မိမိအနေဖြင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေးဝန်ထမ်းများ တာဝန်ဖြင့်ခရီးသွားလာရာတွင် ခရီးစရိတ် လုံလောက်မှုနှင့်အတူ ၎င်းခရီးစရိတ်အား ပြန်လည်ထုတ်ယူရာတွင်လည်း အချိန်ကြာမြင့် စေမှုမရှိစေရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ ပညာရေးဝန်ကြီးဌာန အထက်အဆင့်ဆင့်မှ တောင်းခံလာ သော စာရင်းဇယားများ ဖြည့်စွက်စေရာတွင် လိုက်နာရမည့်စည်းကမ်းများ၊ တိကျသည့်ညွှန်ကြားချက်များ ကြိုတင်ထုတ်ပြန်ပေးထားနိုင်ခြင်း ရှိ/မရှိ။ အထက် ဌာနအဆင့်ဆင့်သို့ ရုံးစာနှင့်စာရင်းဇယားများ အပြန် အလှန်ပေးပို့ဆက်သွယ်မှု လျင်မြန်စေရန်နှင့် ပိုမိုအဆင်ပြေလာစေရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအောက်ရှိပညာရေးဝန်ထမ်းများ တာဝန်နှင့်ခရီးသွားလာရေး အတွက် ခရီးစရိတ် ထုတ်ပေးခြင်းကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ၀၂-၀၁ ခေါ် ပြည်တွင်းခရီးစရိတ် ခေါင်းစဉ်အောက်မှတစ်ချို့တစ်ဝက်ကို ကြိုတင်ထုတ်ပေးပြီး ခရီးပြီးဆုံးချိန်တွင်လည်း ကြိုတင်ထုတ် ပေးငွေကို ခုနှိမ်ခြင်းဖြင့်လည်းကောင်း၊ တာဝန်ပြီးဆုံးသည့်အခါမှ တစ်လုံးတစ်ခဲ တည်း ထုတ်ပေးခြင်းဖြင့် သော်လည်းကောင်း နည်းလမ်းနှစ်သွယ်ဖြင့် ကြန့်ကြာမှုမရှိစေရန် ဆောင် ရွက်ပေးလျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာန အထက်အဆင့်ဆင့်မှ တောင်းခံလာသော စာရင်းဇယားများ ဖြည့်စွက်ရာတွင် အခါအားလျော်စွာ နှီးနှောဖလှယ်ပွဲများကျင်းပပြီး လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ တိကျသော ညွှန်ကြားချက်များကို ကြိုတင်ထုတ်ပြန်ထားရှိသကဲ့သို့ အခါအားလျော်စွာလည်း နှီးနှောဖလှယ်ပွဲများ ကျင်းပပြီး ထပ်မံအသိပေးဆောင်ရွက်လျက်ရှိပါကြောင်း။
အထက်ဌာနအဆင့်ဆင့်သို့ ရုံးစာနှင့်စာရင်းဇယားများ အပြန် အလှန်ပေးပို့ဆက်သွယ်မှု လျင်မြန်စေရန်နှင့် ပိုမိုအဆင်ပြေလာစေရန်အတွက် ရုံးစာနှင့်စာရင်းဇယားများကို လျင်မြန်စေရန် Fax၊ e-mail စသည့်နည်းပညာများကို အသုံးပြု ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ နိုင်ငံခြားခရီးစဉ်သွားရောက်ရာတွင်လည်း အမြဲတမ်း e-mail များဖြင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိသည့်အတွက် မိမိတို့တွင် အလုပ်အကြွေးများ တင်ကျန်ခြင်းလည်း မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
