန် သူနာပြု သင်တန်းကျောင်း အသစ်ကို ဖွင့်လှစ်ပေးနိုင်ရန်အတွက် အခြေအနေကောင်းများလည်း ရှိနေပါကြောင်း၊
ထို့ကြောင့် လေ့ကျင့်ရေးအတွက် ခုတင် ၁၀၀ ဆံ့ တောင်ကုတ်ဆေးရုံအသစ်ဖြစ်ပြီး လက်ရှိ ဆေးရုံအဟောင်း နေရာကိုလည်း အနည်းငယ် ပြင်ဆင်မွမ်းမံရုံမျှနှင့် စာသင်ဆောင်များအဖြစ် အဆင်သင့် အသုံးပြုနိုင်မည့် အခြေအနေဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ် အခြေအနေအရလည်း တောင်ကုတ်ခရိုင်နှင့် သံတွဲခရိုင်တို့၏ တက္ကသိုလ်ဝင်တန်း ဖြေဆိုသည့် ကျောင်းသား/သူဦးရေမှာ နှစ်စဉ် နှစ်သောင်းခန့်ရှိပြီး တက္ကသိုလ်ဝင်တန်း အောင်ချက်တွင် ၂၅ ရာခိုင်နှုန်းခန့် ရှိနေသည့်အတွက် အဆိုပါ သင်တန်းကျောင်း ဖွင့်လှစ်ပေးနိုင်မည်ဆိုလျှင် လူငယ်များ၏ ပညာရေးနှင့်အလုပ်အကိုင် အခွင့်အလမ်းအတွက် မျှော်လင့်ချက်ထားစရာ၊ ရွေးချယ်စရာ ဖြစ်လာနိုင်ခြင်း ဖြစ်သည့်အတွက် အထက်ပါ မေးခွန်းအား သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ ရာဇဝင်ကို ပြန်ကြည့်လိုက်သည့်အခါ တောင်ကုတ်တွင် သူနာပြုကျောင်း တစ်ကျောင်းဖွင့်ရန် ကိစ္စသည် ၁၀-၇-၂၀၁၄ ရက်နေ့တည်းက စခဲ့ပါကြောင်း၊ နောက်ဆုံးအဆင့်တွင် Cabinet ကို တင်ပါကြောင်း၊ ၂၅-၇-၂၀၁၄ ရက်နေ့ Cabinet ကို တင်သည့်အခါ Cabinet က အကြောင်းပြန်ကြား သည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွင် တိုင်းဒေသကြီး/ပြည်နယ် အားလုံးအထိ ဖွင့်လှစ်မည့်အစား အရည်အသွေး မထိခိုက်ဘဲ နေရာနည်းနည်း၊ လူများများမွေးထုတ်နိုင်သည့် နည်းလမ်းရှာကြံရန်ဆိုပြီး ညွှန်ကြားချက် ပြန်ချသည့်အတွက် တောင်ကုတ်တွင် ဆက်ပြီးသူနာပြု သားဖွားကျောင်းဆောက်မည့် ကိစ္စကို ရပ်သွားပါကြောင်း၊
ရခိုင်ပြည်နယ်ကို ပြန်ကြည့်သည့်အခါ စစ်တွေမြို့တွင် ကျောင်းတစ်ကျောင်းရှိပါကြောင်း၊ သိသည့်အတိုင်း ရခိုင်ပြည်နယ်တွင်လည်း လူများပါကြောင်း၊ သူနာပြုလစ်လပ်သည်ကလည်း ၈၂၃ ယောက်ခန့် လစ်လပ်သည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး တစ်ပြည်လုံး အတိုင်းအတာအနေဖြင့် ၂၀၁၈-၁၉ ခုနှစ်တုန်းက သူနာပြုသားဖွား ၃ နှစ် ဒီပလိုမာကို ၃၇၀၀ နီးပါး တက်နေပါကြောင်း၊ ယခု ၂၀၁၉-၂၀ ခုနှစ်တွင်လည်း ၃၇၀၀ နီးပါးခေါ်ယူရန် လုပ်ထားပါကြောင်း၊ မကြာခင်လအတွင်း ခေါ်မည်ဖြစ်ပါကြောင်း၊ ဆိုလိုသည်က သူနာပြုသားဖွားသည် နောက်နှစ် နှစ်ကျော်ခန့်မှဆိုလျှင် BNSC အပါ ပေါင်းလျှင် ၄၀၀၀ နီးပါးခန့်ထွက်မည်။ သို့သော်လည်း အလုပ်မဝင်သည့် သူများရှိသည့်အတွက် ပြုန်းတီးမှုရှိမည်။ မိမိတို့က ၎င်းသူနာပြုသားဖွားကို ပိုထုတ်ရန် ရှိပါကြောင်း၊ စစ်တွေမြို့တွင်ရှိသည့် ကျောင်းက ၁၉၉၇ ခုနှစ်ကနေပြီး ၂၀၁၈ ခုနှစ် အထိကို သုံးနှစ်သူနာပြု သားဖွားဒီပလိုမာ ၁၁၉၁ ဦး ထုတ်ခဲ့ပါကြောင်း၊
ထို့အပြင် နှစ်နှစ်သားဖွား ဒီပလိုမာကိုလည်း ၁၉၆၂ ခုနှစ်မှစပြီး ၂၀၁၈ ခုနှစ်အထိ ၂၂၆၉ ဦး ထုတ်ခဲ့ပါကြောင်း၊ ခုလတ်တလောတွင် စစ်တွေသူနာပြု သားဖွားကျောင်း တက်နေသည့် သုံးနှစ် ဒီပလိုမာ သားဖွားသင်တန်းသူ စုစုပေါင်းက ၄၄၇ ဦး ရှိပါကြောင်း၊ သားဖွားက ၆၅ ယောက်နှင့် တတိယနှစ်တွင် သူနာပြုသားဖွားက ၆၆ ယောက်ထွက်မည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်ကြီး တင်ပြသည့်အတိုင်း သားဖွားကိုမထုတ်ခြင်းမှာ သားဖွား၏ ခွင့်ပြုခန့်ထား လစ်လပ်က ၁၅၀၀၀ ကျော် အပြည့်နီးပါးခန့် ရှိသည့်အတွက် ယခုသားဖွားထုတ်လုပ်မှုကို လျှော့ပြီး သားဖွားနှစ်နှစ် ဒီပလိုမာ ထုတ်လုပ်မှုကိုလျှော့ပြီး သုံနှစ်သူနာပြုသားဖွားကို ပိုထုတ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်အတိုင်း ထုတ်မည်ဆိုလျှင် သားဖွားသူနာပြု သင်တန်း ကျောင်းဆိုလျှင် ခုတင် ၁၀၀ ဆေးရုံနှင့် မရပါကြောင်း၊ ခုတင် ၁၀၀ ဆေးရုံတွင် အထူးကုကိုးမျိုး ရှိပါကြောင်း၊
ခုတင် ၂၀၀ ရှိသည့် ဆေးရုံများတွင်သာလျှင် သူနာပြုသားဖွားကျောင်းကို ဖွင့်ပါကြောင်း၊ မည်သည့် အတွက်ကြောင့်လည်းဆိုလျှင် ခုတင် ၂၀၀ ရှိသည့် သူနာပြုသားဖွားတွင် အထူးပြုဘာသာရပ် ၁၇ ခု ရှိပါကြောင်း၊ ဆိုလိုသည်က Basic ဖြစ်သည့် ခွဲစိပ်၊ မက်ဂျင်ဆာဂျရီ၊ သားဖွားမီးယပ်နှင့် ကလေးနှင့် မလုံလောက်ပါကြောင်း၊ ၎င်းတို့ အနေဖြင့် သူနာပြုသားဖွားသည် လေးဘာသာအပြင် အများကြီး လေ့လာရပါကြောင်း၊ မျက်စိ၊ နား၊ နှာခေါင်း၊ အထူးသဖြင့်စိတ်ရောဂါ၊ အကြောအဆစ်၊ ဦးနှောက်နှင့် အာရုံကြော၊ ဓာတ်မှန်ရောဂါ၊ အနုဇီဝစသည့် သင်တန်းအားလုံးကို ၎င်းတို့က သွားရပါကြောင်း၊ သားဖွားသူနာပြု သင်တန်းကျောင်း ဖွင့်မည်ဆိုလျှင် ခုတင် ၂၀၀ ရှိ ဆေးရုံများတွင်သာလျှင် ဖွင့်၍ ရပါကြောင်း၊ ၎င်းကိစ္စကို ပြန်ကြည့်သည့်အခါ ရခိုင်ပြည်နယ်အနေဖြင့် လိုအပ်ပါက ခုတင် ၁၀၀ ရှိသည့်နေရာတွင် ဖွင့်၍မရသော်လည်း ကျောက်ဖြူတွင် ခုတင် ၂၀၀ ဆေးရုံးရှိမည် ဖြစ်ပါကြောင်း၊ အကယ်၍ ကျောက်ဖြူတွင် ပြည်နယ်အစိုးရဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ကြီးကဖြစ်ဖြစ် မြေရရှိရေးဆောင်ရွက် ပေးမည်ဆိုလျှင် အဆိုပါ ကျောင်းဖွင့်ရန်အတွက်ကို ၂၀၂၀-၂၁ ခုနှစ်တွင် ထည့်သွင်း ဖွင့်လှစ်နိုင်ရန် လုပ်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
