(င)-မိုင်းခတ်မြို့၊ မြို့မရဲစခန်း၏ လိုအပ်ချက်များဖြစ်သည့် ရဲတပ်သားနှင့် ဝန်ထမ်းမိသားစုများ နေထိုင်နိုင်သော အဆောင်၊ အရာရှိမိသားစုနေထိုင်ရန် အဆောင်တို့အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၈. ၅. ၂၀၁၉)

 

မိုင်းခတ်မြို့နယ်၊ မြို့မရဲစခန်းမြေကွက်သည့် ၆.၉ ဧကရှိပြီး ၎င်းမြေကွက်ပေါ်တွင် အသစ်ဆောက်လုပ် ထားသော မြို့နယ်မှူးရုံးတစ်ရုံးနှင့် မြို့နယ်မှူးရုံးဟောင်း တစ်ရုံးရှိပါကြောင်း၊ နောက်ပြီး မိသားစု နေထိုင်ရန် ခြောက်ခန်းတွဲတစ်ထပ်ဆောင် တစ်ဆောင်၊ လေးခန်းတွဲ တစ်ထပ်ဆောင် တစ်ဆောင်၊ ကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်ထားသော နှစ်ခန်းတွဲတစ်ဆောင် ရှိပါကြောင်း၊ အဆိုပါ အခန်းများသည် ဝန်ထမ်း ၁၂ ဦးအတွက်သာ လုံလောက်ပါကြောင်း၊ ယခုလက်ရှိတွင် ရဲဝန်ထမ်းအရာရှိ ၉ ဦး၊ တခြားအဆင့်က ၂၆ ဦး တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ ၎င်းမှာ ၂၃ ဦး အတွက် နေရာထိုင်ခင်းက မရှိပါကြောင်း၊ နေရာထိုင်ခင်းမရှိသည့်အတွက် ရုံးခန်းထဲကိုအခန်းဖွဲ့ပြီး နေထိုင်သည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ ယခုလို ရုံးထဲတွင်အခန်းဖွဲ့ နေထိုင်ခြင်းသည် ရုံးလုပ်ငန်း ဆောင်ရွက်သည့် နေရာတွင် အဆင်မပြေဖြစ်နေသည်ကို တွေ့ရှိရပါသဖြင့် အရာရှိများ သီးသန့်လိုင်းခန်း ဆောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိ၊ တပ်ဖွဲ့ဝင်များ နေထိုင်မှုအဆင်ပြေရေး၊ နေအိမ်အဆောက်အဦ ဆောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိ၊ မြို့မရဲစခန်းလုံခြုံရေး အတွက် ခိုင်မာသော ခြံစည်းရိုးခတ်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးနှင့် မိုင်းခတ်မြို့မရဲစခန်းတို့သည် မြေဧရိယာ ၆.၉ ဧကပေါ် တစ်စုတစ်စည်းတည်း တည်ရှိပါကြောင်း၊ မိုင်းခတ်မြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးတွင် အရာရှိ ၄ ဦး၊ အခြားအဆင့် ၄ ဦး၊ စာရေး ၂ ဦး၊ မိုင်းခတ် မြို့မရဲ့စခန်းတွင် အရာရှိ ၅ ဦး၊ အခြားအဆင့် ၂၂ ဦး စုစုပေါင်း အရာရှိ ၉ ဦး၊ အခြားအဆင့် ၂၆ ဦး၊ စာရေးဝန်ထမ်း ၂ ဦး စုစုပေါင်း ၃၉ ဦး၊ အိမ်ထောင်သည် ၂၉ ဦး၊ လူပျို/အပျို ၈ ဦးတို့ဖြင်‌့ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊

မိုင်းခတ်မြို့မရဲစခန်းအတွင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး (ယခင်ရဲစခန်း) အဆောက်အဦး တစ်လုံး၊ ရဲစခန်းရုံး (အချုပ်ပါ) တစ်ထပ်တစ်လုံး၊ သုံးခန်းတွဲတစ်ထပ် တစ်လုံး၊ လေးခန်းတွဲတစ်ထပ် တစ်လုံး၊ ခြောက်ခန်းတွဲတစ်ထပ် တစ်လုံး စုစုပေါင်း အဆောက်အဦ ငါးလုံး၊ လူနေအခန်း ၁၃ ခန်းရှိပြီး ပြုပြင်ရန် မလိုသည့် အဆောက်အဦများ ဖြစ်ပါကြောင်း၊ အိမ်ထောင်သည် ၁၃ ဦးအား လူနေအခန်း ၁၃ ခန်းတွင် လည်းကောင်း၊ အိမ်ထောင်သည် ခုနစ်ဦးမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး (ယခင်ရဲစခန်းဟောင်း) ၏ အနောက်ဘက်ခြမ်း အခန်းဖွဲ့၍လည်းကောင်း၊ လူပျိုခုနစ်ဦးနှင့် မိသားစုလိုက်ပါခြင်း မရှိသည့် အိမ်ထောင်သည် ခုနစ်ဦးတို့မှာ ရဲစခန်းရုံးတွင်လည်းကောင်း၊ အိမ်ထောင်သည်နှစ်ဦးနှင့် အပျိုစာရေး ဝန်ထမ်းတစ်ဦးတို့မှာ ဒေသခံများဖြစ်၍ ပြင်ပတွင် ဆွေးမျိုးများနှင့်အတူ နေထိုင်လျက်ရှိပါကြောင်း၊ မိုင်းခတ်မြို့မရဲစခန်း တပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းရှိ တပ်ဖွဲ့ဝင်အင်အား မျှတမှုမရှိခြင်း၊ ဖွဲ့စည်းပုံအရ အင်အားဖြည်‌့တင်းလာပါက တပ်ဖွဲ့ဝင်များနေထိုင်ရန် အဆောက်အဦများ လိုအပ်မည်ဖြစ်ပါသဖြင့် ခေတ်နှင့်လျော်ညီသည့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တစ်ရုံး၊ အရာရှိနေအိမ်တစ်လုံး၊ ခြောက်ခန်းတွဲနှစ်ထပ် တစ်လုံးနှင့် လူ ၃၀ ဦးဆံ့ လူပျိုဆောင်တစ်လုံး ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ပါ၍ မိုင်းခတ်မြို့နယ် ရဲဖွဲ့မှူးရုံးနှင့် မိုင်းခတ်မြို့မရဲစခန်းတို့အတွက် လိုအပ်လျက်ရှိသည့် မိုင်းခတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတစ်ရုံး၊ အရာရှိနေအိမ်တစ်လုံး၊ ခြောက်ခန်းတွဲနှစ်ထပ်တစ်လုံး၊ လူ ၃၀ ဆံ့လူပျိုဆောင် တစ်ဆောင်တို့အား ဆောက်လုပ်ရန် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းမူလ အသုံးစရိတ်တွင် တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီးထပ်မံတင်ပြသည့် ခြံစည်းရိုးနှင့် ပတ်သက်၍ ယခင်တင်ပြခြင်း မရှိသည့်အတွက် မိမိပြန်လည်စိစစ်ပြီး ပြန်ကြားသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။