(င)-မန္တလေး-ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးနှင့် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းတို့တွင် ပါဝင်သော မိုးကောင်းမြို့နယ် အတွင်းရှိ လမ်းပိုင်းများအား မည်သည့်ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂. ၅. ၂၀၁၉)

 

ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုးကောင်းလမ်းပိုင်းအခြေအနေမှာ လမ်းဦးစီးဌာနက ဆောင်ရွက်သည့် အတိုင်း မူလမြေသားလမ်းပြီး ကျောက်ချောလမ်းပြီးလျှင် မိမိတို့ ၁၂ ပေလမ်းပြီးလျှင် ၃ ပေစီချဲ့ပြီးလျှင် ထပ်ပိုးလွှာစသဖြင့် အဆင့်မြှင့်တင်သည့် အစီအစဉ်ဖြစ်ပါကြောင်း၊ မိမိတို့ လမ်းပိုင်းအခြေအနေက ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကုမ္ပဏီများကို ၃ ပေစီချဲ့ထားသည့်အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းချဲ့သည့် နေရာတွင် လမ်းအသားမသေဘဲ ချဲ့ခဲ့သည့်အတွက် ၎င်းလမ်းချဲ့သည့် ၃ ပေ ၂ ဖက်က လမ်းအသားများ နိမ့်ကျပြီး မူလလမ်းမကြီးနှင့်မညီဘဲ သုံးလမ်းသွားကဲ့သို့ ဖြစ်နေသည့် အခြေအနေ ဖြစ်ပါကြောင်း၊ ယာဉ်များကလည်း နိမ့်ကျသည့် လမ်းတစ်လျှောက်က မညီမညာဖြစ်သည့်အတွက် ၎င်းလမ်းကျယ်သည့် မူလလမ်းပေါ်တက်ပြီး လမ်းကြောလုမောင်းသည့် အခါတွင်လည်း ယာဉ်အန္တရာယ်များလည်း ကြုံတွေ့နေရပါကြောင်း၊ မြစ်ကြီးနားဘက် အပိုင်းကဲ့သို့ ၃ ပေစီ ချဲ့ပြီးထပ်ပိုးလွှာ ခင်းလိုက်သည့်အခါ ညီညာပြန့်ပြူး သွားသည့်အတွက် ယခုလို အခြေအနေ ဆောင်ရွက်ပေးနိုင်ရန်အတွက် တင်ပြသည့် အခါတွင်လည်း BOT ပေးရန်ရှိသည်ဆိုမှ ငြင်းပယ်ခြင်း ခံခဲ့ရပါကြောင်း၊ ၂၇-၂-၂၀၁၈ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကြီးတွင် အဆိုပါ လမ်းပိုင်းအနေဖြင့် ပတ်သက်ပြီး BOT ပေးရန်ကိစ္စကို မေးမြန်းသည့် နေရာတွင် ဝန်ကြီးကလည်းလာပြီး BOT ပေးရန်မရှိပါကြောင်း၊ ပြည်ထောင်စု အစိုးရအနေဖြင့် တာဝန်ယူပြီးမှ ခင်းသွားမည်ဆိုပြီး ဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ BOT လည်းမပေးနိုင်၊ ဌာနကလည်း မခင်းနိုင်ဘဲ မိမိတို့ ၄၊ ၅ နှစ်အတွင်း လမ်းကပိုပြီးမှ ပျက်စီးလာပါကြောင်း၊ ဆင့်ကလည်းပိုပြီး နိမ့်ကျလာမည် ဖြစ်သည့်အတွက် အကယ်၍ လမ်းအဆင့်မြှင့်တင်ရန် အစီအစဉ်များ ဖြစ်လာပြီဆိုလျှင် မဖြစ်မနေ ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးစေလိုသည်မှာ ၎င်းလမ်းမကြီးပေါ်ရှိသည့် တံတားများ ဖြစ်ပါကြောင်း၊

တံတားများကို တည်ဆောက်စေရာ မူလလမ်းထက်ကို များစွာမြင့်ပြီး တည်ဆောက်ထားခဲ့သည့်အတွက် တံတားကိုဖြတ်သည့် ယာဉ်တိုင်းသည် တစ်ဆင့်ကျတံတားများပေါ်မှ တက်ရသည့်အခါ အင်မတန်မှ အန္တရာယ်ရှိပါကြောင်း၊ တစ်လမ်းလုံးတွင်လည်း တံတားများ၊ ရေပေါက်များက များသည့်အတွက် မကြာခဏ ဖြတ်နေရသည့် အခြေအနေဖြစ်ပါကြောင်း၊ လမ်းအဆင့်မြှင့်တင်မည်ဆိုလျှင် တံတားနှင့်လမ်းများ ပြေပြေပြစ်ပြစ် ကူးသန်းသွားလာနိုင်ရန် အတွက်ကိုလည်း စီစဉ်ဆောင်ရွက်ပေးရန် တင်ပြလိုပါကြောင်း၊ နောက်လမ်းပိုင်းတစ်ခုအနေဖြင့် မိုင်းကောင်း-ကာမိုင်း-ဖားကန့်လမ်းပိုင်း အခြေအနေဖြစ်ပါကြောင်း၊ အဆိုပါ လမ်းပိုင်းအခြေအနေသည် ကျောက်ချောလမ်းအဆင့်ဖြစ်ပြီး သုံး၊ လေးနှစ်ခန့်လုံးဝ ပြုပြင်ထိန်းသိမ်းခြင်း မရှိသည့်အတွက် အင်မတန်မှ ဆိုးရွားပျက်စီးလာပြီးမှ မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ဒါနေ့စဉ်ဖြတ်သန်းသွားလာနေသော ကုန်ကားများ၊ ဆီကားများကြောင့် ၎င်းထက်ပိုပြီးမှ ပျက်စီးဆိုးရွား လာရန်လည်း ရှိနေပါကြောင်း၊ အဆိုပါ လမ်းကိုလည်း ယခင်မေးခွန်းတွင် မေးမြန်းသည့်အခါ ၎င်းလမ်းကိုလည်း BOT ပေးမည် မဟုတ်ပါကြောင်း၊ ဝန်ကြီးဌာနက ဆောင်ရွက်ပေးမည်ဟုလည်း ဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ နောက်တစ်ခုက ကျောက်မျက်လုပ်ငန်းရှင်များကနေပြီး ၎င်းလမ်းကို ငွေစိုက်ထုတ်ပြီး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ နောက်သတင်းစာတွင်လည်း ကချင်ပြည်နယ်အစိုးရ အဖွဲ့ကနေပြီးမှ EOI ခေါ်ထားခြင်းကိုလည်း တွေ့ရှိရပါကြောင်း၊ BOT ကလည်းပေးရန် မရှိပါကြောင်း၊ ဌာနကလည်း ဆောင်ရွက်မည်ဟု ပြောပါကြောင်း၊ ကျောက်မျက်လုပ်ငန်း ရှင်များကလည်း ခင်းမည်ဟု ဖြေကြားပါကြောင်း၊ ထို့ကြောင့် မည်သည့်အစီအစဉ်ဖြင့် ၎င်းလမ်းကြီးကောင်းလာမည်နည်း၊ မည်သည့်အချိန် လမ်းကောင်းသွားရမည်နည်း ဆိုသည်မှာလည်း မဲဆန္ဒရှင်များမေးသည့် မေးခွန်းပင်ဖြစ်ပါကြောင်း၊ ၎င်းလမ်းနှင့်ပတ်သက်ပြီး မိုးကောင်းနှင့် ဖားကန့်မြို့နယ်အဆက်ရှိ နမ့်ဟိုင်ကျေးရွာ တစ်လျှောက်တွင် တောင်ကျရေကြောင့် လမ်းကိုတိုက်စားပြီး လမ်းပျက်စီးမည့် အန္တရာယ်ကလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကွင်းဆင်းသည့်အခါ တွေ့ရှိခဲ့ရသည့် အခြေအနေကို တင်ပြလိုပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးသည် ဒေသလိုအပ်ချက်အများစု၏ သော့ချက် ဖြစ်ပါကြောင်း၊ ကျောင်းအဆင့်တိုးများ၊ ဆေးရုံ၊ ဆေးခန်းအဆင့်တိုးများ တင်ပြသည့်အခါတိုင်း ဝန်ကြီးဌာနများက ဖြေကြားသည်လည်း အနီးစပ်ဆုံးကျောင်း၊ ဆေးရုံများနှင့် ခရီးအကွာအဝေးပေါ် တွက်ချက်ခြင်းရှိပါကြောင်း၊ ထို့နောက် လမ်းကောင်းသည့် ချောမွေ့သောဒေသများတွင် အခက်အခဲမရှိသော်လည်း လမ်းဆိုးသည့် ဒေသများအတွက် အကွာအဝေးစံချိန် စံညွှန်းကလည်း အခက်အခဲဖြစ်နေပါကြောင်း၊ မိမိတို့ဒေသခံများ၏ စားဝတ်နေရေးကို တွယ်အားထားသည့်နေရာ နောက်ပြီး တိုင်းပြည်၏ဘဏ္ဍာငွေ အလုံးအရင်းနှင့် ဖြည့်တင်းပေးနေသော ဖားကန့်လမ်းကြီးနှင့် မိမိတို့တစ်မြို့နယ်လုံး အားကိုးအားထားပြုနေရသည့် မန္တလေး-ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းကို အဆင့်မြှင့်တင်လိုက်မည်ဆိုလျှင် တစ်မြို့နယ်လုံး၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စအဝဝကို မြှင်တင်ပေးရာရောက်မည် ဖြစ်သည့်အပြင် ဇလုံတောင်၊ အင်းတော်ကြီး၊ ဧရာဝတီမြစ်ဆုံစသည့် သမိုင်းဝင်အမွေအနှစ်နှင့် စပ်လျဉ်း၍ ပြည်တွင်းခရီးသွားလုပ်ငန်းများ တစ်နေ့တခြား တိုးတက်လာသည့် ခရီးသွားလုပ်ငန်းကိုပါ အထောက်အကူပြုမည် ဖြစ်သည့်အတွက် အဆိုပါ လမ်းပိုင်းများကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ကို မည်သည့်နှစ်မှ လျာထားဆောင်ရွက် ပေးမည်ဆိုသည်ကို သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မေးခွန်းက လမ်းနှစ်လမ်းအပိုင်း ဖြစ်ပါကြောင်း၊ တစ်လမ်းက မန္တလေး-ရွှေဘို-မြစ်ကြီးနား လမ်းအပိုင်း၊ ပြည်ထောင်စု လမ်းမကြီးအပိုင်းနှင့် ဒုတိယအပိုင်းက မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းအပိုင်း ဖြစ်ပါကြောင်း၊ ပထမလမ်းအပိုင်းဖြစ်သည့် မန္တလေး-ရွှေဘို-မြစ်ကြီးနား လမ်းအပိုင်း အဆိုပါလမ်း အပိုင်းသည် BOT ပေးရန် အစီအစဉ် မရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနကနေ ယခုဆိုလျှင် အဆိုပါ ရွှေဘိုကနေစတင်ပြီး လမ်းများကို အဆင့်မြှင့်တင်နေပြီ ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးထဲမှစတင်ပြီး အဆင့်မြှင့်တင်ပြီး မြစ်ကြီးနားထိ တောက်လျှောက် အဆင့်မြှင့်တင်သွားမည် ဖြစ်ပါကြောင်း၊ ထိုအပိုင်းက ရွှေဘို-မြစ်ကြီးနား (မိုးကောင်းမြို့နယ်အပိုင်း) သည် ၃၇၂.၅၆ က ၄၄၇.၁၉ မှ စုစုပေါင်း မိုးကောင်းမြို့နယ်အတွင်း  ၇၄.၆၃ ကီလိုမီတာ ရှိပါကြောင်း၊

အဆိုပါလမ်း၏ လက်ရှိအခြေအနေက ၅.၅ မီတာအကျယ်၊ ၂.၄၁ ကီလိုမီတာရှိသည့် AC လမ်းခင်းထားပြီး ဖြစ်သကဲ့သို့ ၁၂.၁၉ မီတာ၊ ၁.၂၁ ကီလိုမီတာရှိသည့် ကတ္တရာကွန်ကရစ်လမ်းနှင့် ၅.၅ မီတာအကျယ်၊ ၇၁ ကီလိုမီတာရှိသည့် ကတ္တရာလမ်းတို့ လက်ရှိရှိပါကြောင်း၊ ၎င်းလမ်းအပိုင်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ၃၇၄ မှ ၄၄၆ ကီလိုမီတာအတွင်း အရှည် ၁ ကီလိုမီတာ အကျယ်ရှိသည့် ၅.၅ မီတာ ကွန်ကရစ်လမ်းခင်းခြင်း၊ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ ကတ္တရာထပ်ပိုးလွှာကို ၄.၁ ကီလိုမီတာ ခင်းခဲ့ပါကြောင်း၊ RC Box Culvert နှစ်စင်း၊ တံတား ၁၃ စင်း၊ ချဉ်းကပ်လမ်း Gradient ဖြေညှိခြင်းနှင့် အဆိုပါ ချဉ်းကပ်လမ်းနှင့် တံတားများအပေါ် ကတ္တရာခင်းခြင်း လုပ်ငန်းများကို  လက်ရှိဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် လာမည့်နှစ် ဘဏ္ဍာရေးနှစ်အတွက်ကို ရန်ပုံငွေ ၄၀၅.၈၄၀ သန်း လျာထားပါကြောင်း၊ လျာထားတင်ပြထားပြီး စုစုပေါင်းအရှည် ၃.၂ ကီလိုမီတာ၊ အကျယ်ကတ္တရာလမ်း၊ ကတ္တရာထပ်ပိုးလွှာခင်းရန်နှင့် ၁.၄၄ ကီလိုမီတာကို  လမ်းမျက်နှာပြင် ဖြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျာထားတင်ပြထားပါကြောင်း၊

မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းအပိုင်းဖြစ်ပါကြောင်း၊ မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းအပိုင်းက ကချင်ပြည်နယ် အစိုးရအဖွဲ့က စီမံခန့်ခွဲသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်းကို ပထမဦးဆုံး BOT စနစ်ဖြင့် ဆောင်ရွက်ရန်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၉-၁-၂၀၁၉ ရက်နေ့တွင် Expression of Interest (EOI) ကို တင်ပြထားနိုင်ကြောင်း  ၈-၁၂-၂၀၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းကြော်ငြာခဲ့ပါကြောင်း၊ EOI အဆိုပြုလွှာကို ကုမ္ပဏီ ၃ ခုက လျှောက်ထားလာပါသဖြင့် လမ်းဦးစီးဌာန၊ စိစစ်ရွေးချယ်ရေး ကော်မတီဖြင့် စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘဏ္ဍာရေးပုံစံ (Financial Model) နှင့် ယခုလက်ရှိ စိစစ်လျက်ရှိပါကြောင်း၊ ၎င်းနေရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ထိုလမ်းပိုင်းကို အမြန်ဆုံး ကောင်းမွန်ချင်သည့်အတွက် EOI ခေါ်ခြင်းဖြစ်ပါကြောင်း၊ တစ်ချိန်တွင် မိမိတို့ ဖားကန့်လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးကနေပြီး ဖားကန့်မှာရှိသည့် ကျောက်စိမ်းလုပ်ငန်းရှင်များ စုပေါင်းပြီး လမ်းကိုလုပ်ပေးမည် ဆိုသည့်အတွက် မိမိတို့ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်နှင့် လုပ်ငန်းရှင်များ ညှိနှိုင်းပါသော်လည်း တကယ့်လက်တွေ့ ကုန်ကျစရိတ် များပြားသည်ကလည်း တစ်ကြောင်းကြောင့် အခက်အခဲများ အများကြီးရှိသည့် အတွက်ကြောင့် ယခု EOI ခေါ် ထားရသည့် ကော်မတီများနှင့် ဆက်လက်စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊

အဆိုပါလမ်းပိုင်း မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းသည် စုစုပေါင်း ၁၉.၃ ကီလိုမီတာရှိပြီး လောလောဆယ် ကျောက်ချောလမ်း အဆင့်သာရှိပါသေးကြောင်း၊ အဆိုပါလမ်းပိုင်းကို လောလောဆယ် လမ်းမျက်နှာ ပြင်များ ချောမွေ့စေရေးအတွက် ၉.၅ ကီလိုမီတာအရှည်အတွင်း ၈၅၀၀ စတုရန်းကီလိုမီတာကို လမ်းပေါက် ဖာထေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့်လည်းကောင်း၊ ပြည်ထောင်စု အထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၉.၅ မှ ၁၉.၃ အတွင်းမှာတော့ ၅၆၀၀ စတုရန်းမီတာကို လမ်းပေါက်ဖာထေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေတင်ပြ တောင်းခံထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။