မိုင်းပန်မြို့ရှိ မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် လေးခန်းတွဲနှစ်ထပ် RC သွပ်မိုး ဝန်ထမ်းအိမ်ရာတစ်လုံးအား ဌာနပိုင်မြေအတွင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်သည် ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော အစွန်အဖျားဒေသတွင် တည်ရှိသည့် မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၇-၇-၁၉၇၂ ခုနှစ် ရက်စွဲပါအမိန့်အရ မြို့နယ်အဖြစ် ဖွဲ့စည်းခွင့်ရရှိခဲ့သော မြို့တစ်မြို့လည်း ဖြစ်ပါကြောင်း၊ မြို့နယ်တစ်ခုလုံးဧရိယာ ၉၅၀ စတုရန်းမိုင် ကျယ်ဝန်းပြီး တိုင်းရင်းသားအများစု နေထိုင်ကြပါကြောင်း၊ မြို့နယ်ကို ယခင်ကလက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားမှုရှိခဲ့သည့် ဒေသဖြစ်သည့်အတွက် ငြိမ်းချမ်းရေးကို အပြည့်အဝမခံစားရသော မြို့လည်းဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုလည်း နောက်ကျကျန်ရစ်ခဲ့ပါကြောင်း၊ နှစ်စဉ်မြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားတို့သည် တစ်ဖက်နိုင်ငံကို သွားရောက်အလုပ် လုပ်ကိုင်ကြခြင်းများ မကြာခဏ သွားလာမှုများ ရှိခဲ့ကြပါကြောင်း၊ မိမိတို့မြို့နယ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးရုံးကို ၁၉၆၅ ခုနစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရုံးကိုဌာနပိုင်မြေ ဧရိယာအကျယ်အဝန်း ဝ.၂၃၉ ဧက ပေါ်တွင် အလျား ၆၀ ပေ၊ အနံ ၄၈ ပေ တစ်ထပ် RC သွပ်မိုး အဆောက်အဦကို ၂၀၁၀ ခုနှစ်တွင် ဆောက်လုပ်ပြီးစီး ခဲ့ပါကြောင်း၊
ယခုအခါ မြို့နယ်ဦးစီးမှူးအပါအဝင် ရုံးဝန်ထမ်း ၈ ဦးခန့်ထားရှိပြီး အိမ်ထောင်သည် ဝန်ထမ်းမိသားစု ၆ စုရှိသော်လည်း ဌာနမှနေထိုင်စရာ အဆောက်အဦများ ဆောက်လုပ်ပေးထားခြင်း မရှိသည့်အတွက် ပြင်ပတွင် ငှားရမ်းနေထိုင်ကြပြီး ဝန်ထမ်းများသည် စရိတ်များစွာကုန်ကျလျက်ရှိပြီး လွန်စွာအခက်အခဲ ဖြစ်ပေါ်လျက် ရှိပါကြောင်း၊ လက်ရှိ ရုံးအဆောက်အဦပါ မြေဧရိယာ ဝ.၂၃၉ ဧကပေါ်တွင် ထပ်မံ၍ အဆောက်အဦ ဆောက်မည်ဆိုပါက မြေလွတ်ဧရိယာ အကျယ်အဝန်းအလျား ၇၈ ပေ၊ အနံ ၈၀ ပေ ကျန်ရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းပန်မြို့တွင်နေထိုင်ပြီး ခက်ခဲလျက်ရှိသော အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများအတွက် လေးခန်းတွဲ နှစ်ထပ် RC သွပ်မိုး ဝန်ထမ်းအိမ်ရာ တစ်လုံးကို ဌာနပိုင်မြေအတွင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့် ခွင့်ပြုခြင်းမရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဌာနပိုင်ရုံးဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်ရုံးများ၊ အိုမင်းဟောင်းနွမ်း နေပြီဖြစ်သည့် ဌာနပိုင်ရုံးအဆောက်အဦများနှင့် မှတ်တမ်းခန်းများ၊ ဝန်ထမ်းအိမ်ရာများကိုလည်း ပြုပြင်ခြင်းများ၊ အသစ်ပြန်လည် ဆောက်လုပ်ရေးများအတွက် ဆန္ဒရှိပါကြောင်း၊ နှစ်စဉ်လည်း ဦးစားပေးအလိုက် လျာထားချက်များ တင်ပြတောင်းခံနေပါကြောင်း၊
သို့ရာတွင် ခွဲဝေချထားရရှိသည့် ဘတ်ဂျက်ကန့်သတ်ချက်အရ ဦးစားပေးအလိုက် ဆောင်ရွက်သည့် နေရာတွင် မှတ်တမ်းခန်းများ၊ ရုံးများကိုဦးစားပေးပြီး ဒုတိယအဆင့်မှသာ ဝန်ထမ်းအိမ်ရာ အဆောက်အဦများကို ဦးစားပေးရခြင်း ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွား သကဲ့သို့ မှတ်တမ်းခန်းများ အခြေအနေအနည်းငယ် ဆိုးရွားနေပါကြောင်း၊ ငှားနေရသောရုံးများလည်း ရှိပါကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိတို့ဌာနအနေဖြင့် ဘတ်ဂျက်ခွင့်ပြုပါက တစ်နိုင်ငံလုံးရှိရုံးများ၊ ဝန်ထမ်းအိမ်ရာများကို အသစ်ပြုပြင်ဆောက်လုပ် ပေးလိုပါကြောင်း၊ လာမည့်ဘဏ္ဍာရေး နှစ်တွင်လည်း ဌာနအနေဖြင့် ဌာနပိုင်ရုံး ဖွင့်လှစ်နိုင်ခြင်း မရှိသည့်ရုံးများ၊ ငှားနေရသည့်ရုံးများ၊ အိုမင်းဟောင်းနွမ်းပြီး ပြုပြင်ရန်ရုံးများနှင့် ဝန်ထမ်းအိမ်ရာများကို အသစ်ပြန်လည် တည်ဆောက် နိုင်ရေးအတွက် လျာထားငွေကို တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း၊ ခွင့်ပြုရန်ပုံငွေရရှိပါက ဦးစားပေးအစဉ်အလိုက် ဆောင်ရွက်ပေးသွားမည်ဟု ရှင်းလင်းဖြေကြားပါသည်။
