ကြို့ကုန်းစိုက်ပျိုးရေးသုတေသနဗိမာန်တည်ဆောက်ရန် စိုက်ပျိုးရေးဌာနက သိမ်းယူခဲ့သောမြေများ အနက် မရမ်းကုန်းမြို့နယ်အတွင်းမှ အသုံးမလိုတော့သဖြင့် ပြန်လည်စွန့်လွှတ်သော မြေပိုင်ရှင်(၉၂)ဦး ၏စာရင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးပို့ခဲ့သော်လည်း ဆက်လက်ဆောင်ရွက်ခြင်းမရှိသဖြင့် ပိုင်ရှင်အများစုမှာ ပြန်လည်မရရှိသေးပါ၍ ပိုင်ရှင်မည်မျှကို ပြန်လည်ပေးအပ်ပြီးဖြစ်ပါသနည်း၊ ကျန်ရှိသောပိုင်ရှင်များကို ပြန်လည်ပေးအပ်မည့်အစီအစဉ်အား သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
၂၀၁၈ ခုနှစ် ဒီဇင်ဘာလက မေးခဲ့ပြီး ယခုချိန်ထိလေးလကြာမြင့်ခဲ့ပါကြောင်း၊ ကြို့ကုန်းစိုက်ပျိုးရေး သုတေသန ဗိမာန်တည်ဆောက်ရန် စိုက်ပျိုးရေးဌာနက သိမ်းသည့်မြေများ ရှိခဲ့ပါကြောင်း၊ သိမ်းယူသည့်မြေမှာ သိမ်းသူတစ်ယောက်ချင်းစီကို နှစ်ကြိမ်တိတိ စာပို့ပြီးသိမ်းယူခဲ့ပါကြောင်း၊ ၂၀၀၇ ခုနှစ် ရောက်သည့်အခါ အဆိုပါမြေများထဲက အသုံးမလိုသည့် မြေများရှိခြင်း၊ ထိုမြေများကို နိုင်ငံသားများ နာမည်နှင့်တကွ၊ မြေပုံနှင့်တကွ မရမ်းကုန်းမြို့နယ်ထဲတွင် ပြန်လည်စွန့်လွှတ်သည့် မြေများကို ဆက်လက်ဆောင်ရွက်ပါဆိုပြီးမှ မြို့နယ်အုပ်ချုပ် ရေးမှူးဆီကို စိုက်ပျိုးရေးဌာနက စာပို့ခဲ့ပါကြောင်း၊ အားလုံးပေါင်း ၉၂ ယောက်ရှိပြီး စုစုပေါင်းသိမ်းထားသည့်ဧက ၁၅၀၀ ကျော်တွင် ဧက ၅၂ ဧကကို ပြန်လည်စွန့်လွှတ်ခြင်း ဖြစ်ပါကြောင်း၊ သို့သော် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးက ဆက်မလုပ်သည့်အတွက် အဆိုပါမြေများကိုပိုင်ရှင်များက စွန့်လွှတ်ကြောင်းကို မသိရှိခဲ့ပါ။ သက်ဆိုင်ရာ စိုက်ပျိုးရေးဌာနကလည်း အုပ်ချုပ်ရေးမှူးဆီကို ပို့ထားသည့်စာကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ထားသနည်းဟု မေးမြန်းခြင်းမရှိခဲ့ပါကြောင်း၊ သိမ်းဆည်းသည့်အချိန်က ကိုယ်ထိလက်ရောက် စာနှင့်ပေနှင့်သိမ်းခဲ့ပြီး ပြန်လည်စွန့်လွှတ်သည့်အခါ မည်သည့်အတွက်ကြောင့် စာနှင့်ပေနှင့် တစ်ဦးချင်းစီအား အကြောင်းမကြားခြင်းကို စဉ်းစားသင့်ပါကြောင်း၊
၎င်းမြေများနှင့် ပတ်သက်၍ နိုင်ငံတော်ကထုတ်ပြန်ထားသည့် ကြေညာချက် ဖြစ်ပါကြောင်း၊ နံပါတ် (၂) တွင် စွန့်လွှတ်မြေများ နှောင့်နှေးကြန့်ကြာမှု မရှိဘဲ မူလပိုင်ရှင်များထံ အမြန်ဆုံးအပ်နှံပေးရန် ယခု ၂၀၀၇ ခုနှစ်က သိမ်းသည့်မြေသည် ယခု ၂၀၁၉ အထိ ၁၂ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါ မြေများတွင် အစိုးရကလည်း ၎င်းမြေကို စွန့်လွှတ်ပြီးပြီဆိုပြီး ပစ်ထားခြင်း၊ ပိုင်ရှင်ကလည်း မသိသည့်အတွက် ကျူးကျော်များ ဝင်ရောက်နေကြောင်း ရှိကောင်းရှိပါမည်။ နံပါတ် (၅) တွင် စွန့်လွှတ်မြေများအပေါ် ကျူးကျော်များ ဝင်ရောက်နေမှုကို ဝန်ကြီးဌာနများက လုပ်ထုံးလုပ်နည်း များနှင့်အညီ ရှင်းလင်းပေးရန်လည်း နိုင်ငံတော်သမ္မတရုံးက ကြေညာထားပြီးဖြစ်ပါကြောင်း၊
ထို့ကြောင့် အဆိုပါ စွန့်လွှတ်ထားသည့်မြေများ၊ ပိုင်ရှင်များအနက် မည်မျှလာရောက် ထုတ်ယူပေးခဲ့သနည်း။ ကျန်ရှိသည့် ပိုင်ရှင်များသိရှိအောင် မည်ကဲ့သို့ အမြန်ဆုံးကြေညာ ဆောင်ရွက်မည်နည်း၊ နောက်တစ်ခါ ပိုင်ရှင်များစစ်မှန်လျှင်လည်း အမြန်ဆုံးထုတ်ပေးရန်အတွက် ဝန်ကြီးဌာနက မည်ကဲ့သို့ကူညီမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၁၉၅၃ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှ မြေပိုင်ရှင် ၉၂ ဦးပိုင်ဆိုင်သည့် မြေဧရိယာ ၅၄.၃၃၆ ဧကကို ထိုစဉ်က မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ကြို့ကုန်းသုတေသနဗိမာန် တည်ဆောက်ရန်အတွက် သိမ်းယူခဲ့မှုရှိပါကြောင်း၊ ယင်းနှင့်စပ်လျဉ်းပြီး လယ်ယာနှင့်သစ်တော ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၁-၁၂-၁၉၇၈ ရက်စွဲပါစာအမှတ်၊ ၂၃၀(ခ) (၂)/၇၈ ဖြင့် ဥပဒေနှင့်အညီ မြေသိမ်းအမိန့်များ ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ သိမ်းယူခဲ့သည့် မြေဧရိယာ ၅၄.၃၃၆ ဧကအနက် ဌာနကအသုံးပြုသည့် မြေသည် ၁.၅၀၆ ဧကဖြစ်ပြီး အသုံးမပြုသည့်မြေမှာ ၅၂.၈၃ ဧကဖြစ်ပါကြောင်း၊ အသုံးပြုသည့်မြေ ၁.၅၀၆ ဧကပေါ် စိုက်ပျိုးရေးလုပ်ငန်း၊ မျိုးစေ့ဌာနခွဲ၊ မျိုးစေ့အရည်အသွေး ထိန်းသိမ်းရေး ဓာတ်ခွဲခန်း တည်ဆောက်အသုံးပြုခဲ့ပါကြောင်း၊ အဆိုပါ ၁. ၅၀၆ ဧကအနက် ဒေါ်မမကြီး+၂ ပိုင်မြေသည် ဝ.၀၄၈ ဧကဖြစ်ပြီး ဦးချစ်ဦး (ဦးပန်း၏သား) ပိုင်မြေသည် ၁.၄၅၈ ဧကဖြစ်ပါကြောင်း၊ ဒေါ်မမကြီး+၂ ပိုင်မြေ ဝ.၀၄၈ ဧကကို ၁၄-၅-၂၀၀၂ နေ့တွင် မြေပိုင်ရှင်၏ သဘောတူညီချက်အရ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ လျော်ကြေးပေးပြီး ဖြစ်ပါကြောင်း၊ ဦးချစ်ဦး (ဦးပန်းရဲ့သား) ပိုင်မြေ ၁.၅၄၈ ဧကကို စိုက်ပျိုးရေးဦးစီးဌာနမှ ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ကောလိတ္တော်အရာရှိထံကို ၁၄-၁၂-၂၀၁၈ ရက်နေ့တွင် အပ်နှံခဲ့ပြီးဖြစ်ပါကြောင်း၊ ကြို့ကုန်းစိုက်ပျိုးရေး သုတေသနဗိမာန် တည်ဆောက်သိမ်းယူခဲ့သည့် မြေများအနက် ဌာနက အသုံးမပြုသည့် မြေများကို သက်ဆိုင်သူများသို့ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ဌာနက အသုံးပြုသည့် မြေနှင့် မသုံးမပြုသည့် မြေစာရင်းကို ပြုစုပေးရန် မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ၅-၁-၂၀၀၇ ရက်စွဲပါ /စာအမှတ်၊ /ဦး-၁ ဖြင့် အကြောင်းကြားလာခဲ့မှု ရှိပါကြောင်း၊ ယခု အကြောင်းကြား လာခဲ့မှုအပေါ် အသုံးပြုသည့် မြေဧရိယာ ၁.၅၀၆ ဧကနှင့် အသုံးမပြုသည့် မြေ (ပြန်လည်ပေးအပ်နိုင်သည့်မြေ) ၅၂.၈၃၀ ဧက ရှိကြောင်း မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ မျိုးစေ့ဌာနခွဲမှ ၁၅-၁-၂၀၀၇ ရက်စွဲပါ စာအမှတ်၊ ၁၅-အခရ-၂၀၀၇/၃၅ နှင့် မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ အားလုံးစာရင်းပြုစု ပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း၊
လက်ရှိအခြေအနေထိ အဆိုပါအသုံးမပြုသည့်မြေ (ပြန်လည်ပေးအပ် နိုင်သည့်မြေ) ဧရိယာ ၅၂.၈၃ ဧကသည် စိုက်ပျိုးရေးဦးစီးဌာန (ယခင်မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း) မှ သိမ်းယူစာရင်းတွင် ပါဝင်ခဲ့သော်လည်း ယနေ့အချိန်ထိ ဌာနအနေဖြင့် လုံးဝအသုံးပြုခဲ့ခြင်းမရှိဘဲ အခိုင်အမာ လူနေရပ်ကွက်အဖြစ်သာ တည်ရှိနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်တွင် ပါရှိပါကြောင်း၊ သို့ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ကြို့ကုန်းစိုက်ပျိုးရေး သုတေသနဗိမာန် တည်ဆောက်ရန် သိမ်းယူခဲ့သည့် မြေနှင့်စပ်လျဉ်းပြီး ပြန်လည်ပေးအပ်ပြီးစီးမှု၊ ကျန်ရှိမြေကို ပြန်လည်ပေးအပ်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ၁၉၅၃ ခုနှစ်က ကြို့ကုန်းစိုက်ပျိုးရေး သုတေသန ဗိမာန်တည်ဆောက်ရန် သိမ်းယူခဲ့သည့် မြေများအနက်မှ ဌာနမှအသုံးပြုခဲ့သည့် မြေ ၁.၅၀၆ ဧကအတွက် မြေပိုင်ရှင်နှစ်ဦးကို ရှေ့တွင်တင်ပြခဲ့သည့်အတိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီ ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် ဌာနကအသုံးမပြုသည့် မြေ ၅၂.၈၃ ဧကနှင့် စပ်လျဉ်းပြီး မရမ်းကုန်းမြို့နယ်၊ အုပ်ချုပ်ရေးမှူးထံသို့ စာရင်းပြုစုပေးပို့ခဲ့ပြီး ဖြစ်သည့်အလျောက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ မူဝါဒလမ်းညွှန်ချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲဆောင်ရွက် ပေးသွားရမည့် ကိစ္စဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
ဦးရန်လင်း (ကျိုက်လတ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အဆိုပါ မြေများကို သက်ဆိုင်ရာဝန်ကြီးဌာနက ၂၀၀၇ ခုနှစ်ကတည်းက စွန့်လွှတ်ပြီးဖြစ်ပါကြောင်း၊ စွန့်လွှတ်ပြီးမြေများကို စွန့်လွှတ်သူလက်ထဲကို မရောက်ဘဲ ကာလကြာရှည်စွာ ပစ်ထားခဲ့သည့် ကိစ္စသည် သိမ်းဆည်းသွားသည့် မူလဝန်ကြီးဌာနတွင် တာဝန်ရှိသည်ဟု ယူဆပါကြောင်း၊ နောက်တစ်ခါ စွန့်လွှတ်ပြီးသားမြေများကို ပိုင်ရှင်များအနေဖြင့် သိမ်းဆည်းခံမြေ မဟုတ်သည့်အတွက် စွန့်လွှတ်ပြီးမြေများကို သက်ဆိုင်ရာဝန်ကြီးဌာနတွင် တောင်းရန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်ရန်အတွက် ပေးနိုင်ခြင်းရှိ/မရှိကို ဆက်စပ်မေးခွန်း မေးမြန်းခြင်း ဖြစ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
ဌာနကစွန့်လွှတ်ပြီး မြေများနှင့်ပတ်သက်ပြီး မိမိတို့သိမ်းဆည်းထားသည့် မြေများအနက် ဌာနမှ အသုံးပြုသည့် မြေများကို ချပ်လှပ်ပြီးမှ အသုံးမပြုသည့်မြေများကို သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ပြန်လည်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြန်လည်ပေးအပ်ခဲ့ပြီး ဖြစ်သည့်အလျောက် ထိုစဉ်က ကော်လိတ္တော်အရာရှိ လက်ထဲကို အပ်နှံပြီး ဖြစ်သည့်အလျောက် သိမ်းဆည်းခံမြေများကို ပြန်လည်ပြီး နဂိုမူလပိုင်ရှင်များကို ပြန်လည်ပေးအပ်ရန် အတွက်ကို ၎င်းတို့က ဆက်လက်စီမံခန့်ခွဲ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သိမ်းဆည်း ထားသည့် ဝန်ကြီးဌာနအနေဖြင့် အဆိုပါကိစ္စနှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆက်စပ်အကြောင်းကြား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းအား ရှင်းလင်း ဖြေကြားပါသည်။
