(ဆ)-ရေကြီးရေလျှံမှုကြောင့် Cyclone Shelter များ၊ အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် Speed Boat တစ်စီး၊စားနပ်ရိက္ခာများပို့ဆောင်ရေးအတွက်ဝန်တင်လှေနှစ်စီးနှင့် မြစ်ကြောင်းရှင်းလင်းရေးကိုပုဂ္ဂလိကကုမ္ပဏီများအား ခွင့်ပြုပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၁၅. ၅. ၂၀၁၉)

 

ရေကြီးရေလျှံမှုကြောင့် နှစ်စဉ်နီးပါး ရေကြီးနစ်မြုပ်လေ့ရှိသော ရေထိန်းတံခါးနှစ်ခု၊ ရွာလုံးကျွတ် ပြောင်းရွှေ့နေရသော ကျေးရွာများအတွက် Cyclone Shelter များ၊ အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် Speed Boat တစ်စီး၊ စားနပ်ရိက္ခာများ ပို့ဆောင်ရေးအတွက် ဝန်တင်လှေနှစ်စီး ခွင့်ပြုပေးရန်နှင့် တနင်္သာရီမြစ်ကြောင်း ရှင်းလင်းရေးအစီအမံနှင့် မြစ်ကြောင်းရှင်းလင်းရေးကို ပုဂ္ဂလိကကုမ္ပဏီများအား ခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

တနင်္သာရီမြို့နယ်၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ မှတ်တမ်းများအရ တနင်္သာရီမြို့နယ်တွင် ၂၀၁၈ ခုနှစ် ဇူလိုင်လမှ သြဂုတ်လအထိ တနင်္သာရီမြစ်ရေ မြင့်တက်လာခဲ့ရာ စိုးရိမ်ရေအမှတ် ၁၇ ပေအထက်တွင် ရပ်ကွက် နှစ်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၇ အုပ်စု၊ ကျေးရွာ ၇၇ ရွာရှိ လူနေအိမ် ၁၃၂၂ လုံးနှင့် လူဦးရေ ၆၇၆၂ ဦး ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်  စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ရပါကြောင်း၊ ရေကြီးနစ်မြုပ်ခဲ့သည့် တစ်လတာကာလအတွင်း လူလေးဦးသေဆုံးခဲ့ပြီး စာသင်ကျောင်း ၆၈ ကျောင်း ပိတ်ခဲ့ရပြီး ကျောင်းသား/သူ ၁၆၇၂၉ ဦးမှာ ပညာရေးနှောင့်နှေးခဲ့ရခြင်း၊ လူနေအိမ် ၁၆ လုံး ပြိုကျခဲ့ခြင်း၊ အခြေခံပညာကျောင်း ၁၂ ကျောင်း၏ အဆောက်အဦနှင့် ပရိဘောဂများ၊ လမ်း ၁၄ ခု၊ တံတား ၁၅ စင်းနှင့် တောင်သူ ၄၈၆ ဦး၏ လယ်ဧက ၂၀၇၃ ဧကနှင့် အခြားခြံစိုက် တောင်သူများ၏ ဥယျာဉ်ခြံမြေ အများအပြားပျက်စီး ဆုံးရှုံးခဲ့ရပါကြောင်း၊ တင်ပြပါစာရင်းများအား လက်လှမ်းမှီ သလောက် ကောက်ယူထားခဲ့ခြင်းဖြစ်ပြီး အမှန်တကယ် မြေပြင်အခြေအနေတွင် ပိုမိုများပြား နိုင်သည့်အတွက် နိုင်ငံတော်အစိုးရမှ ကူညီကယ်ဆယ်ထောက်ပံ့ရေး ထောက်ပံ့ခဲ့ရသည့်အပြင် နိုင်ငံတော်၏ ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ခဲ့ရသည့် တည်ဆောက်ရေးလုပ်ငန်းများ ပျက်စီးခဲ့ရသည့်အတွက် နိုင်ငံတော်အတွက်လည်း နစ်နာဆုံးရှုံးမှုများစွာ ဖြစ်စေခဲ့ပါကြောင်း၊ မိမိတို့တနင်္သာရီမြို့သည် မြို့ကိုစတင်ကတည်းက မြစ်ရေတိုက်စားမှုများ ရှိခဲ့သဖြင့် အုတ်မြို့ရိုး၊ မြေမြို့ရိုးများဖြင့် မြို့၏ပတ်လည်ကို တံတိုင်းသဖွယ် ကာရန်ထားရှိခဲ့ပါကြောင်း၊ ရေသွင်းရေထုတ် ရန်အတွက် ရေထိန်းတံတားတစ်ခု တပ်ဆင်ထားပြီး ရေထိန်းတံခါးမှာ ရေ၏ဖိအားဖြင့် အဖွင့်အပိတ် ပြုလုပ်သော ဒီဇိုင်းကို ပြုလုပ်ထားပါကြောင်း၊ လက်ရှိဒီဇိုင်းအရ မြစ်ရေကြီးသည့်အချိန်တွင် အဆင်မပြေမှုများရှိခဲ့ပြီး ရေထိန်းတံခါးကို လိုအပ်သကဲ့သို့ ပြန်လည်ပြုပြင်ပေးရန်နှင့် စက်မှုဇုန်အနီးတွင်လည်း ရေထိန်းတံခါးတစ်ခု အသစ်တည်ဆောက်ပေးရန် လိုအပ်လျက်ရှိ နေပါကြောင်း၊ ကျောက်တစ်လုံး ကျေးရွာအုပ်စုတွင်ရှိသည့် မြန်မာအင်းတော်ကျေးရွာနှင့် မြေမအုံ ကျေးရွာတို့အား ရွာလုံးကျွတ်နီးပါး ရေနစ်မြုပ်ခဲ့ပြီး ကျေးရွာနေပြည်သူများ မြစ်ရေကြီးစဉ် ကာလတစ်လျှောက် ခက်ခဲပင်ပန်းစွာ နေထိုင်ခဲ့ကြရပါကြောင်း၊ ၎င်းကျေးရွာများအတွက် ရေလွတ်ရာ ဒေသများတွင် Cyclone Shelter များ တည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကြုံတွေ့ရသည့် အခက်အခဲတွင် အရေးပေါ်အသုံးပြုရန် လှေမရှိခြင်း၊ စားနပ်ရိက္ခာများ ပို့ဆောင်ပေးရန် ဝန်တင်လှေမရှိခြင်းတို့ ဖြစ်ပါကြောင်း၊ နတ်သစ်မြစ်ဝမှ တနင်္သာရီမြစ်ကြောင်းတစ်လျှောက် တန်ကူး-တာလမွေ ချောင်းဖျားပိုင်းခန့်အထိ သဲသောင်များ ပိတ်ဆို့လာနေပြီး နိုင်ငံတော်အနေဖြင့် မြစ်ကြောင်း ရှင်းလင်းရေး အစီအမံများ အကောင်အထည်ပေး ရမည်ဆိုပါက နိုင်ငံတော်၏ဘတ်ဂျက် အမြောက်အမြား သုံးစွဲရမည်ဖြစ်ပြီး မြစ်ကြောင်းရှင်းလင်းရေး ဆောင်ရွက်လိုသော ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပေးနိုင်ပါက နိုင်ငံတော်၏ ဘတ်ဂျက်ကုန်ကျမှု မရှိသည့်အပြင် တနင်္သာရီမြစ်ကြောင်း ရှင်းလင်းရေးကိုလည်း အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ သို့ပါ၍ ရေကြီးရေလျှံမှုကြောင့် နှစ်စဉ်နီးပါးရေကြီး နစ်မြုပ်လေ့ရှိသော တနင်္သာရီမြို့အတွက် အသစ်တည်ဆောက်ရန် လိုအပ်နေသည့် ရေထိန်းတံခါးနှစ်ခု၊ ရွာလုံးကျွတ်ပြောင်းရွှေ့ရသော ကျေးရွာများအတွက် Cyclone Shelter များ၊ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် Speed Boat တစ်စီး၊ စားနပ်ရိက္ခာများ ပို့ဆောင်ရန်အတွက် လိုအပ်သောဝန်တင် လှေတစ်စီး ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကုန်ကျမှု မရှိစေရန်အတွက် တနင်္သာရီ မြစ်ကြောင်း ရှင်းလင်းရေးအစီအမံဖြင့် မြစ်ကြောင်းရှင်းလင်းရေးကို ပုဂ္ဂလိကကုမ္ပဏီများ ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိ ဆိုသည့်မေးခွန်းကို တနင်္သာရီမြို့နယ် ပြည်သူများကိုယ်စား မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ကိုယ်စားလှယ်တော်ကြီး၏ ပထမမေးမြန်းချက်နှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချရေး ဦးစီးဌာနအနေဖြင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ရှိ မြို့ပတ်တာတွင် ရေတံခါးနှစ်ခု ထည့်သွင်းတည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၄ ခုနှစ်၌ တိုင်းဒေသကြီး ရန်ပုံငွေဖြင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အဆိုပါ ရေတံခါးများတွင် တာအပြင်ဘက်၌ Flap Gate အမျိုးအစား ရေတံခါးရွက်များကို ထည့်သွင်းတည်ဆောက်ထားပြီး ယခုအခါ ရေတံခါးရွက်များ၏ ရာဘာလိုင်နင်များ ပျက်စီးနေသောကြောင့်လည်းကောင်း၊ တာအတွင်းနှင့်အပြင် ရေမျက်နှာပြင်ကွာခြားချက်ဖြင့် ရေစီးရေလာ အခြေအနေများအရလည်းကောင်း ရေတံခါးရွက်များတွင် ရေမလုံသည့်အတွက် ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ တာအတွင်းသို့ မြစ်ရေဝင်ရောက်မှု မရှိစေရန်အတွက် ရေတံခါးများ၏ Flap Gate များတွင် ရာဘာလိုင်နာများ အသစ်လဲလှယ်ခြင်းအပြင် တာအတွင်းဘက်၌ Slide Gate ရေတံခါးရွက်များ ထပ်မံဖြည့်သွင်း တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနနှင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ပေါင်းစပ်ဖြေကြားထားပါသည်။

သို့ဖြစ်ပါ၍ တနင်္သာရီမြို့ပတ်တာတွင် ရေတံခါးနှစ်ခုမှာ ရေတံခါးရွက်များ ပြုပြင်ထည့်သွင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံထားပြီး ဖြစ်ပါသဖြင် ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနနှင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ပေါင်းစပ်ဖြေကြားထားပါသည်။

ကိုယ်စားလှယ်တော်ကြီး၏ ဒုတိယမေးမြန်းချက်နှင့် ပတ်သက်၍ ကမ်းရိုးတန်းဒေသဖြစ်သည့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း သဘာဝဘေးဖြစ်ပွားပါက အရေးပေါ်ခိုလှုံနိုင်ရန်အတွက် Cyclone Shelter များကို -၁၁-၂၀၁၇ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင်တစ်လုံး၊ ၂၀-၁၂-၂၀၁၇ ရက်နေ့ ကော့သောင်းမြို့နယ်၊ ပုလောတုံးတုံး ကျေးရွာတွင်တစ်လုံး၊ ၁၀--၂၀၁၇ ရက်နေ့တွင် လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာတွင်တစ်လုံး စုစုပေါင်း Cyclone Shelter သုံးလုံးကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဆောက်လုပ်ပေး ခဲ့ပါကြောင်း၊ ထို့အပြင် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ရွေးချယ်သတ်မှတ်သည့် မြေနေရာတွင် Cyclone Shelter တစ်လုံးကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင် ဆောက်လုပ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး Cyclone Shelter တည်ဆောက်ခြင်း လုပ်ငန်းများသည် ငွေပမာဏ များပြားသည့်အတွက် ဘတ်ဂျက်ရန်ပုံငွေမှ တင်ပြနိုင်ခြင်းမရှိသဖြင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပေါင်းစပ်ဖြေကြားထားပါသည်။

ရွာလုံးကျွတ်ပြောင်းရွှေ့နေရသော ကျေးရွာများရှိ ပြည်သူများအတွက် တည်ဆောက်ပေးခဲ့ပြီး ဖြစ်သည့် Cyclone Shelter များသို့ သွားရောက်နိုင်ခြင်းမရှိပါက ထပ်မံတည်ဆောက်လိုသော ကျေးရွာအမည်ဖြင့် မြေနေရာလျာထားချက်တို့ သိရှိမှသာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆက်စပ်ဝန်ကြီးဌာနတို့၏ မှတ်ချက်များတောင်းခံပြီး လိုအပ်မှုကိုစိစစ်၍ ဦးစားပေးအစီအစဉ်အလိုက် သတ်မှတ်ပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ လမ်းညွှန်မှုခံံယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်းကိုလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပေါင်းစပ်ဖြေကြားထားပါသည်။

တတိယမေးမြန်းချက်နှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီးတွင် အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်လျက်ရှိသည့် Speed Boat တစ်စီး၊ စားနပ်ရိက္ခာများ ပို့ဆောင်ရေးအတွက် လိုအပ်သော ဝန်တင်လှေနှစ်စီး ထောက်ပံ့ပေးနိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင် ဘတ်ဂျက်လျာထား ချက်တွင်ပါဝင်ခြင်း မရှိသဖြင့် World Bank Immediate Response Mechanism (IRM) အစီအစဉ်ဖြင် ဝယ်ယူထားသော Speed Boat များတွင် တိုင်းဒေသကြီး/ပြည်နယ်များသို့ ခွဲဝေပြီးဖြစ်သည့်အတွက် လက်ကျန်ကျန်ရှိခြင်း မရှိသော်လည်း တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေး ကျရောက်လာပါက အရေးပေါ်အသုံးပြုရန် (၅၂ ပေ x . x ပေ) အရွယ်အစားရှိ Hino K-13D အမျိုးအစား သံခွံစက်လှေနှစ်စီး ဝယ်ယူရန်အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ စုစုပေါင်းငွေကျပ်သန်း ၆၀ ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ --၂၀၁၉ ရက်နေ့တွင် လွှဲပြောင်းပေးပြီး ဖြစ်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပေါင်းစပ်ဖြေကြားထားပါသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ရေကြီးရေလျှံမှုကြောင့် နှစ်စဉ်နီးပါးရေကြီး နစ်မြုပ်လေ့ရှိသော တနင်္သာရီမြို့အတွင်း အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက တနင်္သာရီမြို့၊ ကျောက်တလုံးကျေးရွာအုပ်စု၊ မြေမအုံကျေးရွာတွင် Cyclone Shelter တစ်လုံး၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ကျောက်မီးကျောင်းကျေးရွာတွင် Cyclone Shelter တစ်လုံး ခွင့်ပြုပေးခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ အရေးပေါ်ဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန်အတွက် လူ ၂၀ ဆံ့ Speed Boat နှစ်စီးနှင့် လူ ၅၀ ဦးဆံ့ စက်လှေ (သံခွံ) နှစ်စီး ခွင့်ပြုပေးနိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြတောင်းခံခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အသုံးပြုမည့်စက်လှေများ၏ အရွယ်အစား၊ အမြန်နှုန်း၊ အင်ဂျင်အမျိုးအစား၊ ဒေသတွင် ဝယ်ယူနိုင်မှုရှိ/မရှိ စသည့်အချက်အလက်များကို သက်ဆိုင်ရာမြို့နယ်မှ ထပ်မံတောင်းခံခဲ့ပြီး ခွင့်ပြုချထား ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက် အရေးပေါ်ခိုလုံနိုင်ရန် Cyclone Shelter ငါးလုံးကို ထောက်ပံ့ ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့ပြီးဖြစ်သည့်အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပေါင်းစပ်ဖြေကြားထားပါသည်။

ကိုယ်စားလှယ်တော်ကြီး၏ စတုတ္ထမေးမြန်းချက်နှင့်ပတ်သက်၍ တနင်္သာရီမြစ်အတွင်း လိုအပ်သော နေရာများတွင် သဲသောင်တူးဖော်ခြင်း ဆောင်ရွက်မည် ဆိုပါကရေလမ်းကြောင်းကို တစ်ဆက်တည်း စီးဆင်းနိုင်စေပြီး ကမ်းပြိုခြင်းနှင့် ရေကြီးရေလျှံမှုများကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မည်မှာ အမှန်ဖြစ်ပါကြောင်း၊ သို့သော်လည်းပြည်ပကို သဲတင်ပို့ခြင်းနှင့်စပ်လျဉ်းပြီး သဲထုတ်လုပ်မှုကြောင့် ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (ယခင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာန) တင်ပြမှုအပေါ် ၂၈--၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၁၄) က ပုဂ္ဂလိကနှင့် ဖက်စပ်စီးပွားရေး လုပ်ငန်းများ အနေဖြင့် ပင်လယ်နှင့်မြစ်ချောင်းများအတွင်း စီးပွားဖြစ်သဲတူးဖော် တင်ပို့မှုအား ခွင့်မပြုရန်နှင့် ယခင်ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေဖြင့် ဆိပ်ကမ်းရေလမ်းကြောင်းများ ကောင်းမွန်စေရေးအတွက် နိုင်ငံတော်၏ဘဏ္ဍာငွေကို ခြိုးခြံချွေတာ နိုင်ရန်အတွက် ပုဂ္ဂလိကဖက်စပ် စီးပွားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အဆိုပါ အဖွဲ့အစည်းများမှ သောင်တူးဖော်မှုမှ ရရှိသည့်သဲများကို ပြည်ပသို့တင်ပို့ရန်အတွက် လုပ်ငန်းလိုင်စင် လျှောက်ထားမှုကို ခွင့်ပြုရန် သဘောတူဆုံးဖြတ်ခဲ့ပါကြောင်း၊

ထို့ကြောင့် ယခင်ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ပသို့ သဲတင်ပို့ရန်ကိစ္စကို စီးပွားဖြစ်ဆောင်ရွက်ခြင်း မဟုတ်သည့် ဆိပ်ကမ်းနယ်နိမိတ်အတွင်း သင်္ဘောကြီးများ ဝင်/ထွက်ရာရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေးအတွက် ရေလမ်းကြောင်းတစ်လျှောက် သောင်တူးဖော်ခြင်း လုပ်ငန်းကို နိုင်ငံတော်၏ ဘဏ္ဍာငွေခြိုးခြံချွေတာနိုင်ရေးနှင့် တစ်ဖက်တစ်လမ်းမှ နိုင်ငံတော်ဝင်ငွေ ပိုမိုရရှိစေရေး တို့အတွက် ပုဂ္ဂလိကအဖွဲ့အစည်းတို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအနေဖြင့် မြစ်ချောင်းများအတွင်း ရေလမ်းကြောင်းတွင် ပိတ်ဆို့နေသော သောင်စွယ်များ၊ ရေတိမ်ကွက်များကို တူးဖော်ရှင်းလင်းပြီး မူလရေစူးအနက် ပြန်လည်ရရှိစေရေးနှင့် ရေကြီးရေလျှံမှု လျော့ပါးစေရေးတို့အတွက် ဆောင်ရွက်သည့် လုပ်ငန်းများသည်လည်း သဲထွက်ရှိရာနေရာ များတွင်သာ ရွေးချယ်၍ တူးဖော်ရသော လုပ်ငန်းဖြစ်သည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ သောင်တူးဖော်မှုမှ ရရှိသောသဲများကို ပြည်ပသို့တင်ပို့ရန် လုပ်ငန်းလိုင်စင် လျှောက်ထားမှုကို ခွင့်ပြုဆောင်ရွက်စေခြင်းဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ ကျခံသုံးစွဲမှုများ သက်သာ စေမည့်အပြင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေပိုမိုရရှိနိုင်မည် ဖြစ်ပါကြောင်း၊

တနင်္သာရီမြစ် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် သောင်တူးဖော်ရှင်းလင်းသည့် လုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါက သောင်တူးဖော်ဆောင်ရွက် သင့်သည့်နေရာ၊ တူးဖော်မည့်ဧရိယာ၊ တူးသင့်သည့် ပမာဏတို့ကို ဦးစားပေးအစီအစဉ်အလိုက် တိုင်းတာသတ်မှတ် ပေးသွားရမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် တနင်္သာရီမြစ်ကြောင်း ရှင်းလင်းရေးလုပ်ငန်းကို ဆောင်ရွက်လိုသည့် ကောင်းကင်ထိုက် ကုမ္ပဏီလီမိတက်က ၂၉--၂၀၁၉ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သက်ဆိုင်ရာဌာနများမှ တိုင်းဦးစီးမှူးများနှင့် တွေ့ဆုံ၍ မြစ်ကြောင်း ရှင်းလင်းမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ ပထမဦးစားပေးအနေဖြင့် တနင်္သာရီမြစ်ဝမှ တနင်္သာရီတံတားအထိ တိုင်းတာရေးဆောင်ရွက်ရန် သဘောတူခွင့်ပြုခဲ့ပြီး ဖြစ်သဖြင့် ကောင်းကင်ထိုက် ကုမ္ပဏီလီမိတက်က တိုင်းတာရေးလုပ်ငန်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း EIA လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်းနှင့် တိုင်းတာရေးလုပ်ငန်း ဆောင်ရွက်ရန် အချိန်ကာလ ရက် ၂၀ ခန့် ကြာမြင့်မည်ဖြစ်ပြီး မိုးမကျမီ အပြီးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပေါင်းစပ်ဖြေကြားထားပါကြောင်း၊

တနင်္သာရီမြစ် ရေကြီးရေလျှံမှုမှ လျော့ပါးစေရေးအတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေကုန်ကျမှု မရှိစေရန် တနင်္သာရီမြစ်ကြောင်း ရှင်းလင်းရေးကို ပုဂ္ဂလိကကုမ္ပဏီများကို ခွင့်ပြုပေးရန်ကိစ္စမှာ ပြည်ထောင်စု အစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ ပြည်ပသို့သဲတင်ပို့ ရောင်းချနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပို့ကုန်လိုင်စင်ခွင့်ပြုပေးရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြစ်ကြောင်းမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်း (သဲ/နုန်း) များကို စွန့်ပစ်ရာတွင် ရေတက်/ရေကျပေါ် မူတည်၍ ရေစီးကြောင်းအတွင်းသို့ ကျရောက်ပြီး အနည်ထိုင်လာစေနိုင်သဖြင့် ပြည်ပသို့တင်ပို့ စေခြင်းဖြင့် ရေလမ်းကြောင်းရေရှည် တည်တံ့ခိုင်မြဲရေးကို အထောက်အကူပြုစေပြီး ရေကြီးရေလျှံမှုကို လျော့ပါးစေမည် ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ နိုင်ငံတော်၏ ဘဏ္ဍာငွေကုန်ကျမှု မရှိစေရန်အတွက် တနင်္သာရီမြစ်ကြောင်း ရှင်းလင်းရေး အစီအမံများကို တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ပြီးမှသာ ရေးဆွဲနိုင်မည်ဖြစ်ပါကြောင်းနှင့် မြစ်ကြောင်းရှင်းလင်းရေးကို ပုဂ္ဂလိကကုမ္ပဏီများကို ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိ ဆိုသည်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သဘောထားများ ရယူပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက် နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြ၍ ခွင့်ပြုချက်ရရှိမှသာ ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။