ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ မိုင်းတောင်းကျေးရွာအုပ်စု နမ့််ခမ်းကျေးရွာရှိ နမ့်ခမ်းချောင်းပေါ်တွင် တောင်သူများ ကိုယ်ထူကိုယ်ထ နှစ်စဉ်ဆောက်လုပ်နေသော ဆည်တစ်ခု ရှိပါကြောင်း၊ အလျား ၁၆၀ ပေ၊ အမြင့် ၁၈ ပေရှိပြီး ဒေသထွက်သစ်၊ ဝါးများဖြင့်ဆောက်လုပ်နေရာမှ ရေကြီးချိန်တွင် ကျိုးပဲ့ကာ ရေထဲမျောပါ လေ့ရှိသဖြင့် တောင်သူများမှ ဘိလပ်မြေများ၊ ကျောက်တုံး ကျောက်ခဲများဖြင့် ကိုယ်ထူကိုယ်ထ တက်နိုင်သမျှ ကြိုးပမ်းတည်ဆောက်ခဲ့ပါသော်လည်း ငွေကြေး အခက်အခဲကြောင့် အပြီးသတ် တည်ဆောက်နိုင်ခြင်းမရှိပါကြောင်း၊ ၎င်းဆည်ကို တောင်သူ ၁၀ ဦးမှ လယ်ယာမြေ ၄၄ ဧက ရေပေးသွင်းနိုင်ရန် အားထားရပါကြောင်း၊ သို့ဖြစ်ပါ၍ တန့်ယန်းမြို့နယ် မိုင်းတောင်းကျေးရွာအုပ်စု ရှိ နမ့်ခမ်းဆည်ကို RC ကွန်ကရစ်ဖြင့် အပြီးသတ်တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မရှိသေးပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တန့်ယန်းမြို့နယ်၊ မိုင်းတောင်းကျေးရွာအုပ်စု၊ နမ့်ခမ်းချောင်းပေါ်ရှိ နမ့်ခမ်းဆည်သည် ဒေသခံ တောင်သူများက သစ်၊ ဝါးများနှင့် တည်ဆောက်ထားသော ယာယီရေလွှဲဆည်တစ်ခု ဖြစ်ပါကြောင်း၊ ရေပေးမြောင်းနှစ်ခုနှင့် ရေသွယ်ပြီး လယ်မြေ ၄၄ ဧကခန့်ကို စိုက်ပျိုးရေရယူ စိုက်ပျိုးလျက်ရှိကြောင်း၊ အဆိုပါ ယာယီရေလွှဲဆည်သည် နှစ်စဉ် မိုးရာသီတွင် ချောင်းရေတိုက်စားသည့် အတွက်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေသောကြောင့် ယာယီရေလွှဲဆည်၏ အောက်ဘက် ၅၅ ပေခန့်အကွာတွင် အလျား ၁၀၅ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၈ ပေခန့်ရှိသော ကျောက်စီကွန်ကရစ် ရေလွှဲဆည်တစ်ခုကို တောင်သူများအစီအစဉ်ဖြင့် တည်ဆောက်နေဆဲဖြစ်ကြောင်း၊
အဆိုပါ ဆောင်ရွက်နေဆဲဖြစ်သော ရေလွှဲဆည်အဆောက်အအုံသည် ဒီဇိုင်းပုံစံကျဆောင်ရွက်ထားမှု မရှိသည့်အတွက် မူလအနေအထားမှ အလျားကို ပေ ၁၅၀၊ အမြင့်ကို ၁၄ ပေ အရွယ်အစားရှိသော ကျောက်စီကွန်ကရစ် ရေလွှဲဆည်အဖြစ် ဒီဇိုင်းပုံစံကျ ပြုပြင်တည်ဆောက်ရန် လိုအပ်မည်ဖြစ်ကြောင်း ကို စိစစ်သိရှိရပါကြောင်း၊ ထို့အပြင် ရေလွှဲဆည်၏ လက်ဝဲ၊ လက်ယာ ရေပေးမြောင်းများထိပ်တွင် ရေထိန်း အဆောက်အအုံတစ်ခုစီ ထည့်သွင်းတည်ဆောက်ခြင်းနှင့် ရေပေးမြောင်းများ ပုံစံကျ တူးဖော်ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့အတွက် စိစစ်တွက်ချက်မှုအရ ခန့်မှန်းကုန်ကျငွေအနေဖြင့် ကျပ်သန်း ၄၅၀ ခန့်ကုန်ကျမည်ဟု စိစစ်သိရှိ ရပါကြောင်း၊
အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ရန် တည်ဆောက်မှုကုန်ကျစရိတ် များပြားပြီး တစ်ဖက်မှာလည်း အကျိုးပြုနိုင်သော လယ်မြေဧရိယာနည်းပါးသည့်အတွက် နည်းပညာပိုင်း သုံးသပ်ချက်အရ တည်ဆောက်ရန် သင့်လျော်မှုမရှိပါကြောင်း၊ သို့ဖြစ်၍ တောင်သူများအစီအစဉ်နှင့် ယခုဆောင်ရွက် နေသောလုပ်ငန်းများအပေါ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လိုအပ်သော နည်းပညာအကူအညီများ ပံ့ပိုးကူညီဆောင်ရွက်ပေးပြီး ရေလွှဲဆည်၏ မူလရည်ရွယ်ချက်နှင့်အညီ စီမံအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားပါသည်။
