(စ)-ထီးလင်းမြို့နယ်အတွင်းရှိ ဂန့်ဂေါ-ရေမျက်နီ-ပုလဲ ပဆငလမ်းနှင့် ကျောချောင်း-မျက်မြောင်သို့ ဆက်သွယ်ထားသောလမ်းပေါ်ရှိ စစ်ရှီးချောင်းကူးကွန်ကရစ်တံတား (၁၄ x ၈၀) ပေအား ကျေးရွာ လမ်းကူးတံတားအဖြစ် အသုံးပြုခွင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၁၅. ၅. ၂၀၁၉)

 

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်အတွင်း ယခင်တပ်မတော်အစိုးရ လက်ထက်က ဖောက်လုပ်ခဲ့သော ရထားလမ်းတစ်ခုရှိပြီး ဖောက်လုပ်ပြီး ခဏသာသုံးစွဲ၍ ယခုအချိန်တွင် သုံးစွဲခြင်းမရှိသည်ကို တွေ့ရပါကြောင်း၊ တချို့လမ်းပိုင်းများတွင် ဇလီဖားတုံးများ ဆွေးနေသည်များ၊ ရေတိုက်စားခြင်းများ၊ အောက်ခြေလွတ်ခြင်းများ သွားလာခြင်းမရှိသည့်အတွက် တောထပြီးမှ အကျိုးမဲ့ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းရထားလမ်းပိုင်းတွင် ကွန်ကရစ်ချောင်းကူး တံတားများ ရှိနေသေးသည်ကို တွေ့ရှိရပါကြောင်း၊

သုံးစွဲခြင်းမရှိသည့် ဥမင်လှိုင်များမှာ တောထနေခြင်း၊ ဘူတာများနှင့် ယခင်ကသုံးစွဲခဲ့သော ရထားတွဲများလည်း ရှိပါကြောင်း၊ အောက်ခြေလွတ်ပြီး အောက်ခြေဇလီဖားများ ခြစားနေသော ရထားသံလမ်းများလည်း ရှိပါကြောင်း၊ လက်ရှိတွင် သုံးစွဲ၍ရသေးသည့် ကွန်ကရစ်တံတားလည်း ရှိပါကြောင်း၊ တံတားမှာ အကျယ် ၁၄ ပေရှိပြီး အလျား ပေ ၈၀ ရှိပါကြောင်း၊ ယခုအချိန်တွင် ကျေးလက်ဒေသများ၌ ကျေးလက်လမ်းများကို ဖောက်လုပ်ခြင်းများ ရှိပါကြောင်း၊ ကျေးလက်လမ်း၊ တံတားများ ပြုပြင်မှုများရှိကြောင်း၊ ထိုသို့ပြုပြင်သည့် နေရာများတွင် ကျေးလက်လမ်း၊ တံတားနှင့် အံကိုက်မှုရှိသည့် လမ်းတံတားများကို ပြန်လည်သုံးစွဲခွင့် ပြုမည်ဆိုလျှင် နိုင်ငံတော်အနေဖြင့်လည်း ငွေကြေးကုန်ကျမှု သက်သာပြီး အကျိုးမဲ့ဖြစ်နေသော လမ်းတံတားများမှာ ပြန်လည် အကျိုးရှိလာမည် ဖြစ်ပါကြောင်း၊ ပဆငလမ်းနှင့် ကျောချောင်း-မျက်မြောင် ဆက်သွယ်သည့် ကျေးလက်လမ်း၊ တံတားမှာလည်း ယခုအကောင်အထည် ဖော်နေပြီဖြစ်ပါကြောင်း၊ ယခုတင်ပြသည့် ရထားလမ်းအသုံးမပြုသည့် ကွန်ကရစ်လမ်းကို အသုံးပြုမည်ဆိုပါက ဒေသခံများအတွက် အလွန်အကျိုးရှိမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုဖောက်လုပ်နေဆဲ ကျောချောင်း-မျက်မြောင်လမ်းပေါ်ရှိ သုံးစွဲခြင်းမရှိသည့် ရထားလမ်းကွန်ကရစ် တံတားကို သုံးစွဲခွင့်ပြုနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ပခုက္ကူ-ကျော-ဂန့်ဂေါရထားလမ်းပိုင်း၊ ကျောနှင့်ရေမျက်နီကြားရှိ ချိုင်းရွာ၊ ကျောချောင်းရွာနှင့် မျက်မြောင်ရွာများရှိ ဒေသခံပြည်သူများမှာ ကျေးလက်ဖွံ့ဖြိုးရေး လမ်းအတိုင်း ဆိုင်ကယ်များ၊ ထော်လာဂျီများဖြင့် ပခုက္ကူ-ဂန့်ဂေါ-ကလေးကားလမ်းပေါ်သို့ သွားရောက်ကြကြောင်း၊ ထိုသို့ဖြတ်သန်း သွားလာရာတွင် မျက်မြောင်ဘူတာနှင့် ရေမျက်နီဘူတာကြား ရထားလမ်းမိုင်တိုင် အမှတ် (၆၀၈)၊ ကြေးနန်းခန်းအမှတ် ၅ နှင့် ၆ ရှိ ၈၅ ပေရှည်သော မီးရထားတံတားအမှတ် ၆၂၀ တွင် ကွန်ကရစ် တံတားဖြစ်ပြီး ၎င်းတံတားနှင့်အပြိုင် ကျေးလက်ဖွံ့ဖြိုးရေး လမ်းနေရာတွင် လမ်းဦးစီးဌာနက ဘဏ္ဍာငွေ အခြေအနေအရ တံတားအသစ် တည်ဆောက်နိုင်ခြင်း မရှိသောကြောင့် အဆိုပါ ချောင်းကူးနေရာ၌ ဆိုင်ကယ်၊ ထော်လာဂျီ၊ ကားငယ်များကို မီးရထားတံတားပေါ်မှ ဖြတ်သန်းအသုံးပြုစေခြင်းဖြင့် အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ သို့ရာတွင် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်အတွက် မီးရထားတံတား ချဉ်းကပ်လမ်းအပါအဝင် တံတားအဝင်/အထွက် တစ်ဖက်တစ်ချက် ပေ ၁၀၀၀ ခန့်စီကို လမ်းဦးစီးဌာနအနေဖြင့် မြန်မာ့မီးရထားနှင့် ပူးပေါင်း၍ ပြုပြင်ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ကျော-ရေမျက်နီရထားလမ်းပိုင်း ၂၇ မိုင်မှာ ၅-၇-၂၀၁၀ ရက်နေ့မှစ၍ ပိတ်ထားခဲ့သော လမ်းပိုင်းဖြစ်သည့်အပြင် လက်ရှိအခြေအနေအရလည်း လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်၍ ရထားပြေးဆွဲရန် အစီအစဉ်မရှိသောကြောင့် လမ်းဦးစီးဌာနက ဖောက်လုပ်ထားသော ဂန့်ဂေါ- ရေမျက်နီ-ပုလဲကားလမ်းနှင့် မျက်မြောင်ဘူတာနှင့် ရေမျက်နီဘူတာသို့ ဆက်သွယ်ထားသော ရထားလမ်းပေါ်ရှိ စစ်ရှီးချောင်းကူး မီးရထားကွန်ကရစ် တံတားကို ကျေးရွာကားလမ်းကူး တံတားအဖြစ် အသုံးပြုခွင့်ပေးနိုင်ပါကြောင်း၊ သို့ရာတွင် နောင်တစ်ချိန် အဆိုပါလမ်းပိုင်း၌ ရထားပြန်လည် ပြေးဆွဲမည်ဆိုပါက ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် သီးခြားတံတား တည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။