(င)-ကျောက်တန်းမြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့က လုပ်ပိုင်ခွင့်ရယူဆောင်ရွက် နေသော ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများမှ နိုင်ငံတော်အတွက် အကျိုးအမြတ်ရရန် မည်သို့ ဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၀. ၅. ၂၀၁၉)

 

ကျောက်တန်းမြို့နယ်တွင် သောင်ထွန်းမြေဖြစ်သည့် အောင်ချမ်းသာကျေးရွာ တာပြင်တွင် ပေါ်ထွန်းနေသော သောင်ထွန်းမြေလွတ်၊ မြေလပ်၊ မြေရိုင်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေပြီး ဧက ၅၀၀ လုပ်ထားပါကြောင်း၊ နောက်ပြီး သီလဝါစက်မှုဇုန်ကိုသွားသည့် ကွင်းအမှတ် (၆၂၁) တွင်လည်း ဧက ၁၀၀ ကျော် လုပ်ပိုင်ခွင့်ယူထားခြင်း ရှိပါကြောင်း၊ အဆိုပါ ပုစွန်မွေးမြူရေး လုပ်ငန်းများသည် ပြည်သူ့အကျိုးအတွက် မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိချင်သည့်အတွက်ကြောင့် မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ ကျေးရွာသူ/သားများသည် အဆိုပါ မြေများအပေါ် လုပ်ကိုင်စားသောက်ရန်အတွက်ကို မျှော်လင့်လျက်ရှိပါကြောင်း၊ အောင်ချမ်းသာကျေးရွာ၊ တာပြင်တွင်ပေါ်ထွန်းနေသော သောင်ထွန်းမြေများမှာ စည်ပင်သာယာ အပါအဝင် ယူထားသည့်မြေများသည် သတ်မှတ်ထားသော လိုင်စင်ချထားပေးသည့်အထက်ကို ပိုပြီးယူထားခြင်း ဖြစ်သည့်အတွက်ကြောင့် စစ်ဆေးပေးပါဆိုပြီး မိမိတို့ပြည်သူများကလည်း တိုင်ကြားထားခြင်း ရှိပါကြောင်း၊ မိမိတို့မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး အစည်းအဝေးများတွင် စီမံခန့်ခွဲနေသည့် အရေးကိစ္စများကို ဆွေးနွေးသည့်အခါ စည်ပင်သာယာကနေပြီး လုပ်ပိုင်ခွင့်ယူထားသော မြေများ၏ စီမံခန့်ခွဲခြင်းနှင့် ပတ်သက်ပြီး မေးသောအခါ မိမိတို့မြို့နယ်တွင် တာဝန်ရှိသည့် သူတစ်ယောက်မှ မသိပါကြောင်း၊ ၎င်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေပြီး စီမံခန့်ခွဲခြင်းဆိုပြီး ပြောပါကြောင်း၊ သို့သော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်လုပ်ရေးဌာနတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ၁၂ ခုမှာ ငါးနှစ်ဆက်တိုက် အရှုံးပေါ်နေသည့်အတွက် စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာထွက်လာသည့်အခါ အောင်းချမ်းသာမွေးမြူရေး ပုစွန်ကန်က အရှုံးကျပ်သန်း ၃၈.၄၀၈ သန်း ပေါ်သည်ကိုလည်း သိရပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများကိုသာ လုပ်ပိုင်ခွင့်ပေးခဲ့မည်ဆိုလျှင် ဧက ၂၀၀ ခန့်ရှိသည့် ပုစွန်မွေးမြူရေးကန် တစ်ခုကို ခန့်မှန်းခြေအရပြောရမည်ဆိုလျှင် သဘာဝအတိုင်းတာ ပတ်ပြီးမှ ကုန်ကျစရိတ်က တာပတ်ခြင်းသာ ရှိပါကြောင်း၊ အဆိုပါမြေကို တာပတ်ပြီး သဘာဝအတိုင်း ပင်လယ်ရေကို သွင်းသည့်အခါ လခန့်ထားပြီဆိုလျှင် တစ်နေ့တစ်နေ့ကို ဖော်ရသည့် ပုစွန်က သိန်းကို ၁၀ ဂဏန်းခန့်ရရှိခြင်း ဖြစ်ပါကြောင်း၊ ယခုလို သီလဝါဇုန်ကိုသွားသည့် နေရာတွင်လည်း မွေးမြူရေးကန် ဧကရာချီ ယူထားပါကြောင်း၊ ယခု သောင်ထွန်းမြေပေါ်တွင်လည်း ဧက ၅၀၀ ယူထားပါကြောင်း၊ ပြည်သူအကျိုးအမြတ် အများကြီးရသည့် မြေများယူပြီးမှ လုပ်ပိုင်ခွင့်ယူထားခြင်း၊ နိုင်ငံတော် ဘဏ္ဍာထဲကို စီးဝင်သွားမည်ဆိုလျှင် ရန်ကုန်မြို့တော်သူ/သားများ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆိုလျှင် ဒေသခံများလည်း အင်မတန်ကို ကျေနပ်အားရပါကြောင်း၊ ယခုလိုမျိုး ငါးနှစ် ဆက်တိုက် အရှုံးပေါ်နေမည်ဆိုလျှင် မိမိတို့ပြည်သူကို ပြန်ပေးရန် စီမံခန့်ခွဲပေးဖို့လည်း တောင်းဆိုပါကြောင်း၊ ထို့ကြောင့် ပြည်သူများကိုယ်စား အဆိုပါ မြေများအပေါ် စီမံခန့်ခွဲပြီး အကျိုးအမြတ်ရအောင် ဆောင်ရွက်စီမံခန့်ခွဲမှုအပေါ် မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

နိုင်ငံတော်အစိုးရ၏ သား/ငါး ထုတ်လုပ်မှုကဏ္ဍကနေ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိစေရေးဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၀၀ ပြည့်နှစ်တွင် ငါးလုပ်ငန်းဦးစီးဌာနက ပုစွန်မွေးမြူရေးဇုန်များကို ထူထောင်ခဲ့သည့်အခါ ကျောက်တန်းမြို့နယ်၊ မုတ္တမပင်လယ်ကွေ့၊ ကမ်းပတ်တာအပြင်ဘက် သောင်ထွန်းမြေများ ပါဝင်ခဲ့ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကောက်မတီအနေဖြင့် ကျောက်တန်းမြို့နယ်၊ တံတားမြို့နယ်ခွဲ အောင်ချမ်းသာကျေးရွာ၏ တောင်ဖက် မိုင်ခန့်တွင် အောင်ချမ်းသာ ရေငန်ပုစွန်မွေးမြူရေးစခန်း၊ ကျောက်တန်းမြို့နယ် သီလဝါစက်မှုဇုန်နှင့် ကျောက်တန်း မြို့အကြား ရန်ကုန်မှ ၂၅ မိုင်ခန့်အကွာ ကျောက်တန်းရေငန်ပုစွန် မွေးမြူရေးစခန်းတို့ကို ၂၀၀၁-၀၂ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ အောင်ချမ်းသာ ရေငန်ပုစွန်မွေးမြူရေး စခန်းမှာ တစ်ယူနစ်ကို ဧက ၅၀ ဖြင့် ယူနစ်ဧက ၃၀၀ ဖော်ထုတ် ဆောင်ရွက်ခဲ့မှုဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများနှင့် စတင်လုပ်ဆောင် ခဲ့ကြောင်းသိရပါသည်။ စတင်ဆောင်ရွက်ခဲ့စဉ်က ရေငန်ငါး၊ ပုစွန်မွေးမြူရေး ကန်များသည် မုတ္တမကွေ့ပင်လယ်ပြင်နှင့် ပေ ၁၀၀၀ ကျော်ခန့် ကွာဝေးခဲ့ပြီး သဘာဝနည်းဖြင့် ရေသွင်း/ရေထုတ် ပြုလုပ်၍ ရေဝင်ရောက်မှုနှင့် ပါလာသောငါး၊ ပုစွန်များ ကန်အတွင်း ထည့်သွင်းပြီး သဘာဝနည်းဖြင့်လည်းကောင်း၊ သိပ္ပံနည်းကျပုစွန်မွေးမြူခြင်းဖြင့်လည်းကောင်း၊ မွေးမြူမှုမှ ထွက်ရှိလာသော သန့်ရှင်းလတ်ဆတ်သည့် ငါး၊ ပုစွန်များကို ပြည်သူလူထုလက်ဝယ်သို့ ဈေးနှုန်းသင့်တင့်စွာဖြင့် ရောင်းချခဲ့ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေကြားထားပါကြောင်း၊ အဆိုပါစခန်းသည် လမ်းပန်းဆက်သွယ်မှု ခက်ခဲသောနေရာ ဖြစ်သည့်အပြင် လုပ်ငန်းစတင်ချိန် ၂၀၀၃-၀၄ ခုနှစ်တွင် ပုစွန်ရောဂါ (White Spot Virus) ကျရောက်ခဲ့သည့်အတွက် ဌာနကဝန်ထမ်းများနှင့် လုပ်ငန်းဆောင်ရွက်နေရာကနေပြီး ပြင်ပပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ကြောင်း၊

အောင်ချမ်းသာ ရေငန်ငါး၊ ပုစွန်မွေးမြူရေးစခန်းသည် နှစ်စဉ်ကမ်းကော သောင်ထွန်းမြေ ပေ ၄၀၀၀ ခန့် ပေါ်ပေါက်လာမှုကြောင့် လက်ရှိမွေးမြူရေးကန်များအတွင်း ပင်လယ်ရေသွင်းရေထုတ်လုပ်ငန်း အခက်အခဲ ဖြစ်ပေါ်လာပြီး ရေဝင်နည်းလာခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရေရှည်တွင်ဆက်လက် ဆာင်ရွက်သွားနိုင်ရေးအတွက် အဆိုပါသောင်ထွန်းမြေများကို သဘာဝမွေးမြူရေး ကန်များအဖြစ် တိုးချဲ့ဆောင်ရွက်သွားရန် လိုအပ်လာပါကြောင်း၊ သို့ဖြစ်ုသည့်အတွက် မူလပုစွန်ကန်နှင့် မုတ္တမ ပင်လယ်ကွေ့အကြား မြေဧရိယာကို မူလဧက ၃၀၀ အပါ ထပ်မံတိုးချဲ့ပြီး စုစုပေါင်းဧက ၈၀၀ ကို ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ၂၀၁၅ ခုနှစ်တွင် ထပ်မံလျှောက်ထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျောက်တန်းရေငန်ပုစွန် မွေးမြူရေးစခန်းကို ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ ကစပြီး မြေ ၁၁၅. ဧကတွင် တစ်ကန်ကို ဧကစီရှိသည့် ပုစွန်မွေးမြူရေးကန် ရှစ်ကန်တူးဖော်ပြီး စတင်ဆောင်ရွက် ခဲ့ပါကြောင်း၊ ကျောက်တန်းပုစွန် မွေးမြူရေးလုပ်ငန်းမှ ၂၀၀၀-၀၁ ဘဏ္ဍာရေးနှစ်တွင် ပုစွန်အလေးချိန် ၂၃၈၂၀.၇၈ ကီလိုဂရမ် ထုတ်လုပ်ခဲ့ပါကြောင်း၊ ၂၀၀၂ ခုနှစ်တွင် မွေးမြူရေးကန်များမှာ အဖြူစက် (White Spot Virus) ရောဂါကျရောက်ခဲ့ပြီး ပုစွန်များ ရောဂါကူးစက်မှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ကုန်ထုတ်လုပ်မှု ကျဆင်းခဲ့ပါကြောင်း၊  ၂၀၀၂ ခုနှစ်တွင် ရေငန်ပုစွန် ထုတ်လုပ်မှုသည် ၆၉၉၄ ကီလိုဂရမ်သာ ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ ပုစွန်ရောဂါ ကျရောက်မှုကြောင့် ပုစွန်မွေးမြူရေး ခေတ္တရပ်ဆိုင်းထားချိန်တွင် ပုစွန်သားပေါက် လုပ်ငန်းမှ ရေချိုပုစွန်သားပေါက်ကောင်ရေ ၃၉ သိန်းကျော်ကို ဖောက်လုပ်ခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင်များကို ရောင်းချခဲ့ကြောင်း သိရှိရပါသည်။ ၂၀၀၂-၀၃ ခုနှစ်ကစပြီး ဌာနအစီအစဉ်ဖြင့် ပုစွန်မွေးမြူခြင်း လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခြင်း မရှိဘဲ ၂၀၀၄-၀၅ ဘဏ္ဍာရေးနှစ်မှစပြီး ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အထိ Khoo & Associate Co.,Ltd ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ကျော်သစ္စာ ကုမ္ပဏီကို ငှားရမ်းခဲ့ကြပြီး ပုစွန်မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောက်တန်း ရေငန်ပုစွန်မွေးမြူရေးဇုန်အဖြစ် မူလက ပင်လယ်ရေငန်ဝင်ထွက်မှုအပေါ် မူတည်ပြီး ကမ်းနီးရေငန်ပုစွန် မွေးမြူရေးဇုန်အဖြစ် ငါးလုပ်ငန်းဦးစီးမှ သတ်မှတ်ထားခြင်း ရှိခဲ့ပါကြောင်း၊ ဇုန်အတွင်းပုစွန် မွေးမြူရေးလုပ်ငန်းများ အောင်မြင်မှုမရှိသည့်အတွက် လက်ရှိတွင် ကဏန်းကမ္ဘာ ကုမ္ပဏီလီမိတက်၊ အောင်မိုးခိုင်ကုမ္ပဏီလီမိတက်နှင့် နေကြာပန်းကုမ္ပဏီ လီမိတက်တို့မှ ကဏန်းပျော့ မွေးမြူရေးကို ပြောင်းလဲဆောင်ရွက်နေကြပါကြောင်း၊ Myanmar Earth Food Co.,Ltd မှလည်း ကဏန်းပျော့ မွေးမြူရေးလုပ်ငန်း ငှားရမ်းလုပ်ကိုင်ခွင့်ပြုပါရန် တင်ပြလာခဲ့သည့်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် အဆိုပါကုမ္ပဏီကို  ကဏန်းပျော့မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရန် ငါးနှစ်ဆက်တိုက် တစ်နှစ်တစ်ကြိမ်စာချုပ်နှင့် နှစ်ရှည်ငှားရမ်းခဲ့ကြောင်း သိရှိခဲ့ရပါသည်။ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်အရ အောင်ချမ်းသာရေငန်ငါး၊ ပုစွန်မွေးမြူရေး စခန်းသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ ရရှိဝင်ငွေ စုစုပေါင်း  ကျပ် ၂၀၅၄.၈၁ သိန်းဖြစ်ပြီး ကျောက်တန်းရေငန်ပုစွန် မွေးမြူရေးစခန်းသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ ရရှိဝင်ငွေစုစုပေါင်း ကျပ် ၄၂၉၆.၁၈ သိန်း ဖြစ်ပါကြောင်း၊ မွေးမြူရေးစခန်းက ရရှိသည့်ဝင်ငွေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ရငွေစာရင်းပေးသွင်းပြီး မြို့နယ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် အဆိုပါစခန်းမြေများကို ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။

 

ဒေါ်အေးမြမြမျိုး (ကျောက်တန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မြေလွတ်၊ မြေရိုင်းလုပ်ပိုင်ခွင့် ချထားသည့်အခါ တခြားသူကို လွှဲပြောင်းပေး၍ မရဘူးဆိုသည့်ကိစ္စကို မိမိတို့အကုန်လုံး လက်မှတ်ထိုးထားခြင်း ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာက ရှေ့ဆောင်လမ်းပြနှင့် နမူနာကောင်းများ ဖြစ်နေရမည် ဖြစ်ပါကြောင်း၊ ၎င်းမှာ ပြည်သူကိုကျ လွှဲပြောင်းပေးအပ်ခြင်း မလုပ်ရပါဘူးဆိုပြီး ကတိခံဝန်ချက်ထားပြီးမှ ဌာနဆိုင်ရာကျ မြေများကို လုပ်ပိုင်ခွင့်ယူပြီး အရှုံးပေါ်၍ ပြန်ပြီး ပြည်သူကို ပြန်ငှားသည်ဆိုသည့် ကိစ္စမျိုးသည် ဥပဒေစည်းမျဉ်း/စည်းကမ်းအတိုင်း မဟုတ်ပါကြောင်း၊ တစ်ပြေးညီလည်း မဖြစ်ပါကြောင်း၊ အခွင့်အရေးများ ပိုယူနေခြင်းလည်း ဖြစ်ပါကြောင်း၊ အမှန်တကယ် ပြည်သူများက အကျိုးအမြတ်ရအောင် စီမံခန့်ခွဲနေပြီးမှ ဌာနဆိုင်ရာ စီမံခန့်ခွဲသည့်အခါ အကြောင်းအမျိုးမျိုးကြောင့် ရှုံးရသည်ဆိုသည့်ကိစ္စ ဖြစ်သင့်သည့်ကိစ္စ မဟုတ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါမြေများအပေါ် လွှဲပြောင်းသည့် ကိစ္စများ တခြားသူများ မလုပ်အောင်လည်း စိစစ်ပေးခြင်း၊ ဌာနဆိုင်ရာကိုယ်တိုင်ကကို ယခုလိုမျိုးလုပ်သည့် ကိစ္စအပေါ် ဝန်ကြီးအနေဖြင့် မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဦးဆောင်လုပ်ရမည့် နမူနာကောင်းယူရမည့် ဌာနများက ယခုလိုချိုးဖောက်သနည်းဆိုသည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

အဆိုပါလုပ်ငန်း အရပ်ရပ်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ကိုင်ခွင့် မြေများဖြစ်ပြီး မိမိတို့ စည်ပင်သာယာရေး ကော်မတီက ဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရယူလုပ်ကိုင် ဆောင်ရွက်လျက်ရှိသော ကော်မတီ၏ စီမံခန့်ခွဲအုပ်ချုပ်မှု အောက်တွင်ရှိသည့် လုပ်ငန်းရပ်ဖြင့် သက်ဆိုင်ပါကြောင်း၊ သို့ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး တစ်ဆက်တစ်စပ်တည်း မေးခွန်းအပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်ရရှိရန်အတွက် စီမံဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။