(စ)-လွိုင်လင်မြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ ဟွေဟိုးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် နားတစ် ကျေးရွာအုပ်စု၊ ပန်ဟူးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့တွင် စာသင်ကျောင်းဆောင် အသစ်တစ်ဆောင်စီ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၃. ၅. ၂၀၁၉)

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မဲဆန္ဒနယ်အတွင်းရှိ မိဘပြည်သူများနှင့် တွေ့ဆုံခဲ့ရာတွင် မိဘပြည်သူများမှ ရပ်ရွာဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျေးရွာဒေသတွင်ရှိကြသည့် နောင်လိုင်ကျေးရွာအုပ်စုနှင့် နားတစ်ကျေးရွာအုပ်စုရှိ မိဘပြည်သူများ၏ သားငယ်၊ သမီးငယ်များကို ပညာသင်ပေးနိုင်ရေးအတွက် တင်ပြသည်မှာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ ဟွေဟိုးရွာတွင်ရှိသည့် အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား/သူဦးရေ များပြားပါသဖြင့် စာသင်ကျောင်းဆောင် အသစ်တစ်ဆောင် ဆောက်လုပ်ပေးနိုင်ပါရန် တင်ပြလာပါသည်။ ထိုနည်းတူ နားတစ်ကျေးရွာအုပ်စု၊ ပန်ဟူးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/သူဦးရေ များပြားပြီး လက်ရှိ စာသင်ကျောင်းဆောင်နှင့် မလုံလောက်ပါသဖြင့် စာသင်ကျောင်းဆောင် အသစ်တစ်ဆောင် ဆောက်လုပ်ပေးနိုင်ပါရန် တင်ပြလာပါသဖြင့် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနသို့ မေးမြန်းလိုသည်မှာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ ဟွေဟိုးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် နားတစ်ကျေးရွာအုပ်စု၊ ပန်ဟူးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတို့တွင် စာသင်ကျောင်း ဆောင်အသစ်တစ်ဆောင်စီ ဆောက်လုပ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေး နိုင်ပါမည်နည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေးရန်ပုံငွေဖြင့် ရှမ်းပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ လွှတ်တော်ကတိကဝတ်အရ ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးရန် ၅၂ ကျောင်း၊ အန္တရာယ်ရှိကျောင်းဆောင်များ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ရန် ၂၆ ကျောင်း၊ ကျောင်းသားဦးရေအရ တိုးချဲ့အသစ် ဆောက်လုပ်ရန် ၅၃ ကျောင်း၊ သိပ္ပံဆောင်ဆောက်လုပ်ရန် တစ်ကျောင်း၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် ငါးကျောင်း၊ စာကြည့်တိုက် ဆောက်လုပ်ရန်တစ်ကျောင်း စုစုပေါင်း ၁၃၈ ကျောင်းတို့ကို ခွဲဝေရရှိသည့် ရန်ပုံငွေအရ ဦးစားပေးအစီအစဉ်အလိုက် လျာထားပြီးဖြစ်ပါကြောင်း၊ လွိုင်လင်မြို့နယ်၊ ဟွေဟိုးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းဆောင်အသစ်အနေဖြင့် ၆၀ ပေ x ၃၀ ပေ Steel Structure တစ်ထပ်ကျောင်‌းဆောင်အသစ် တိုးချဲ့ဆောက်လုပ်ရန်နှင့် ပန်ဟူးကျေးရွာ အခြေခံပညာမူလတန်း ကျောင်း ၆၀ ပေ x ၃၀ ပေ သွပ်မိုး၊ ပျဉ်ကာ တစ်ထပ်ဆောင် အစား ၆၀ ပေ x ၃၀ ပေ Steel Structure တစ်ထပ်ကျောင်းဆောင်အသစ် ဆောက်လုပ်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ကျခံသုံးစွဲဆောင်ရွက်ပေးရန် ဘဏ္ဍာငွေလျာထား ပါကြောင်းနှင့်ရန်ပုံငွေ ရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။