နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားမှုနှင့် ၂၀၁၈ ခုနှစ် မိုးစပါးနှင့်နွေစပါးပေါ်ချိန်များတွင် ရောင်းရန်/ ဝယ်ရန် အခြေခံစပါးဈေးနှုန်းကို မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်က ၆-၃-၂၀၁၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံဆန်းစပါး အသင်းချုပ်၏ အသင်းဝင် ဆန်စက်များ၊ ဆန်စပါးကုန်သည်များ၊ အကျိုးဆောင်များနှင့် ပုဂ္ဂလိကကုမ္ပဏီများမှာ သတ်မှတ် အရည်အသွေး၊ စံချိန်စံညွှန်းကိုက်ညီသည့် ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ကို ကျပ်ငါးသိန်းဈေးကို အခြေခံထားပြီး ဝယ်ယူရန် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ဈေးကွက်ပေါက်ဈေးသည် အခြေခံ ဈေးနှုန်းထက် ကျော်နေပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်ဖြစ်ပြီး နိမ့်နေလျှင် ငါးသိန်း အထိမြှင့်ပေးဝယ်ရန် ဖြစ်ပါကြောင်း၊ အခြေခံဈေးနှုန်း သတ်မှတ်ပေးခြင်းကိုလည်း တောင်သူလယ်သမားများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်၊ အကျိုးအမြတ်၊ ပြည်တွင်း ဈေးကွက်ဈေးနှုန်း၊ နိုင်ငံတကာဈေးနှုန်းစသည့် အခြေအနေများအပေါ်တွင် မျက်ခြေမပြတ် လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာ မိုးရာသီတိုင်းအတွက် ဖြစ်သင့်သည့် အခြေခံဈေးနှုန်းကို ရာသီအလိုက် ပေးသွားမည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါကြောင်း၊ ယခုနှစ် စပါးပေါ်ရာသီတွင်လည်း ယခင်နှစ်အတိုင်း အခြေခံဈေးနှုန်းကို စပါးတင်း ၁၀၀ ကို ကျပ် ငါးသိန်းနှုန်း ၄၆ ပေါင်ခန့်နှင့် ဝယ်ယူရန် ကြေညာချက်ထုတ်ပြန် ဝယ်ယူနိုင်သည်ဟု သိရပါကြောင်း၊
တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုသောစက်သုံးဆီ၊ ဓာတ်မြေသြဇာနှင့် လုပ်သားစရိတ်များမှာ ယခင်နှစ်အတိုင်း မဟုတ်ဘဲ သိသိသာသာ တိုးမြှင့်လာသည့်အတွက် တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များမှာ ယခင်နှစ်ကထက် များစွာကြီးမြင့် လာခဲ့ပါကြောင်း၊ ထွန်ယက်ခြင်းမှ စိုက်ပျိုးရိတ်သိမ်းပြီးသည့်အထိ ကုန်ကျစရိတ်မှာ ၂၉၁၅၀၀ ကျပ် ဖြစ်ပါကြောင်း၊ ယင်းမှာ ကျဲခင်းတစ်ဧက ကုန်ကျစရိတ်ပင် ဖြစ်ပါကြောင်း၊ စိုက်ခင်းဆိုပါက ပျိုးနုတ်ခ၊ ကောက်စိုက်ခ ထပ်ဖြည့်ပေါင်းရမည် ဖြစ်ပါကြောင်း၊ မိုးစပါးဆိုလျှင် ရေသွင်းခကို ပြန်နုတ်ရမည် ဖြစ်ကြောင်း၊ ဒေသအလိုက် စရိတ်အနည်းငယ် ကွာခြားနိုင်ပြီး ပျမ်းမျှတွက်ရလျှင် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု စရိတ်မှာ နှစ်သိန်းမှသုံးသိန်းအထိ ဖြစ်ပါကြောင်း၊
လယ်သမားများရောင်းချရသည့် အခြေအနေကို လေ့လာကြည့်သောအခါ တင်း ၁၀၀ ၏ အနိမ့်ဆုံးဈေးမှာ အချို့ဒေသများ၌ ၄၈၀၀၀၀ မှ ၅၀၀၀၀၊ နည်းနည်းစပါးပိုကောင်းလျှင် ၅၁၀၀၀၀၊ ၅၂၀၀၀၀ ရရှိသည်ဟု သိရပါကြောင်း၊ ဖော်ပြပါသတ်မှတ်ဈေး တင်း ၁၀၀ ကို ကျပ်ငါးသိန်းနှင့် ရောင်းရလျှင် တောင်သူလယ်သမားများမှာ အရင်းကြေရန်အတွက် တင်း ၅၀၊ ၆၀ ထွက်ရန် လိုအပ်ပါကြောင်း၊ စပါးဈေးတစ်ဧက အထွက်နှုန်းတွင် တင်း ၁၀၀ ပတ်ဝန်းကျင်၊ နွေစပါးတစ်ဧက အထွက်နှုန်းမှာ တင်း ၁၀၀ ပတ်ဝန်းကျင် ရှိနိုင်သော်လည်း လုပ်ကွက်ငယ် တောင်သူလယ်သမား အများစု၏ မိုးစပါးထွက်နှုန်းက တစ်ဧကကို တင်း ၅၀၊ ၆၀ ထွက်ရန် အလွန်ကောင်းမှ ရေတော်မိုးတော် ဖြစ်မှရပါကြောင်း၊ ယခုစပါး ပေါက်ဈေးနှင့်ဆိုလျှင် တောင်သူလယ်သမား များသည် နလန်မထူနိုင်ဘဲ အကြွေးသံသရာလည် နေအုံးမည်ပင် ဖြစ်ပါကြောင်း၊
နိုင်ငံံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသော ကျေးလက်နေပြည်သူများ၊ တောင်သူလယ်သမားများ အဆင်ပြေမှ စီးပွားတိုးတက်မှ တိုင်းပြည်စီးပွားတိုးတက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စပါးဈေးနှုန်းသည် သင့်တင့်သောဈေးနှုန်းဖြစ်နေရန် ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် သင့်တင့်သော အကျိုးအမြတ်နှင့် ပြည်တွင်းဈေးကွက်တွင် စားသုံးသူပြည်သူများလည်း ဝန်မဖြစ်သည့် ဈေးနှုန်းတစ်ရပ်ကို ပြန်လည်တွက်ချက် သတ်မှတ်သင့်ပါကြောင်း၊ ထို့ကြောင့် စပါး (၁) တင်းကို အနိမ့်ဆုံးဈေး (၅၀၀၀) ကျပ်နှုန်းအစား စားသုံးသူပြည်သူလူထု တစ်ရပ်လုံးလည်း မနစ်နာစေဘဲ ထုတ်လုပ်သူ တောင်သူလယ်သမားများပါ တွက်ခြေကိုက်သော စပါးဈေးနှုန်းတစ်ရပ် ဖြစ်ပေါ်ရေး စီစဉ်ဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ဖြစ်သော ကျေးလက်ဒေသနေ ပြည်သူအများစုမှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အခြေခံအသက်မွေး ဝမ်းကျောင်းလုပ်ငန်းအဖြစ် ဆက်နွှယ်မှီခို နေထိုင်ကြရခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့စိုက်ပျိုးရေးကဏ္ဍတွင် ဆန်းစပါးသည် အဓိကသီးနှံ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကစားသုံးသီးနှံဖြစ်သော လယ်ယာထွက်ကုန်များအနေဖြင့် အထဲမှာမှ ပြည်ပတင်ပို့မှုမှာ နိုင်ငံခြားငွေရှာဖွေ ပေးလျက်ရှိသည့် အဓိကသီးနှံပင်ဖြစ်ပါကြောင်း၊ မြန်မာ့ဆန်သည် နိုင်ငံ့စီးပွားရေးအတွက် အမျိုးသားရေးဂုဏ်သိက္ခာ အပိုင်းအတွက်ပါ အရေးကြီးသည့် ထုတ်ကုန်တစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံအဝန်း ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုအပိုင်းတွင် နည်းပညာ၊ မျိုး၊ အပံ့အပိုးများနှင့်အတူ စိုက်ပျိုးထုတ်လုပ်မှု စရိတ်အတွက် စိုက်စရိတ်ချေးငွေ အပိုင်းကိုလည်း မိမိ၏ဘဏ္ဍာ ငွေကြေးအင်အားအပေါ် အခြေခံပြီး တိုးမြှင့်ဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း၊
ပြည်တွင်းဆန်စားသုံးသူ ပြည်သူများအတွက်လည်း ထိုက်သင့်သော ဈေးနှုန်းဖြစ်ပြီး ဈေးနှုန်းမြင့်မားမှု မရှိစေရန် ထိန်းကျောင်းရန်ဖြစ်သကဲ့သို့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ အတွက်လည်း ဆန်စပါးစိုက်ပျိုးမှုတွင် ထုတ်လုပ်မှုကုန်ကျစရိတ်ကို ကာမိရုံမက အမြတ်အစွန်းရရှိစွာ ရပ်တည်နေနိုင်သည့် အခြေခံစီးပွားရေး လုပ်ငန်းတစ်ရပ် ဖြစ်စေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဤအခြေခံအချက်မှာ ဈေးနှုန်းအပိုင်းသည် အာမခံချက် ရရှိစွာ စိုက်ပျိုးနိုင်ရေးဖြစ်ပါကြောင်း၊ ထို့ကြောင့် အခြေခံဈေးနှုန်း သတ်မှတ်ပေးရန် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နေပြည်တော် MICC – II တွင် ကျင်းပပြုလုပ်သော မြန်မာ့ဆန်စပါး ကဏ္ဍဖွံ့ဖြိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ၌ စပါးစိုက်တောင်သူများ၏ အကျိုးစီးပွား မြှင့်တင်ဖော်ဆောင်ပေးနိုင်မည့် အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို တစ်တင်းလျှင် (၅၀၀၀) ကျပ်ဈေးနှုန်းနှင့် သတ်မှတ်ကြေညာခဲ့ခြင်း ဖြစ်ပါကြောင်း၊ စပါးအမျိုးအစားနှင့် အရည်အသွေးပေါ် မူတည်ပြီး ဈေးနှုန်းမှာအပြောင်းအလဲ ရှိနိုင်သော်လည်း စပါးအများဆုံး စိုက်ပျိုးထုတ်လုပ် ထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးများတွင် အခြေခံဈေးနှုန်းထက် မြင့်သည့်ဈေးနှင့်လည်း ရောင်းဝယ်မှုများ တွေ့ရှိခဲ့ရပါကြောင်း၊
အဆိုပါအခြေခံ စပါးဈေးနှုန်းကို ဈေးကွက်အနေအထား ပြောင်းလဲဖြစ်ပေါ်လာသည်နှင့်အညီ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို အဓိကရှေ့ရှုပြီး လိုအပ်သော အခြေအနေ၊ အချိန်အခါနှင့်လိုက်လျောညီစွာ ပြောင်းလဲသတ်မှတ်ရန်အတွက် စီမံဆောင်ရွက် ထားရှိပါကြောင်း၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ နိုင်ငံတကာဆန်းစပါးဈေးကွက်များ လေ့လာခြင်း၊ ဈေးနှုန်းအခြေခံများ သုံးသပ်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာကျွမ်းကျင်သူများ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်းစပါး အသင်းချုပ်တို့မှ ပုဂ္ဂိုလ်များပါဝင်သော ဆန်းစပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းပြီး၊ စောင့်ကြည့်ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊
တစ်ဆက်တည်းပင် ဆန်ကုန်သည်ကြီးများ၊ ဆန်းစပါးဆိုင်ရာအသင်းအဖွဲ့များ၏ ရောင်းဝယ် ဖောက်ကားမှု ရှင်သန်နေစေရေး၊ ဆန်ပို့ကုန်ဈေးကွက် အလားအလာအရ ပြည်တွင်းဆန်စပါး ဈေးအတက်အကျကို ထိန်းကျောင်းမှုနှင့်အတူ တောင်သူကြီးများ၏ စီးပွားရေးဘဝတိုးတက် လာစေရေး အစိုးရရော ဆန်စပါးလုပ်ငန်းနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များမှပါ တာဝန်ရှိသူများ အနေဖြင့် အမြဲလေ့လာဆန်းစစ် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊
သို့ဖြစ်၍ စပါးအခြေခံဈေးနှုန်းနှင့် စပ်လျဉ်းပြီး စိုက်ပျိုးထုတ်လုပ်သူများ၏ ထုတ်လုပ်မှုစရိတ်အပေါ် အခြေပြုပြီး ထုတ်လုပ်သူများလည်း အကျိုးအမြတ်ရှိစေ၊ စားသုံးသူများလည်း ထိုက်သင့်သည့် ဈေးနှုန်းနစ်နာမှု မရှိစေရန်အတွက် နှစ်စဉ်အခြေခံစပါးဈေးနှုန်းကို သတ်မှတ်နိုင်ရေးအပေါ် စီစဉ်ဆောင်ရွက် ထားရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမြင့်ဦး (သနပ်ပင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့ မြန်မာ့ဆန်းစပါးသည် နိုင်ငံံ၏အဓိက စီးပွားရေးဖြစ်သလို ဂုဏ်သိက္ခာနှင့်ဆိုင်သည်ဟုလည်း ဝန်ကြီးကဖြေကြားသွားပါကြောင်း၊ ဆန်းစပါးဈေးနှုန်းကို ပြန်ပြီးသတ်မှတ်ရန် ပြည်တွင်း/ပြည်ပ ဈေးကွက်တွင် အလွန်အရေးပါပါကြောင်း၊ မိမိတို့နိုင်ငံသည် ယခုဆိုလျှင် ပြီးခဲ့သည့်နှစ်က ၃.၆ သန်းတန်ထိ ရောင်းလာသည့်အတွက် ခေါင်းပြန်မော့လာသောအခြေအနေ ဖြစ်ပါကြောင်း၊ ပြည်ပဈေးကွက်တွင် IPT Cource နိုင်ငံက မိမိတို့ဆန်များ တန် ၁၈၀၀၀ ကို စားသုံးရန်မသင့်ဟု ဖျက်စီးလိုက်သည် ဆိုသည်ကိုလည်း သတင်းများတွင် ဆိုးရွားစွာတွေ့ရပါကြောင်း၊ ထို့ကြောင့် အဆိုပါ အချက်များနှင့်ပတ်သက်၍ ကြုံကြိုက်တုန်း ဝန်ကြီးဌာနက ဖြေရှင်းနိုင်လျှင် လွှတ်တော်ကို ရှင်းပြရန် လိုအပ်ပြီး ထိုသို့စိစစ်တွေ့ရှိသည့်အခါ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအောင်ထူးက ရှင်းလင်းချက်တစ်ခု ရှိပါကြောင်း၊ တန်ချိန်ပေါင်း ၂၂၀၀၀ သည် အာဖရိကကို တင်ပို့ရာတွင် ၄၀၀၀ သာ ပထမလက်ခံကြောင်း၊ ဘာကြောင့် ၄၀၀၀ သာ လက်ခံသလဲဆိုလျှင် အဓိက ဆန်ကီလို ၅၀ တွင် ၄၅ ကီလိုသာပါသည့် အချက်တစ်ချက်လည်း ပါပါကြောင်း၊ အရည်အသွေးမပြည့်မီ၍ ဖျက်စီးသည်ဆိုသည်မှာ ၎င်းတို့ဝယ်ယူသော လူများမှာ တာဝန်ရှိသည်ဟု မိမိတို့ဖြေရှင်း ထားသည်မှာ မှန်သော်လည်း မည်သည့်အတွက်ကြောင့် အဆိုပါကီလိုတွင် လျော့နည်း နေသည်ကိုလည်း မိမိတို့နောက်နောင် ဤကဲ့သို့ ပြဿနာများမဖြစ်မှ ဆန်စပါးဈေးကွက်သည် ပြည်ပမှာ ပြန်ပြီးခေါင်းမော့ နာလန်ထူလာမည် ဖြစ်ပါကြောင်း၊ ဤကိစ္စများနှင့်ပတ်သက်၍ တစ်ဆက်တစ်စပ်တည်း ရှင်းပြနိုင်ပါက ရှင်းပြစေလိုကြောင်း၊ မည်ကဲ့သို့ အရေးယူဆောင်ရွက် နေသနည်း၊ ထိုသို့ထပ်မဖြစ်အောင် ထပ်ဖြစ်လျှင် မည်ကဲ့သို့ အရေးယူမည်ကို သိရှိလိုကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မြန်မာ့ဆန်စပါးလောက ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်တည်တံ့ ခိုင်မြဲရန်အတွက် အလွန်အထောက်အကူပြုသော မေးခွန်းတစ်ရပ် ဖြစ်ပါကြောင်း၊ ဤကိစ္စပိုင်းတွင် နှစ်ပိုင်း ရှိပါကြောင်း၊ ဆန်စပါးအရည်အသွေး ပြည့်မီစွာ ထုတ်လုပ်နိုင်ရန်အပိုင်းနှင့် ကူးသန်းရောင်းဝယ်ရေး ပိုင်းတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ တင်ပို့ရောင်းချနိုင်ရေး အပိုင်းဟူ၍ ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး ထောက်ပြသွားသော လက်ရှိလတ်တလော ဖြစ်ပွားခဲ့သော IPT Cource အနေအထားသည် ဆန်တင်ပို့မှုလမ်းကြောင်း တစ်လျှောက်၏ အခြေအနေများအပေါ်တွင် ပြန်လည်ဆန်းစစ်သည့် အနေအထားတစ်ခုကို သက်ဆိုင်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြမ်းအားဖြင့် ဖျက်စီးခံရသော ဆန်များ၏အနေအထား မည်သည့်အတွက်ကြောင့်ဆိုသည့် အဖြေအကြမ်း ၎င်းတို့မှာ ရရှိပြီးသား ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီးကို မေတ္တာရပ်ခံလိုသည်မှာ မကြာမီ အချိန်အတွင်းတွင် ရရှိလာမည့်အဖြေကို သက်ဆိုင်ရာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်သူများအားလုံးကို ထုတ်ပြမည်ဖြစ်သည့်အတွက်ကြောင့် စောင့်စားပြီး ကြည့်ရှုလေ့လာ သုံးသပ်ပေးစေ လိုပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
