ရေဦးမြို့ အ.ထ.က (၁) ကျောင်းဝင်းအတွင်းရှိ သင်ကြားရေးအဆောင်များဖြစ်သော ကံ့ကော်ဆောင်နှင့် အင်ကြင်းဆောင်တို့မှာ ကျောင်းသား/သူ ဦးရေများပြားခြင်း၊ ကျောင်းဆောင်သက်တမ်းကာလ ကြာမြင့်ခြင်းတို့ကြောင့် ကျောင်းဆောင်အမိုးများ၊ ကြမ်းခင်းများ၊ လှေကားများ၊ အကာလက်ရန်းများ ခိုင်ခံ့မှုကိုစစ်ဆေးကာ နွေရာသီကျောင်းပိတ်ရက်များတွင် ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်မြို့ပေါ်တွင် အခြေခံပညာအထက်တန်းကျောင်း နှစ်ကျောင်းရှိပါကြောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ ငါးထောင်ဝန်းကျင်ခန့်ရှိပြီး ဆရာ/မပညာရေးဝန်ထမ်း ၁၅၀ ခန့် တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ အ.ထ.က (၁) ကျောင်းဝင်းအတွင်းရှိ ကံ့ကော်ဆောင်၊ အင်ကြင်းဆောင်၊ သဇင်ဆောင်၊ သရဖီဆောင်၊ မြတ်လေးဆောင်၊ စကားဝါဆောင်များသည် သင်ကြားရေးအဆောင်များဖြစ်ပါကြောင်း၊ သင်ကြားရေးအဆောင်များ များပြားသော်လည်း ကျောင်းသား/သူအရေအတွက် များပြားလာ ခြင်းကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ရာသီများတွင် စာသင်ခုံများနှင့် စာမေးပွဲဖြေဆိုနိုင်သော စာဖြေခန်းများ လိုအပ်လျက်ရှိပါကြောင်း၊ ကံ့ကော်ဆောင်နှင့် အင်ကြင်းဆောင်တို့သည် ၁၉၅၅ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး ကုန်ကျစရိတ်အားဖြင့် ၁၁ သိန်း ၅ သောင်းကျပ်ဖြင့်သာ ဆောက်လုပ်ခဲ့ပါကြောင်း၊ သက်တမ်းအားဖြင့် နှစ်ပေါင်း ၆၀ ကျော်နေသော စာသင်ဆောင်များ ဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် ကျောင်းသား/သူဦးရေ များပြားလာခြင်း၊ ကျောင်းဆောင်သက်တမ်းကာလ ကြာမြင့်ခြင်းတို့ကြောင့် အင်ကြင်းဆောင်သည် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေပါကြောင်း၊ စာသင်ဆောင် အမိုးများ၊ မျက်နှာကြက်များ၊ ကြမ်းခင်းများ၊ လှေခါးများ၊ အကာလက်ရန်းများ ပြုတ်ကျပျက်စီးနေခြင်းကြောင့် ကျောင်းသား/သူများ အတွက်လည်း အန္တရာယ်အလွန် များပြားပါကြောင်း၊ စာသင်ဆောင် လေးဆောင်သည် အထက်တန်းကျောင်းသားနှင့် အလယ်တန်းကျောင်းသားများ သင်ယူနေသော အဆောင်များ ဖြစ်ပါကြောင်း၊ အင်ကြင်းဆောင်သည် အကာနှင့်အမိုးများ ပျက်စီးနေပါကြောင်း၊ လှေကားအတက်တွင် လက်ရန်းများပြုတ်ကျပြီး အတက်အဆင်းလုပ်ကြသည့်အခါ လှုပ်ယမ်း နေပါကြောင်း၊ အောက်ကြမ်းပြင်အခင်းများ၊ တိုင်ခြေများ ပျက်စီးယိုယွင်းနေပါကြောင်း၊ ပြူတင်း ပေါက်များ၊ မျက်နှာကြက်များ၊ အမိုးများသည် ပျက်စီးပြီး မိုးရေများကြမ်းပြင်ပေါ်ထိ ကျရောက် နေပါကြောင်း၊ လှေကားအတက်တွင် အုတ်နံရံများ ကွာကျပျက်စီးနေပါကြောင်း၊ လှေကားလည်း ပျက်စီးနေပါကြောင်း၊ ၎င်းကျောင်းဆောင်သည် ကုန်ကျစရိတ်နည်းနည်းဖြင့် ဆောက်လုပ်ခဲ့ သော်လည်း သူ့ခေတ်သူ့အခါကြောင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ပြုပြင် ထိန်းသိမ်းရန် အလွန်လိုအပ်နေခြင်းဖြစ်သည့်အတွက် အ.ထ.က(၁) ကျောင်းဝင်းအတွင်းရှိ သင်ကြားရေးအဆောင်များဖြစ်သော ကံ့ကော်ဆောင်နှင့် အင်ကြင်းဆောင်တို့ကို ကျောင်းဆောင် အမိုးများ၊ ကြမ်းခင်းများ၊ လှေကားများ၊ အကာလက်ရန်းများ ခိုင်ခံ့မှုကိုစစ်ဆေးကာ ပြုပြင်ထိန်းသိမ်း ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း တည်ဆောက်ရေး ရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ်ကြီးများ တင်ပြထားသော ကတိကဝတ်အရ ဆောင်ရွက်ပေးရမည့်ကျောင်း ရှစ်ကျောင်း၊ အန္တရာယ်ရှိ ကျောင်းဆောင်များ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ပေးရမည့် ကျောင်း ၁၆၄ ကျောင်း၊ ကျောင်းသားဦးရေအရ တိုးချဲ့အသစ်တည်ဆောက်ရမည့် ကျောင်း ၁၂၉ ကျောင်း၊ သိပ္ပံဆောင် လိုအပ်၍ ဆောက်လုပ်ရန် လေးကျောင်း၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် ၁၂ ကျောင်း၊ စာကြည့်တိုက် ဆောက်လုပ်ရန် တစ်ကျောင်း စုစုပေါင်းလုပ်ငန်း ၃၁၈ ကျောင်းကို ရန်ပုံငွေအလိုက်၊ ဦးစားပေး လုပ်ငန်းများအလိုက် ထည့်သွင်းလျာထားဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး ယခုတင်ပြသော ပြင်ဆင်ရေးလုပ်ငန်းများသည် ပြင်/ထိန်းရန်ပုံငွေနှင့် သာမန်အသုံးစရိတ်ဖြင့်သာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ ဖြစ်သည့်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်း ရေးစရိတ်ရန်ပုံငွေ ခေါင်းစဉ်အောက်မှ ခွဲဝေရရှိမှုအခြေအနေပေါ် မူတည်ပြီး ဦးစားပေးအလိုက် ပြင်ဆင်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
