သီပေါမြို့နယ် ပညာရေးမှူးရုံးသည် အ.လ.က (ခွဲ) မ-၁ ကျောင်းဝင်းအတွင်း တည်ရှိပြီး နောင်အနာဂါတ် ကာလတွင် ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ကျောင်းသား ဦးရေတိုးတက်များပြားလာခြင်းများ ဖြစ်ပေါ်လာပါက ကျောင်းဆောင်များ တိုးချဲ့ရမည့်အနေအထားများရှိခြင်း၊ မြေနေရာ ကျဉ်းမြောင်းခြင်းကြောင့် မြို့နယ် ပညာရေးမှူးရုံးနှင့်ဝန်ထမ်းအိမ်ရာများဆောက်လုပ်ရန် သက်ဆိုင်ရာရပ်ကွက်၊ ကျောင်းသာမိဘများနဲ့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့က ကန့်ကွက်လျက်ရှိခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့အစည်းဝင်တို့ ဆွေးနွေး တိုင်ပင်ပြီး ကုန်သွယ်လယ်ယာဂိုဒေါင်ကွင်း ကွက်အမှတ် ၉၊ ဦးပိုင်အမှတ် ၂၇(က) မြေဧရိယာ ၁.၀၈၈ ဧကပေါ်တွင်လျာထားသတ်မှတ်ထားရှိကာ သက်ဆိုင်ရာ အထက်အဖွဲ့အစည်းသို့ တင်ပြသွားရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ထို့နောက် မြေနေရာကို ကွင်းဆင်း စစ်ဆေးကြည့်ရှုပြီး မြို့နယ်စီမံခွဲရေးကော်မတီ အစည်းအဝေးအမှတ် ၃၁/၂၀၁၄ ဆုံးဖြတ်ချက် အပိုဒ်(စ)အရ မြို့နယ်ပညာရေးမှူးရုံးဆောက်လုပ်ရန် မြေနေရာကို ဝ.၃၆၈ ဧကသာ ရရှိနိုင် မည်ဖြစ် ကြောင်းနှင့် လွှဲပြောင်းသုံးစွဲခွင့်ရရှိရေးအတွက် အထက်ဌာန အဆင့်ဆင့်သို့တင်ပြ ဆောင်ရွက်ထား သည်ဟု သိရှိရသည့်အတွက် အဆိုပါကိစ္စနှင့် စပ်လျဉ်းပြီး ပညာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့အကြား ညှိနှိုင်းထားရှိမှု အခြေအနေကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ် ပညာရေးမှူးရုံးဆောက်လုပ်ရန်အတွက် သီပေါမြို့နယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌမှ ကျောက်မဲခရိုင်စီမံခန့်ခွဲရေးကော်မတီကို ၄-၉-၂၀၁၄ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ပိုင် ကုန်သွယ်လယ်ယာ ဂိုဒေါင်ဝင်းတည်ရှိရာ နှစ် ၃၀ မြေငှားဂရန်ရရှိထားသော မြို့လယ်ရပ်ကွက်၊ အကွက်အမှတ်(၉)၊ ဦးပိုင်အမှတ်(၂၇/က) မြေဂရန်ဧရိယာ ၁.၀၈၈ ဧကပေါ်တွင် မြို့နယ်ပညာရေးမှူး ရုံးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြေနေရာများအဖြစ် လျာထားသတ်မှတ် ပေးခဲ့ပြီး တင်ပြခဲ့ပါသော်လည်း ၁၃-၈-၂၀၁၄ ရက်နေ့တွင် လားရှိုးမြို့နယ်၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ကန့်ကွက်လွှာတင်ပြခဲ့ပါကြောင်း၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်းစုဝန်ကြီးရုံးမှ သီပေါမြို့ မြို့လယ်ရှိ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန အမည်ပေါက် နှစ် ၃၀ ဂရန်ရရှိပြီးသော ဌာနပိုင်မြေ ၁.၀၈၈ ဧကပေါ်တွင် ဌာနပိုင် အမြဲတမ်းဂိုဒေါင်ရုံ တစ်လုံးနှင့် မြို့နယ် တာဝန်ခံရုံးတစ်ရုံးတို့ တည်ရှိပါကြောင်း၊ အဆိုပါမြေဟာ ဌာနအမည်ပေါက်ဂရန် ရရှိပြီးသောမြေဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် သီပေါမြို့နယ် ပညာရေးမှူးရုံးအဆောက်အဦ ဆောက်လုပ် အသုံးပြုရန် အတွက် စိတ်ပိုင်းမြေ ဝ.၃၆၈ ဧကကို မြေအသုံးချခွင့်ရရှိလိုပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် နိုင်ငံတော်သို့ လျှောက်ထားရန်ဖြစ်ပါကြောင်းနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် တည်ဆဲမြေအသုံးချမှုဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံသွားမည်ဖြစ်သည်ကို ဖြေကြားပေးပို့ခဲ့ပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနမှ နိုင်ငံတော်သမ္မတ ရုံးသို့ ဆက်လက်တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
